တနေ့ ညနေပိုင်း အလင်းရောင်ကမ္ဘာကြီးပေါ်သို့ နေမင်း နစ်မြုပ်ဆင်းသက်နေစဉ် ဉာဏ်ကြီးမားသော ကြက်ဖအိုတကောင်သည် သစ်ပင်တပင်ပေါ်သို့ ပျံတက်၍ အိပ်စက်ရန် ထိုင်နေရာယူလေသည်။ အိပ်ရန် တောင်ပံကို သုံးကြိမ် လှုပ်ခတ်ပြီး အသံမြည်စွာ ကူးကြွေးလေသည်။ ထို့နောက် ခေါင်းကို တောင်ပံအောက် ထည့်ရန် ဆန္ဒရှိချိန်တွင် ၎င်း၏ မျက်စိလုံးသေးများက အနီရောင် တစင်းတန်းကို မြင်မိသကဲ့သို့ ဖြစ်၍ နှာခေါင်းရှည်ချွန်တခုကိုလည်း မြင်လိုက်ရသည်။ ၎င်း၏ အောက်ဘက်တွင် မြေခွေးတကောင် ရပ်နေသည်။
“အံ့သြဖွယ် သတင်းကောင်းတခု ကြားသလား” ဟု မြေခွေးသည် ပျော်ရွှင်စိတ်လှုပ်ရှားစွာ အော်ခေါ်လေသည်။
“မည်သည့်သတင်းနည်း” ဟု ကြက်ဖက တည်ငြိမ်စွာ မေးလေသည်။ သို့သော် ၎င်း၏ အတွင်းစိတ်တွင် ထူးဆန်း၍ တုန်လှုပ်သည့် ခံစားချက်တခု ပေါ်ပေါက်လာသည်။ ၎င်းသည် မြေခွေးကို အလွန် ကြောက်ရွံ့လေသည်။
“သင်၏ မိသားစုနှင့် ကျွန်ုပ်၏ မိသားစုသာမက အခြားသတ္တဝါအားလုံးတို့သည် ယခုမှစ၍ ထာဝရ မတူကွဲပြားမှုများကို မေ့ပစ်ကာ ငြိမ်းချမ်းရေးနှင့် မိတ်ဆွေသဘောဖြင့် နေထိုင်ရန် သဘောတူညီကြပြီ။ စဉ်းစားကြည့်ပါလေ။ ချစ်သော မိတ်ဆွေကြီး၊ အောက်သို့ ဆင်းလာပါ။ ပျော်ရွှင်ဖွယ် အဖြစ်အပျက်ကို အတူတကွ ဂုဏ်ပြုကြစို့” ဟု မြေခွေး ပြောလေသည်။
“အလွန်ကောင်းလှသည်” ဟု ကြက်ဖ ပြောလေသည်။
“ဤသတင်းကြားရ၍ အမှန်တကယ် ဝမ်းမြောက်ပါသည်။”
သို့သော် ၎င်း၏ အသံသည် အာရုံမရှိသကဲ့သို့ ဖြစ်ပြီး ခြေချောင်းထောက်၍ အဝေးတနေရာသို့ ကြည့်ရှုနေသကဲ့သို့ ထင်ရသည်။
“သင် မည်သည့်အရာကို မြင်နေရသနည်း” ဟု မြေခွေးသည် အနည်းငယ် စိုးရိမ်စွာ မေးလေသည်။
“အို၊ ဤဘက်သို့ ခွေး နှစ်ကောင် လာနေပုံ ရသည်။ သတင်းကောင်းကို ကြားပြီး ဖြစ်မည်ထင်သည်။ ထိုသို့ဖြစ်လျှင်—”
သို့သော် မြေခွေးသည် ထပ်မံ မစောင့်တော့။ ချက်ချင်း ပြေးထွက်သွားလေသည်။
“စောင့်ပါ” ဟု ကြက်ဖ အော်ခေါ်လေသည်။
“မည်သည့်ကြောင့် ပြေးသနည်း။ ယခု ခွေးများသည် သင်၏ မိတ်ဆွေ မဟုတ်လော”
“ဟုတ်ကဲ့” ဟု မြေခွေး ပြန်လည်ဖြေကြားလေသည်။
“သို့သော် သူတို့သည် သတင်းကို မကြားရသေးနိုင်သည်။ ထို့ပြင် ကျွန်ုပ်တွင် မေ့လုနီးပါး ဖြစ်ခဲ့သော အရေးကြီး လုပ်ငန်းတခု ရှိသေးသည်။”
ကြက်ဖသည် မိမိ၏ အမွှေးအတောင်များအောက် ခေါင်းကို ထည့်ကာ အိပ်စက်သွားရင်း ပြုံးမိလေသည်။
အလွန် လိမ္မာကျွမ်းကျင်သော ရန်သူတကောင်ကို ဉာဏ်ဖြင့် အနိုင်ယူနိုင်ခဲ့သဖြင့် ဖြစ်သည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment