Skip to main content

ကျွန်တော်တို့ ဘယ်ရာစုနှစ်ထဲ ရောက်နေပါသလဲ

လွန်ခဲ့သော ၁၃ နှစ်က ဆရာ မောင်ဝံသရဲ့ ဆောင်းပါးပါ။ ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်တွင် ပါရှိသည့် မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။ 

(ကူးယူတင်ပြတာ ဖြစ်ပါတယ်။)

(စ)

ကျွန်တော် စင်ကာပူကို စတုတ္ထအကြိမ်သွားပြီး ဆေးပြန်စစ်နေလို့ ပြီးခဲ့တဲဲ့အပတ်က ဆောင်းပါး မရေးနိုင်ခဲ့တာ တောင်းပန်ပါတယ်။ ကျွန်တော့် ကျန်းမာရေးကတော့ ဆေးကုသမှုခံယူနေဆဲလို့ပဲ အစီရင်ခံပါရစေ။ လူကတော့ ကီမို ဆေးသွင်းနေတဲ့ ရက်ပိုင်းတွေကလွဲလို့ နေကောင်းနေတာပါပဲ။ သို့ပေမယ့် အဲဒီရက်တွေမှာ မိမိကိုယ်ခံအားက အရမ်းကျဆင်းနေတာ ဖြစ်လို့ လူများများ စုဝေးတဲ့နေရာတွေကို မသွားဖို့၊ အနံ့အသက်တွေကို ရှောင်ဖို့ ဆရာ၀န်များက ညွှန်ကြားထားပါတယ်။ သည့်အတွက် သွားသင့်လာသင့်တဲ့နေရာတွေကို မသွားနိုင်ဘဲ လူမှုရေးတာ၀န် ပျက်ကွက်ရတာတွေကို မိတ်ဆွေများက နားလည် ခွင့်လွှတ်ပေးကြပါ။

ကျွန်တော်က ယခုအချိန်မှာ အရင်က နေထိုင်ခဲ့တဲ့ ၃၃လမ်း ဒေါင်းစာပေ မြေညီထပ်အခန်းမှာ မနေတော့ဘဲ ဘားလမ်း အထက်လမ်းက သမီးကြီးရဲ့ ခြောက်ထပ်အခန်းမှာ ပြောင်းနေတာ မသိသေးတဲ့ ကျွန်တော်နဲ့ တွေ့ချင်၊ သတင်းမေးချင်သူ မိတ်ဆွေရင်းချာများက ဒေါင်းစာပေကိုပဲ  ဆက်သွယ် တတ်ကြပါတယ်။ လာလည်ချင်တဲ့ ဧည့်သည်များက ဖုန်းဆက် ချိန်းဆိုတဲ့အခါ သမီးလတ်က လာလည်မည့်သူကို နေကောင်းရဲ့လား အရင်မေးရပါတယ်။ဖျားနာ ချောင်းဆိုး တမျိုးမျိုးနဲ့ နေထိုင်မကောင်း ဖြစ်နေတယ်ဆိုရင်တော့ ဖေဖေနဲ့ မတွေ့ပါနဲ့ဦး၊ နေကောင်းမှ ထပ်ချိန်းပြီး လာပါရှင်လို့ တောင်းပန်ရပါသတဲ့။

တနေ့ကတော့ အဲသလို ကြိုတင်ဖုန်းဆက်ပြီး တွေ့ချင်ကြောင်း လှမ်းပြောတဲ့ ဧည့်သည်တယောက်ကို သမီးက မမှတ်မိဘူး၊ နောက်တော့ အဲဒီလူက သတင်းထောက်စျာန်ရခေါ်  ဦးစိုးမင်းရဲ့ သားကြီးပါလို့ပြောတော့မှ တအံ့တသြနဲ့ ဖုန်းဆက်မေးပေးပါ့မယ် ပြောပြီး ကျွန်တော့်ဆီ လှမ်းဆက်တယ်။ သူက ဂျာမနီပြန်တော့မှာမို့ မပြန်ခင် တွေ့သွားချင်တယ်ပြောလို့ ည ၈နာရီခွဲမှာ လာပါလို့ ချိန်းလိုက်ရပါတယ်။

ဆရာစျာန်ရ သားကြီး လာမယ့်အချိန်ကိုစောင့်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေကို လွမ်းဆွတ်တသ သတိရမိတယ်။ ကျွန်တော့်ရဲ့ စာပေဘ၀၊ သတင်းစာသမားဘ၀ ပြန်ပြောင်းသတိရချက်များ ပထမပိုင်းလို့ ဆိုနိုင်တဲ့ {ဝေါမြို့က လာခဲ့တယ်} စာအုပ် (ဒေါင်းစာပေ၊ ၂၀၁၀)မှာ ပီဂျီစိုးမင်းခေါ် သတင်းထောက်စျာန်ရ အကြောင်း ရေးလို့ရသမျှ ကျွန်တော် ထည့်သွင်းရေးသားခဲ့ပါတယ်။ သူဟာ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတိုက်ကို ကျွန်တော် အလုပ်သင်အဖြစ် စတင်၀င်ရောက်ချိန် (၁၉၆၄ နို၀င်ဘာလ)ကစပြီး ကျွန်တော့်ရဲ့ အနီးကပ် ဆရာ၊ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေရင်း၊ ရဲဘော်ရင်းတယောက်အဖြစ် စောင့်ရှောက်ခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော့်ဘ၀မှာ အင်မတန် မမေ့အပ်တဲ့ လူပုဂ္ဂိုလ်တယောက်ပါပဲ။

သူ့အကြောင်း ကျွန်တော်သိသလောက်က ပဲနွယ်ကုန်းဇာတိ၊ ပဲခူးအမျိုးသားကျောင်းက အထက်တန်းအောင်တယ်။ ကျွန်တော်လည်း အဲဒီကျောင်းထွက်ပါပဲ။ ဦးစိုးမင်းက ကျွန်တော့်ထက် ၁၂နှစ်ကြီးတော့ စီနီယာကြီးပေါ့။ သူ ရန်ကုန်တက္ကသိုလ် ဆက်တက်ရင်း ကျောင်းသား လှုပ်ရှားမှုတွေမှာ ပါ၀င်တယ်။ သူက ရှေ့ထွက်တဲ့ ကျောင်းသားခေါင်းဆောင် မဟုတ်ဘဲ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ယူဂျီတယောက်အဖြစ် ပါ၀င်ခဲ့တာပါ။ ကျောင်းစရိတ်အတွက် တက္ကသိုလ်ဆေးရုံမှာ စာရေး၀င်လုပ်ရင်း တကသနဲ့ နီးနီးနားနားမှာ နေထိုင် လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ သူတို့ခေတ်က ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးဘကောင်း၊ ဦးဇော်၀င်းတို့နဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်ခဲ့ပါတယ်။  

ဦးစိုးမင်းဟာ ဆရာကြီး ထွန်းနေ့စဉ် ဦးထွန်းဖေ တည်ထောင်တဲ့ ထွန်းနေ့စဉ်သတင်းစာမှာ ၁၉၅၅ ခုနှစ်က စတင်အလုပ်လုပ်ခဲ့တယ်။  (ဦးထွန်းဖေဟာ နှယ်နှယ်ရရ မဟုတ်ပါ။ သူ့အကြောင်း ကျွန်တော့် ရဲ့  {ရှာမှ ရှားတဲ့ နိုင်ငံရေးသမား} စာအုပ်မှာ အတော်ကလေး ရေးခဲ့ဖူးပါတယ်။ သူဟာ လွတ်လပ်ရေးခေတ်ဦး ၀န်ကြီးချုပ် ဦးနုရဲ့ အစိုးရအဖွဲ့၀င် ၀န်ကြီးတဦး ဖြစ်ခဲ့တယ်။ နောက်တော့ ဦးနုကို ဘ၀ရှင်မင်းတရားကြီးလို ဖြစ်လာပြီလို့ ဝေဖန်ကာ ၀န်ကြီးအဖြစ်မှ နှုတ်ထွက်ခဲ့ပါတယ်။  ၁၉၂၀ တက္ကသိုလ်သပိတ်ကြီးရဲ့ ခေါင်းဆောင်တဦးဖြစ်ခဲ့ပြီး ကျောင်းက ထွက်တော့ သူရိယသတင်းစာ သတင်းထောက်၊ အယ်ဒီတာအဖြစ် စစ်ကြိုခေတ်ကတည်းက ထင်ရှားတဲ့ သတင်းစာဆရာတယောက် ဖြစ်ခဲ့ပါတယ်။) ပီဂျီစိုးမင်းဟာ ထွန်းနေ့စဉ် သတင်းစာမှာ လေးငါးနှစ်လောက် အယ်ဒီတာလုပ်ခဲ့ပြီး ဦးနုလက်ထက် ထွန်းနေ့စဉ် သတင်းစာအပိတ်ခံရပြီး ဦးထွန်းဖေ အဖမ်းခံရချိန်မှာ  ပြည်ထောင်စုသတင်းစာ၊ အဲဒီကနေ ယု၀တီသတင်းစာစသည်ဖြင့် ပြောင်းရွှေ့ခဲ့တယ်။

၁၉၆၂ခု ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ထောင်တော့ တကယ် ဆိုရှယ်လစ်လမ်းစဉ်သွားတော့မယ်လို့ ယုံကြည်စိတ်နဲ့ ဦးစိုးမင်းဟာ တော်တော် စောစောပိုင်းမှာကို ပါတီ၀င်ခဲ့တယ်။ အဲဒါကြောင့်လဲ ဗဟိုနိုင်ငံရေးတက္ကသိုလ် ကေဒါသင်တန်း တတိယပတ် တက်ရောက်ခဲ့ရတယ်။ သင်တန်းဆင်းပြီးတာနဲ့ အစိုးရသတင်းစာ လုပ်သားပြည်သူ့နေ့စဉ်ကို ကေဒါတယောက်အနေနဲ့ တာ၀န်ပေးစေလွှတ်ခြင်းခံရသူ ဖြစ်ပါတယ်။ သူဟာ ဗိုလ်တထောင်မြို့နယ် ပါတီယူနစ်နယ်မြေအတွင်းရှိ လုပ်သားပြည်သူ့နေ့စဉ် (မြန်မာ+အင်္ဂလိပ်)နဲ့ မြန်မာ့သတင်းစဉ် (ပြည်တွင်း+ပြည်ပ)တို့ ပါ၀င်တဲ့ ပါတီစိတ်မှာ ပါတီစိတ်မှူး ဖြစ်လာတယ်။ ပါတီတာ၀န်အရ အယ်ဒီတာချုပ် တွေကတောင် သူ့ကို လေးစားခန့်ညားရတယ်။ ပါတီတာ၀န်ရှိသူတယောက် အနေနဲ့ စောင့်ထိန်းသောအားဖြင့် သူ အလွန်ကြိုက်နှစ်သက်တဲ့ ယမကာ မှီဝဲခြင်းကို ၁၀နှစ်နီးနီးလောက် လုံး၀ ရှောင်ကြဉ်နေခဲ့သူ ဖြစ်ပါတယ်။  သို့ပေမယ့် ၁၉၇၃ မှာ ပိုလန်၊ ဆိုဗီယက်စတဲ့ အရှေ့ဥရောပ ကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံတွေကို မြန်မာသတင်းစာကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး အဖြစ် လိုက်ပါသွားပြီး ပြန်လာချိန်ကစလို့  သူ အပြောင်းလဲကြီး ပြောင်းလဲ သွားပါတော့တယ်။ (မှတ်မှတ်ရရ ဦးစိုးမင်းတို့အဖွဲ့ကို ထိုစဉ်က အဖွဲ့ ခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သူက ဟံသာ၀တီ ဦး၀င်းတင် ဖြစ်ပါတယ်။) ဦးစိုးမင်း အရက်ပြန်သောက်တယ်။ လုပ်သားပြည်သူ့နေ့စဉ်မှာ သူ ပင်တိုင်ဆောင်းပါးတွေ ရေးတော့ ကလောင်နာမည်ကို သတင်းထောက် စျာန်ရလို့ ပေးတယ်။ စျာန်ရနာမည်ယူထားတဲ့အတိုင်း  သတင်းစာ ညဖောင်ပိတ်ချိန်နောက်ပိုင်း အမူးသောက်တော့တာပါပဲ။ 

၁၉၇၀နှစ်များ စောစောပိုင်းက လုပ်သားပြည်သူ့နေ့စဉ်သတင်းစာပါ သတင်းထောက်စျာန်ရ ဆောင်းပါးတွေကို အတော်လူကြိုက်များကြပါတယ်။ သူ့ဆရာရင်း ထွန်းနေ့စဉ် ဦးထွန်းဖေရေးခဲ့ဖူးတဲ့ စတိုင်အတိုင်း အကြောင်းအရာတခု စာတပိုဒ်၊ သရော်စာလိုလို၊ ဝေဖန်စာလိုလို၊ ဆက်တွေးစရာတွေ အများကြီးချန်ပြီး ရေးတတ်ပါတယ်။

သူ့ရဲ့ လူသိများတဲ့ မူလကလောင်အမည်က ပီဂျီစိုးမင်းပါ။ ပီဂျီဆိုတာ ဘာလဲမေးရင် သူဖြေချင်သလိုဖြေတယ်။ ပဲနွယ်ကုန်းသားမို့လို့ ပီဂျီလို့ အတိုကောက် ရေးတာလို့ ပြောသလို ကမ္ဘာကျော် စာရေးဆရာကြီး ပီဂျီဝု(ဒ်)ဟောက်(စ်)ကို ကြိုက်လွန်းလို့ ယူထားတာလို့ ပြောချင် ပြောတယ်။ ကျွန်တော့်ကိုကျတော့ တိုးတိုးကြိတ်ပြောတယ်။ ပီဂျီဆိုတာ ပြည်သူ့ပြောက်ကျား (People's Guarilla)ကို ဆိုလိုတယ်။ ဒါပေမယ့် ဒါက လူသိခံလို့ မဖြစ်ဘူးလို့ ပြောပါတယ်။  

ကျွန်တော်က ပီဂျီကြီး ပြန်သောက်တဲ့အချိန်မှာ မြန်မာ့အလင်း သတင်းစာတိုက်ကို အယ်ဒီတာရာထူးနဲ့ ပြောင်းရွှေ့လာတာ သုံးနှစ်လောက်ရှိပါပြီ။ သူမူးလာရင်  ဆိုးတိုင်ပင် ကောင်းတိုင်ပင်ဖြစ်နေတဲ့ ကျွန်တော့်ကို ဖုန်းဆက် ချိန်းတယ်။ ညသန်ကောင်ကျော်မှ ကျွန်တော်တို့ ဆုံမိကြပြီး ချောင်ကျကျ ဆိုင်တဆိုင်မှာ သွားထိုင်ကြတယ်။ ထပ်သောက်ပြီး သူ့ရင်ထဲ ဖြစ်နေတာတွေ ဖွင့်အန် တော့တာပါပဲ။  ဆိုရှယ်လစ် နာမည်ခံပြီး အာဏာရှင်စနစ် ကျင့်သုံးနေသမျှ ငါတို့တွေ ဘယ်တော့မှ ဆိုရှယ်လစ် ပန်းတိုင်ရောက်တော့မှာ မဟုတ်ဘူး။ နိုင်ငံရေးအရ ထိန်းညှိဖို့ အတိုက်အခံပါတီ ရှိရမယ်။ စီးပွားရေးမှာ နယ်စပ်ကုန်သွယ်ရေးတွေ ဖွင့်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ လွတ်လပ်စွာ ကူးသန်းရောင်း၀ယ်ခွင့်ပေးရမယ်။ ခုအတိုင်း တံခါးပိတ် စီးပွားရေးပုံစံနဲ့ဆိုရင် ငါတို့တိုင်းပြည်ပျက်ပြီ စတာတွေ ပြောတယ်။

၁၉၇၄ခု ဦးသန့်အရေးအခင်းနောက်ပိုင်းမှာတော့ စျာန်ရကြီး ပို၍ပေါက်ကွဲလာပါတယ်။ နောက်ဆုံး ၁၉၇၅ နှစ်ကုန်လောက်မှာ ဦးနေ၀င်းဆီ အကြံပေးစာတစောင် ရေးပို့လိုက်တယ်။ သုံးပတ်လောက်အကြာမှာ သူ့ကို ဦးနေ၀င်းက ခေါ်တွေ့တယ်။ တနာရီကျော် ကြာတယ်တဲ့။ ထိုစဉ်က ညွှန်ချုပ် ဦးသာထွန်းက မှတ်တမ်းလိုက်ရေးတယ်။ ဒါတွေက နောက် သူ ပြန်ပြောပြတာတွေပါ။ ကိုစျာန်ရက အဓိကနှစ်ချက်တင်ပြတယ်။ (၁) ၁၉၇၈ ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံပါတီတခု တည်ထောင်ခွင့်ပြုပြီး နှစ်ပါတီ စနစ်နဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးဖို့၊ (၂) နယ်စပ်ကုန်သွယ်ရေးတွေဖွင့်ပြီး ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ ဖော်ထုတ်ဖို့ တင်ပြခဲ့တယ်။ ဦးနေ၀င်းက ထုံးစံအတိုင်း "စဉ်းစားသင့်တဲ့ အချက်တွေပဲ၊ စဉ်းစားကြသေးတာပေါ့"လို့ ပြောလိုက်တာကို ကိုစျာန်ရက အဟုတ်ကြီးထင်ပြီး တက်ကြွစွာ မျှော်လင့်နေခဲ့တယ်။ တိုတိုပြောရရင် သူ မျှော်လင့်တာတွေ ဘာတခုမှ ဖြစ်မလာတဲ့အပြင် သူ့ကို ထောက်လှမ်းရေးက နှစ်ကြိမ်မက ခေါ်ခေါ်သွားပြီး သူ့ရဲ့ စျာန်ရဆောင်းပါး တချို့ထဲက အဓိပ္ပာယ်ဝှက်နဲ့ ရေးထားတဲ့ စာပိုဒ်တချို့ဟာ ဘာကို ပြောချင်တာလဲ၊ ဘာဘာညာညာစတာတွေ လျှောက်မေးပြီး အပြစ်ရှာ အမှုဆင်မယ့် အလားအလာတွေ ဖြစ်လာပါတော့တယ်။

နောက်ဆုံးတော့ သူ့ခမျာ ၁၉၇၆ နှစ်ကုန်ခါနီးလောက်မှာ မိသားစုပါ ခေါ်ပြီး ကရင်ပြည်နယ် ကေအင်ယူနယ်မြေ တောလမ်းက ဖြတ်လို့ ထိုင်းနယ်စပ်ကို ထွက်ပြေးရတော့တယ်။ သူ ပြေးပြီဆိုတာ သိသွားပြီး မကြာပါဘူး။ ထောက်လှမ်းရေး (၇)က ကျွန်တော့်ကို ခေါ်ပြီး သူနဲ့ပတ်သက်တဲ့ စစ်ချက်တွေ ယူပါတယ်။ စျာန်ရစာအုပ်တွေ ထုတ်ဝေခဲ့တဲ့ စပယ်ဦး ဦးတင်စိုးလည်း ခေါ်ယူစစ်ဆေးခံရသေးတယ်။ ကျွန်တော်က အမေရိကန်နိုင်ငံ မစ်ရှီဂန်တက္ကသိုလ်ကို သတင်းစာပညာ ဖဲလိုးရှစ်သင်တန်း သွားတက်ဖို့ ရွေးချယ်ခံထားရပြီးသား အချိန်မှာ ခုလို စစ်ဆေးခံရတော့ ပြည်ထဲရေးက ကျွန်တော့်ကို ပတ်စပို့ မပေးဖို့ ကန့်ကွက်တာနဲ့ ကြုံရပါသေးတယ်။ နောက်တော့ ပြန်ကြားရေး၀န်ကြီးက တာ၀န်ယူပါတယ်လို့ ထောက်ခံချက်ပေးလို့ ပတ်စပို့ ရခဲ့ပါတယ်။

ကျွန်တော် မစ်ရှီဂန်ရောက်ပြီး သုံးလလောက်အကြာမှာAsia Week စာစောင်မှာ ဦးစိုးမင်းတို့ မိသားစုဓာတ်ပုံတွေနဲ့ ထိုင်းနယ်စပ်ရောက်နေတဲ့ မြန်မာ ပြည်ပြေး သတင်းစာဆရာအကြောင်းဆိုပြီး ပါလာပါတယ်။ ဦးနေ၀င်းနဲ့ တွေ့ဆုံအကြံပေးခဲ့ပုံ၊ ဘာမှ ထူးခြားမှုမရှိလို့ စိတ်ပျက်ပြီး ထွက်လာခဲ့ပုံတွေ ရေးထားပါတယ်။ နယ်စပ်မှာ ဒုက္ခရောက်နေတာတွေကိုပါ သိရလို့ သူ့မိတ်ဆွေရင်းချာများအဖြစ် ကျွန်တော် သိထားတဲ့ အမေရိကန် သတင်းစာဆရာတချို့ကို ကျွန်တော် ဖုန်းနံပါတ်တွေ ရအောင် စုံစမ်းပြီး အကြောင်းကြား ခဲ့သေးတယ်။ သူတို့လည်း တတ်နိုင်သလောက်ကူညီမယ် ပြောပေမယ့် မအောင်မြင်ပါဘူး။ ထိုင်းက အမေရိကန်သံရုံးက ကိုစျာန်ရကို ခိုလှုံခွင့် မပေးဘဲ နောက်ဆုံးတော့ ဂျာမနီနိုင်ငံ (ထိုစဉ်က အနောက်ဂျာမနီ)က နိုင်ငံရေး ဒုက္ခသည်အဖြစ် လက်ခံလိုက်ပါတယ်။ သူဟာ ဥရောပရောက်ရောက်ချင်း မြန်မာပြည်ပြေးများအဖွဲ့ Political Exiles of Burma ဆိုတဲ့အမည်နဲ့ အဖွဲ့တဖွဲ့ တည်ထောင်တဲ့အကြောင်း၊ ပြည်ပြေးအင်အား ၄၀လောက်ရှိကြောင်း ဘီဘီစီ သတင်းတပုဒ် ကြေညာတာ ကြားလိုက်ရတယ်။

၁၉၈၀ပြည့်နှစ် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ဦးနုအပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေ ပြန်လာကြချိန်မှာ သူပြန်လာမလားလို့ ကျွန်တော် မျှော်မိသေးတယ်။ လူတော့ မလာဘဲ ဂျာမနီကနေ စာရှည်ကြီးတစောင် ကျွန်တော့်ဆီ ရေးလိုက်ပါတယ်။ မြန်မာပြည်မှာ အတိုက်အခံပါတီ တည်ထောင်ခွင့်ရှိပြီး လွတ်လပ်စွာ နိုင်ငံရေးလှုပ်ရှားခွင့် မရှိသမျှ၊ စာနယ်ဇင်း လွတ်လပ်ခွင့် မရှိသမျှ သူပြန်လာမည်မဟုတ်ဘူးလို့ အတိအလင်း ရေးလိုက်တာ ပါ။ ခင်ဗျားဆီ အခု ရေးလိုက်တဲ့စာကို ထောက်လှမ်းရေးတွေက ဖောက်ဖတ်ပြီး ဖြစ်လိမ့်မယ်၊ ခင်ဗျားဆီ ရောက်လို့ ဖတ်ပြီးရင် ထောက်လှမ်းရေးကို အပ်လိုက်ပါ။ မအပ်ရင် ခင်ဗျား ဒုက္ခရောက်လိမ့်မယ်လို့လဲ ရေးထားတယ်။ ကျွန်တော်ကတော့ ထောက်လှမ်းရေးကို မအပ်ဘဲ ပြန်ကြားရေး၀န်ကြီးဌာနကို အပ်လိုက်ပါတယ်။ ၀န်ကြီးဌာနကပဲ ကျွန်တော့်ကို တကြိမ်ခေါ်ပြီး ဦးစိုးမင်းနဲ့ ပတ်သက်ခဲ့ပုံတွေ နည်းနည်းပါးပါး မေးမှတ်ပါတယ်။

အဲဒီစာထဲမှာ ကျွန်တော်မမေ့နိုင်တဲ့ တင်စားချက်တခုကို တွေ့လိုက်တယ်။ "ကျုပ် ကိုယ့်တိုင်းပြည်က ထွက်လာတော့မှ ၂၀ရာစု ကမ္ဘာကြီးထဲကို တကယ် ရောက်သွားတာ သိလိုက်ရတယ်။ မြန်မာပြည်ဟာ ၂၀ရာစု ကမ္ဘာကြီးထဲက နိုင်ငံတနိုင်ငံ ဆိုပေမယ့် တကယ်က ၁၉ရာစုထဲမှာပဲ ရှိနေသေးတာ ရင်နာစရာပါ။ ဒီလို ဖြစ်ရတာ ပြည်သူတွေနဲ့ ဘာမှ မဆိုင်ဘူး။ အဓမ္မ စိုးမိုးအုပ်ချုပ်ပြီး တိုင်းပြည်ကို ပျက်အောင် ဖျက်ဆီးသူတစုကြောင့် ဖြစ်ခဲ့ရတာလို့ ကျုပ်ပြောရဲတယ်။ ခုဆိုရင် ကျုပ်ရဲ့သားသမီးတွေ၊ နောက်မျိုးဆက်တွေဟာ သူများနည်းတူ ၂၀ရာစုလူသားတွေ ဖြစ်လာတော့မယ်။ အဲဒါ နေရိပ်လာမှာကို နေပူထဲက မစောင့်ဘဲ နေရိပ်ရှိတဲ့နေရာကို ရောက်အောင် သွားလိုက်လို့ပဲ မဟုတ်လား။ ခင်ဗျားတို့ကတော့ ၁၉ရာစုထဲကနေ ၂၀ ရာစုထဲရောက်ဖို့တောင် နှစ်ပေါင်း ဘယ်လောက် စောင့်ကြရမလဲမသိဘူး။ ကျုပ်ကတော့ မြန်မာပြည်မှာ လွတ်လပ်တဲ့ သတင်းစာတစောင် ထုတ်ဝေနိုင်တဲ့အချိန်ကျမှ ပြန်လာတော့မယ်ဗျို့"

နောက်ပိုင်း သူ့သတင်း မကြားတော့ဘဲနေရာက ဦးစိုးမင်းဟာ ၁၉၈၃ခုမှာ ဘွန်းမြို့ဆေးရုံတခုမှာ ခွဲစိတ်ကုသမှု ခံယူရင်း ကွယ်လွန်သွားကြောင်း အသံလွှင့်ဌာနတချို့မှာ ပါလာတာ ကြားလိုက်ရပါတယ်။

ဦးစိုးမင်းရဲ့သားကြီးဟာ ချိန်းထားတဲ့ အချိန် အတိအကျ ည ၈နာရီခွဲမှာ ရောက်လာပါတယ်။ ရန်ကုန်နေ သူ့ဆွေမျိုးသားချင်းတချို့လဲ ခေါ်လာသေး တယ်။ သူ့ကို ဘယ်လိုမှ မမှတ်မိတော့ဘူး။ သူတို့ထွက်သွားတုန်းက ၁၄နှစ်သား လောက်၊ အခု ၄၈ နှစ်ရှိပြီ။ အင်ဂျင်နီယာကြီးတယောက် ဖြစ်နေပြီ။ သူကတော့ မြန်မာမိန်းကလေးတယောက်နဲ့ အိမ်ထောင်ကျတယ်။ သူ့အောက်က ညီနဲ့ နှမလေးကတော့ ဂျာမန်နဲ့ပဲ အကြောင်းပါကြတယ်။ သူ့အမေနဲ့ သူနဲ့ ၁၉၉၆ခု Visit Myanmar Year မှာ ဂျာမနီက မြန်မာ သံအမတ် ထောက်ခံချက်နဲ့ မြန်မာပြည် ပြန်လာလည်ကြသေးတာ ပြောပြလို့ အံ့သြရသေးတယ်။ အဲဒီတုန်းက ကျွန်တော်က ထောင်ထဲရောက်နေတာရယ်၊ သူတို့နောက်က ထောက်လှမ်းရေး နှစ်ယောက် လိုက်စောင့်နေတာရယ်ကြောင့် ကျွန်တော့်အိမ်ကို မလာနိုင်ခဲ့တာ ပြောပြတယ်။ "မင်းတို့ ဒီကို ပြန်လာနေဖို့ စိတ်ကူး ရှိလား"လို့ မေးကြည့်တယ်။ ဘာမှ ပြန်မပြောဘဲ ရယ်နေပါတယ်။ သူ့အဖေပြောသလို ၂၁ ရာစုထဲ တကယ်ရောက်မှ ပြန်လာမယ်လို့ ပြောချင်သလား မသိပါ။ ၂၁ ရာစု မပြောနဲ့ဦး ငါ့တူ၊ တို့တတွေ ၂၀ ရာစုထဲကတောင် ထွက်လာသေးရဲ့လား ပြန်ကြည့်ရဦးမယ်လို့ ကျွန်တော့် စိတ်ထဲက ပြောမိပါတယ်။

၁၅-၀၂-၂၀၁၃ 

maungwuntha@gmail.com ကျေးဇူး။

(ဆုံး)

ဖြည့်စွက်ချက်

(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)

မနေ့က တွေ့တဲ့စာ။ အစ အဆုံး ဖတ်ကြည့်ပါတယ်။ ကျေးဇူး။

စေ့ဆော်ချက် ၂ ခုရှိတယ်။

၂။ အပြေးအလွှားဖတ်စဉ်က စာလုံးပေါင်းတွေ မှန်ကန်ခြင်း နဲ့

၂။ စာထဲပါ သတင်းထောက်ဈာန်ရ အမည်။

အခုစာကို မတင်မီ သေချာဖတ်တော့ တစ် ၃ လုံးပါနေတာတွေ့လို့ ပြင်လိုက်ပါတယ်။ ခွင့်လွှတ်ပါရန်။

ဆရာမောင်ဝံသနဲ့ နယူးဒေလီမှာဘဲ လူချင်းဆုံရဘူးတယ်။ မဇ္ဈိမကနေ စီစဉ်တဲ့ ပြည်တွင်းကလာကြတဲ့ မီဒီယာအစု တွေ့ဆုံပွဲကို ဖိတ်လို့ သွားရတော့ စာပေစိစစ်ရေးက တာဝန်ရှိသူတွေလည်းတွေ့ရပါတယ်။ ဆရာမောင်ဝံသနဲ့ နှုတ်ဆက်ရပြီး မုံရွာ့တောင်နားက ကြေးမုံသား စာရေးဆရာ ကိုတာနဲ့ စကားပြောဖြစ်ပါတယ်။ ကျန်တဲ့သူတွေနဲ့ကတော့ ဝတ္ထရားသဘောသာ။

နောက်တချက်

သတင်းထောက်ဈာန်ရကို ကျွန်တော် မသိမီလိုက်ပါ။ ဒါပေမဲ့ သူ့မိသားစုကို သိတယ်။

ပြည်ပနိုင်ငံရေးကာလအတွင်း တာဝန်အရ ဂျာမဏီနိုင်ငံကို လေးခေါက်ရောက်ပါတယ်။ ဘွန်းမြို့ကို အများဆုံး ရောက်တယ်။ အဲဒီတုန်းက ဘာလင်က မြို့တော် ပြန်မဖြစ်သေးပါ။

ပဌမဆုံးအခေါက်မှာ ဂျာမဏီမှာနေထိုင်တဲ့ မိတ်ဆွေကြီး ဦးနွယ်အောင် (ကွယ်လွန်) ရဲ့ကျေးဇူးနဲ့ သတင်းထောက်ဈာန်ရရဲ့ မိသားစုအိမ်မှာ တပတ်ကြာ တည်းခဲ့ရတယ်။ အလွန်သဘောကောင်းကြတယ်။ ကျေးဇူး။

သားနှစ်ယောက်က အင်ဂျင်နီယာတွေဖြစ်နေကြပြီ။ စာထဲမှာပါတဲ့ သားအကြီးက ဘွန်မြို့မှာရှိတဲ့ ကျွန်တော်သွားကြည့်ချင်တဲ့ လည်ပတ်စရာနေရာတွေကို လိုက်ပို့ပေးပါတယ်။ ရဲတိုက်ဟောင်းတခုနဲ့ တက္ကသိုလ်တခု။ Beethoven ဘီသိုဘင်နေအိမ်ကိုတော့ ကိုယ်တိုင်သွားခဲ့တယ်။

မှတ်သားစရာတခု ရှိပြန်သေးတယ်။

ကျွန်တော် ဂျာမဏီကနေပြန်လာပြီး မကြာခင်မှာ မြန်မာစစ်အစိုးရ (ဒုတိယဆက်) နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကို တိုင်စာပို့ပါတယ်။

ကျွန်တော်က အိန္ဒိယ-မြန်မာနယ်စပ်မှာ လေယျာဉ်ပြန်ပေးဆွဲမယ်။ ဖေါက်ခွဲရေးတွေ လုပ်မယ်။ နည်းပညာကို ဂျာမဏီကနေ ယူလာတယ် တဲ့။

အိန္ဒိယထောက်လှမ်းရေးအဖွဲ့ သုံးခုကနေ မေးမြန်းကြပါလေရော။

ကျွန်တော့အကြောင်းကို အိန္ဒိယအစိုးရတာဝန်ရှိသူတွေက ကောင်းကောင်းသိကြပါတယ်။ ကျွန်တော်က အဲလိုလူစား မဟုတ်ကြောင်း သိကြပေမဲ့ တာဝန်အရသာ မေးမြန်းကြတယ်။

နောက်ဆုံးမှာတော့ နဝတ တိုင်းစာထဲမှာပါတဲ့ ဒေါက်တာတင့်ဆွေဆိုသူသည် တိုင်စာပါ လိပ်စာမှာ မရှိပါ တဲ့။

နယူးဒေလီမှာ ၆ လ တခါလောက် ငှားနေရတဲ့ အိမ် ပြောင်းကြရလေ့ရှိတယ်။ ယူအက်စ်အေမှာ အခြေချနေထိုင်ဘို့ ထွက်မလာခင်က NCGUB ရုံးနဲ့ ကျွန်တော့နေအိမ်မှာသာ ၂-၃ နှစ် နေခဲ့ပါတယ်။

သတင်းထောက်ဈာန်ရမိသားစုကိုတော့ နဝတ ကနေ ရန်ရှာခဲ့တယ်လို့ မထင်ပါ။

ဂျာမဏီကို ရောက်စဉ်က ကူညီခဲ့သူတွေအားလုံးကို သတိရပြီး ကျေးဇူးတင်ရှိပါတယ်။ နေကောင်းကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ