မွန်တွေက ဂိုး လို့ခေါ်တယ်။
ရာဇဝင်စာအုပ်တွေထဲမှာ ဟံသာဝတီ လို့ရေးတယ်။ မွန်တွေက ဟံဆာဝတော သံနဲ့နီးစပ်တာ ထွက်တယ်။ ကျွန်တော် မြန်မာလိုစာလုံးပေါင်းတာ အတိအကျ ဟုတ်ချင်မှ ဟုတ်မယ်။ ဆောရီး။ ကန်တော့။
ဟံဆာဝတော မြို့တော်က ဂိုး။
ဗြိတိသျှလက်ထက်ကတည်းက ဂေဇက်သုံး စပယ်လင်က Pegu ပီးဂူး ဖြစ်ပါတယ်။ အခု Bago တဲ့။ စစ်အစိုးရက ပြင်ခိုင်းထားတာ။
ကျွန်တော်တို့ အလယ်တန်းကျောင်းသုံး အင်္ဂလိပ်ပြဋ္ဌာန်းစာအုပ်က Archway ဖြစ်ပါတယ်။ ၅-၆-၇ တန်းမှာ သင်ရတယ်။ ဇာတ်လိုက် Maung Sein မောင်စိန် ပါတယ်။ Rangoon ရန်ဂူးန် ကနေ ရထားစီးပြီး Pegu ပီးဂူးကိုသွားတာ လမ်းမှာ အိပ်ပျော်သွားပါသတဲ့။ ရထားက ရန်ကုန်ကို ပြန်လှည့်တယ်။ အိပ်နေရာကနေ နိုးလာတဲ့ မောင်စိန်က ရန်ုကုန်ဘူတာကို ကြည့်ပြီး ပဲခူးဘူတာကလည်း ရန်ကုန်ဘူတာနဲ့ တူလိုက်တာတဲ့။
ပဲခူး ကလည်း မွန်တွေခေါ်တဲ့ ဂိုး နဲ့တူလိုက်တာ။
ဗဂိုး၊ ပဲခူး နဲ့ ဂိုး လို့ အမျိုးမျိုးခေါ်ကြ ရေးကြကြောင်း တင်လိုက်တယ်။ သခင်ကိုယ်တော်မှိုင်းက ပဲခိုးလို့ ရေးပါတယ်။
အညာမင်္ဂလာဆောင်
ကျုပ်တို့အညာမှာ မင်္ဂလာတမျိုးသာပ
အဟုတ်ဗျို့ ဓမ္မတာအစဉ်အလာ မညှိုးခဲ့ပေဘု
အရိုးသမားကျရှေးလိုပါ့ အဘွားကလည်း ကျီတဆောင်
(ကိုမင်းရာရယ်) အမျိုးကလည်း မသေးပေဘု
အဘိုးအဖနှင့်တကွ မေးကြပါတော့
တမျိုး ငါ့မြေးဖို့ရယ်လို့
(အိုကွယ်) အဘိုးက ပေးလိုက်ပါတဲ့နွားညီနောင်။
သြော် အမိအဖတို့ကလည်း
ပြည့်ပြည့် ဝဝ တွေမို့
ရှိသမျှ ကုန်ချင်ကုန်ရော့လို့
မယုံရင် ကြုံလျှင်မေးပါတော့
အလုံတခွင်မှာ ဂုဏ်အင်ကလည်း မသေးပါဘူး
မုံရွေး ကြေးမုံ ချောင်းဦးနယ် တလွှားစီက
အလုံကျေးအကုန်မှာ ပြောင်းဖူးသည်တွေက များလိုက်ပါဘိသနှင့်
ဆွေသားရင်းချာ ဉာတကာ မိတ်တို့ကိုလ
အဖေသွားရင်သာ လာစရာ ဖိတ်ခဲ့တာနှင့်
ညအိပ်ညနေ အစုံလာကြတော့
ခြုံစရာ အကွက် ဖျင်စောင်နှစ်ခု ငဲ့ပြင်
ဂုံပုဝါပါတဘက်နှင့် ခြင်ထောင်ကလဲ တခုစီပေါ့
လုပ်မှုကိုင်ဖွယ် တောလယ်ဟာ တခင်းငဲ့ပြင်
ပြောင်းခင်းတစလယ်ဝင်နှင့်
လယ်တရှင် စပါးနှစ်ဆယ်ထွက်ကိုလ
(ကိုမင်းရာရယ်) ရှေးအဆက်ဆက်
အကြွေးတက်တက်ပြီး
အဝေးမထွက်ရအောင်လို့တဲ့ကွယ်
ပေး လက်ဖွဲ့နှောင်။
လမ်းချိုး အရှေ့က
စမ်းဂိုးအကွေ့ခယောင်းယာမှာ
(ဟောသည်က) အထုပ်တွေ ဖြေဖြေပြီး
အကုန်သာကြဲလေရော့ဟဲ့လို့
ခရမ်းမျိုးစေ့ကောင်းစွာ
ငရုတ် ဂျုံ ကုလားပဲသာဝ
နှမ်းမျိုးသွေ့သွေ့ ပြောင်းဝါ ငပြုပ် ဖရုံပါ ဖရဲငဲ့ပြင်
ထမ်းပိုး၍ ရောင်းစရာ အထုပ် မုံလာ ခဝဲတွေနှင့်
အလုပ်စုံစရာ ကပဲရယ်လို့များလက်ဆောင်
(အို ကိုမင်းရာရဲ့) သားအတွက်ဆိုတော့
တအားတက်အောင်ရယ်လို့(ကျုပ်တို့) အမေအို ကလည်း
ဓားမရှည် ဓားမတိုတွေနှင့် အခြေကိုနှင်း
(ကိုမင်းရာရယ်) မယားဘက်က မောင်တွေကလည်း
ပလွေတိုနှစ်စင်း။
မျိုးဆက်ကာခြုံ
အိုးခွက်ပန်းကန် အစုံနှင့်
ပြည်တခွင် သထုံ ရောက်ရာကပဲ လွမ်းမိပါရဲ့
မြေအင်တုံ သောက်စရာ ဇွန်းငဲ့ပြင်
ကွမ်းအစ်ပါ လွယ်အိတ်တလုံးငယ်နှင့်
ပဲခိုး ဘူတာမှာလေ
ငနဲ သူခိုး လူညာတွေ မှုန်းလိုက်ပါတဲ့
ပျောက်သဟာ ထန်းခေါက်ဖာကလည်း တလုံးပါပဲ
စုရုံးလိုက်လျှင် တအိမ်ထောင်ပ
လူ့ထုံးစရိုက်တွင် တသိန်ပြောင်လောက်တဲ့
မင်္ဂလာဆောင်မှာ ခန်းဝင်ကလဲ မနည်းပါဘူး
မွဲဖို့ရာ ကံကြမ္မာနှင့်
ဖန်လာပုံ ကုသိုလ်ကလည်း မကောင်းချင်တော့
အထက် ဟို အညာမှာလေ
ကြက်ဆိုတာတောင်မလောင်းခဲ့ပါဘူး
အညာမြေ ဌာနေဟောင်းဆီက
အကြွေးတရာကို ဒွေးခါကလည် တောင်းပြန်ပေါ့တဲ့
(အမယ်မင်း) မောင်းစရာရယ်လို့များ တပ်လိုက်မှဖြင့်
ခေါင်းတခါခါနှင့် ဆတ်လှစွာသော
လှလှစွေ့စွေ့ ရယ်နှင့်ဝဝပြည့်ပြည့် နွားပြာ တရှဉ်းကိုလ
ကျောင်းတကာကိုသာ အပ်လိုက်ပေရော့
ရသရွေ့ ဘာဘာညာညာရယ်လို့မငြင်းလေနှင့်
(မလေးရယ်) ရောင်းကာသာ ဆပ်လိုက်ပေတော့
ရွာ့ရှေ့ ယာတခင်း။ ။
သခင်ကိုယ်တော်မှိုင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းတရာလောက်အခြေအနေကို ပြောပြခဲ့တာပါ။ ခုကာလမှာတော့ ငနဲသူခိုး လူညာတွေက အမြို့မြို့အရွာရွာက ဘူတာရုံသာမကပဲ ဌာနပေါင်းစုံနဲ့ လူမှုအလွှာပေါင်းစုံမှာ ရှိနေကြတော့တယ်။
ဒေါက်တာတင့်ဆွေ
၂၅-၈-၂၀၂၀

Comments
Post a Comment