Skip to main content

ငလူး

စောစောက ပို့စ်တခုမှာ ငါးလူးလို့ တွေ့လိုက်တယ်။ ငလူးကို ကျွန်တော်က ကြိုက်တယ်။ မုံရွာမှာ ငလူးခေါင်းချွန်းလို့ခေါ်တယ်။ အိန္ဒိယနိုင်ငံမှာနေခဲ့စဉ်က နယူးဒေလီ၊ ဗီကပ်စ်ပူရီ၊ ရေမြောင်းဘေးက ငါးဈေးမှာ တခါတခါ ငလူးရတယ်။ ကြော်ပြီးစားရင် အရိုးရော ခေါင်းပါ ဝါးစားလို့ ရတယ်။ ကြော်ပြီး ခရမ်းချဉ်းသီးနဲ့ ချက်လည်း ကောင်းတာပဲ။ အရိုးရော ခေါင်းပါ ဝါးစားလို့ ရတယ်။ ယူအက်စ်အေမှာ ခပ်ဆင်ဆင်ငါးတွေ တွေ့ပေမဲ့ ငလူးမဟုတ်ပါ။ ဒီကဆင်တူငါးတွေက အရိုးမာတယ်။ 

အညာသားတွေက ပင်လယ်နဲ့ဝေးတော့ မြစ်တွေ ချောင်းတွေကရတဲ့ ငါးကိုသာ ကြိုက်ကြတယ်။ အောက်အရပ်ကလာတဲ့ ငါးခြောက်မျိုးစုံကို သိုလှောင်ထားကြရတယ်။ ပင်လယ်ငါးကို အရင်က အောက်သားတွေကလည်း သိပ်မစားတတ်ကြလို့ သတင်းစာမှာ ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြသည်လို့ သိန်းဖေမြင့်က ရေးရသေးရတယ်။

ယူအက်စ်အေမှာ ဆယ်လ်မွန်ငါးကို အကောင်းဆုံးထားကြတယ်။ ကောင်းပါတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ အစားအသောက်ဆိုတာ (အရွယ်ရသူတွေအတွက်) ငယ်စဉ်ကစားလေ့ရှိတာကို ပိုပြီး လျှာစွဲလေ့ရှိကြတယ်။ ကျွန်တော်ငယ်ငယ်က ဆယ်လ်မွန်ငါးကို မစားဘူးပါ။ နာမည်ကြီးတဲ့ ကျူနာငါးလည်း မုံရွာမှာ မစားဘူးပါ။ နောက်နာမည်ကြီးတဲ့ မကာရယ်ငါးလည်း ဆေးကျောင်းအဆောင်က မကျွေးပါ။

ကျွန်တော် အညာသားက ငဖန့်ဝိုင်း ငါးပိကောင်လည်း ကြိုက်တယ်။ ဝေးခဲ့တာတော့ ကြာပြီ။ မုံရွာက စဖြူဥငပိလည်း အတော်နှစ်သက်တယ်။ ဝေးခဲ့တာတော့ ကြာပြီ။ လူတိုင်း ကိုယ်နဲ့ထိုက်တာကိုသာ စားကြရ၊ ဝတ်ကြရပါတယ်။ ထိုက်တာနဲ့ ကြိုက်တာ တထပ်တည်း မကျတတ်ပါ။

ငါးတွေကို င နဲ့သာ ရေးပါကြောင်း မြန်မာ့စွယ်စုံကျမ်းကို ကိုးကားပြီး တင်ပြထားပါတယ်။

ငါး ကို င နဲ့သာရေးရတာ များတယ် https://dr-tint-swe.blogspot.com/2022/07/blog-post_443.html

ငဖန့်ဝိုင်း ငပိကောင် https://dr-tint-swe.blogspot.com/2022/08/blog-post_336.html

ဒေါက်တာတင့်ဆွေ

Comments