လူ့သဘာဝဆိုတာ အဲလိုပဲ။ အမျိုးတူတာတွေ စုပုံလာတတ်တယ်။ နိုင်ငံရေးသတင်းပူတွေ ဆုံကျတတ်တယ်။ ကျန်းမာရေးအရေးပေါ်တွေ ပေါ်တတ်တယ်။ ပေါက်ကွဲမှုတွေလဲ စုလာတတ်တယ်။ သာယာနာပျော်ဘွယ်တွေလဲ ဆက်တိုက်လာတတ်ပါတယ်။
ကိုယ့်မှာ အကျသဘော၊ အနုတ်သဘောဖြစ်နေတဲ့အခါ စိတ်အားတင်းရမယ်။ ပျော်စရာမှာလဲ မလွန်ကဲသင့်ပါ။ ဒါမှသာ နာစရာကြုံရင် သက်လုံကောင်းမယ်။ အဲတာဟာ တည်ငြိမ်မှုရအောင်ကြိုးစားနည်းဖြစ်တယ်။
လောကဓံဆိုတာ ဆင်းရဲတာ၊ ကဲ့ရဲ့ခံရတာ၊ အခြံအရံနည်းတာ၊ လာဘ်လာဘရှားပါးတာတွေချည်းမဟုတ်ပါ။ ချမ်းသာတာ၊ ချီးမွမ်းတာ၊ ခြွေအရံများတာ၊ လာဘ်ပေါတာတွေလဲပါတယ်။ ဒီလေးစုံအကုန်လုံးမှာ တည်ငြိမ်အောင် ကြိုးစားနေကြရတယ်။ လူတိုင်းမှာ အချိန်တိုင်းရဘို့ဆိုတာ လွန်မြောက်သူမဖြစ်သေးသ၍ မဖြစ်နိုင်ဘူး။ ဒါကြောင့် တည်ငြိမ်ပြီး ရင့်ကျက်မှုကိုသာ အချိန်တိုင်း (မိနစ်တိုင်း၊ စက္ကန့်တိုင်း) မှာ ကြိုးစားကြရတယ်။
စိတ်ပညာမှာ Maturity ရင်ကျက်မှုဆိုတာ မွေးရာပါမဟုတ်၊ လေ့လာသင်ယူရတယ်လို့ဆိုပါတယ်။ ဖြစ်လာ၊ တွေ့လာတာကို ဆီလျှော်အောင် တုန့်ပြန်နိုင်စွမ်းလို့ အဓိပ္ပါယ်ဖွင့်တယ်။ ကာလံဒေသံကိုလဲကြည့်ရတယ်။ ရည်ရွယ်ချက်၊ ဦးတည်ရာ၊ မှန်ကန်မှုတွေနဲ့အတူ အဓိပ္ပါယ်ရှိနေရမယ်။ ရင်ကျက်မှုက အသက်အရွယ်နဲ့ အချိုးကျချင်မှကျတယ်။ ငယ်ရွယ်သူတွေလဲ သူတို့ထက် အသက်ကြီးသူတွေထက် ရင့်ကျက်တည်ငြိမ်နိုင်ကြပါတယ်။
ဒေါက်တာတင့်ဆွေ
၇-၁-၂၀၁၅
Comments
Post a Comment