မူရင်းစာကို သတ်ပုံမှားအောင် မပြင်ဘဲ တင်ထားသူ ကွန်ဂရက်ကျူလေးရှင်း + ကျေးဇူး။
(ဤဝတ္ထုကို မည်သည့်မဂ္ဂဇင်းတွင် ဦးစွာပုံနှိပ်ခဲ့ကြောင်း မသိရသေး။ မြန်မာပြည် စာအုပ်တိုက်မှု အတွဲ ၂ နှင့် နှလုံးလှစာပေတိုက်မူ အတွဲ၂ တို့တွင် ပါရှိသည်။ မူရင်းမှာ The Adventure of The Empty House ဖြစ်သည်။)
(၂)
ထိုအခါကျွန်တော်သည် ငြိမ်ဝပ်စွာ နေလိုက်လေ၏။ ထိုနေ့ နေ့လယ်၌ကျွန်တော်သည်ကျွန်ဘော့်အလုပ်တိုက်မှ လက်ဖက်ရည်သောက်ရန်ထွက်လာခဲ့ပြီးလျှင် ဦးစံရှား၏ အလုပ်ရုံးခန်းသို့ ဝင်လာရာထိုနေ့မှာ မိုးမှောင်ကျလျက်ရှိသည်ဖြစ်သောကြောင့် ဦးစံရှား၏ အလုပ်ခန်းမှာ ဓာတ်မီးများ ထွန်းလျက်ရှိ၏။ ဦးစံရှားမှာလည်း မိမိ၏အခန်းတွင် စားပွဲထိုင်ကာ စာပေးစာယူအလုပ်နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိလေ၏။ ကျွန်တော်သည် ဦးစံရှား အား လက်ဖက်ရည်သောက်ရန် အပြင်သို့ ခေါ်ငင်မည်အကြံနှင့်
"လက်ဖက်ရည် သောက်ပြီးပါပြီလော”ဟု မေးရာ ဦးစံရှားက
“မိုးရွာမည်ထင်သောကြောင့် အပြင်သို့မထွက်ပဲ လက်ဖက်ရည်ကို မှာယူ၍ထားကြောင်း" ပြောဆိုပြီးလျှင် ကျွန်တော့်အားလည်း အတူသောက်ရန် ဖိတ်ကြားသည်နှင့်ကျွန်တော်သည် သူ၏ စားပွဲ၌ထိုင်လေ၏။ တခဏမျှ ကြာသောအခါ ဦးစံရှား ခိုင်းစေသော သူငယ်ကလေးသည် လက်ဖက်ရည်ပွဲ ကိုင်လျက် အခန်းတွင်းသို့ ဝင်လာပြီးလျှင် လက်ဖက်ရည်ကိုကျွန်တော်တို့၏ ရှေ့ရှိ စားပွဲ၌ ချလိုက်သည်နှင့် တပြိုင်နက် ဓာတ်မီများလည်း ငြိမ်း၍သွားလေ၏။
ကျွန်။ ။“ဘာဖြစ်တာလဲဗျို့"
ရှား။ ။“ဖြု(စ်)ပြတ်သွားလို့ထင်ပါရဲ့ဗျာ။ နေဦး၊ ကျုပ် တယ်လီဖုန်းဆက်ပြီး ခေါ်ဦးမယ်။ မီးမရှိပေမယ့် လက်ဖက်ရည်တော့ သောက်နိုင်ကောင်းပါရဲ့ဗျား။ ပါးစပ်နဲ့ ပန်းကန်နဲ့တော့ လွှဲနိုင်မယ် မထင်ပါဘူး”
ဦးစံရှားလည်း ဓာတ်ကြို ပြင်ရန် အာအီးတီသို့ တယ်လီဖုန်းဖြင့်မှ ကြားပြီးနောက်ကျွန်တော်သည် လက်ဖက်ရည်နှင့် မုန့်များကို စားသောက်လျက်ရှိကြလေ၏။ လက်ဖက်ရည်သောက်ပြီးသောအခါဓာတ် ကြိုး ပြင်သူ ရောက်လာ၏။ ဦးစံရှား ကွေးသည့်အတိုင်း ဖြူ(စ်)ပြတ်သွားကြောင်း တွေ့ရှိရ၍ အသစ်လဲလှယ် ထည့်ပြီးနောက် မီးသည် ကောင်းစွာ လင်းလာလေ၏။ ထို့နောက်ကျွန်တော်တို့သည် ထွေလာလေးပါး စကားတို့ကို အပျင်းပြေပြောဆိုလျက် ရှိကြရာ ဦးစံရှားသည် ဆေးတံအိုး၌ဆေးကုန်သွားသည် ဖြစ်သောကြောင့် စားပွဲအံဆွဲဖွင့်၍ ဆေးဗူးကို ထုတ်ယူမည် အပြုတွင် အံ့အားသင့်လျက် ရှိနေလေ၏။
ကျွန်။ ။“ဘာပြုလို့လဲဗျ၊ ဆေးဗူ၊မရှိတော့ဘူးလား”
ရှား။ ။“ဆေးဗူး မဟုတ်ပါဘူး ကိုသိန်းမောင်၊ ကျုပ်ခြောက်လုံးပြူး လူခိုးသွားပြီ”
ကျွန်။ ။“ဟင် ခက်ပြီနေပါဦးဗျ။ အထားများ မှားလို့လားဗျာ။ သူများလို တော်စွာလျော်စွာထားပြီး သတိမေ့တတ်တဲ့ကောင် မှုတ်လို့လားဗျ။ ကျုပ် မနေ့က ဒီအထဲမှာ သေသေချာချာထးတယ်”
ကျွန်။ ။“ဒါဖြင့် ပုလိပ်တိုင်ဦးမှပေါ့"
ရှား။ ။ စုံထောက်လုပ်နေပြီး ရှက်စရာ ဖြစ်တော့မယ်ဗျာ။ နေပါစေတော့။ ဘာပဲဖြစ်ဖြစ် မတိုင်ဘူး။ ကိုယ့်ဟာကို ရအောင်ရှာမယ်” ဟုပြောပြီးနောက် ဦးစံရှားသည် မိမိ၏ ဝါသနာအတိုင်း တစုံတခုကို စဉ်းစားရန်ရှိက အနီး၌ရှိသောသူကို သတိမရပဲ တိတ်ဆိတ်စွာ စဉ်းစားစိတ်ကူးလျက် ရှိနေရာကျွန်တော်လည်း နှုတ်ဆိတ်၍ မိမိအလုပ်တိုက်သို့ ပြန်လာခဲ့လေ၏။
ထိုညဉ့်၌ကျွန်တော်နှင့် ဦးစံရှားသည် နေအိမ်တိုက်ခန်း ပက်လက်ကုလားထိုင် တခုစီတွင်ထိုင်ကြပြီးလျှင်ကျွန်တော်မှာ စာတအုပ်ကို ဖတ်ပြီးလျက် ဦးစံရှားမှာမူ ခြောက်လုံးပြူး ပျောက်ဆုံးခြင်း အကြောင်းကို တွေးတောနေသည့် လက္ခဏာဖြင့် စကားမပြောပဲ ဆေးတံကိုသာ အတွင်ဖွာလျက်ရှိရာ နာရီထိုးသည်နှင့်ကျွန်တော်သည် အိမ်ထဲသို့ ဝင်မည်ပြုလေ၏။ ကျွန်တော်သည် စာအုပ်ကို ပစ်ချ၍ ကုလားတိုင်မှ ထလိုက်သည်နှင့် တပြိုင်နက် သေနတ်သံ တချက်ကို အဝေးမှ ကြားလိုက်ရလေ၏။ ဦးစံရှားမှာမူ ကျားဟိန်းသံကို ကြားရသော မုဆိုးကဲ့သို့ ဖျတ်လတ် သော အမှုအရာနှင့် ငေါက်ကနဲထိုင်၍ နားစွင့်ကာ နေလေ၏။ သို့ရာတွင် သေနတ်သံသည် ထပ်လောင်း၍ ပစ်ဖောက်ခြင်းမရှိပဲ လူသံတို့သာလျှင် စိစိ စိစိနှင့် ကြားသည် ဖြစ်သောကြောင့်ကျွန်တော်သည် ဦးစံရှားအား “သွားရောက်စုံစမ်းလိုပါသလား”ဟု မေးမြန်းရာ ဦးစံရှားက လက်ပြသည်နှင့်ကုလားထိုင်တွင် ပြန်၍ထိုင်ရလေ၏။ တခဏမျှကြာသောအခါ တိုက်ပေါ်သို့ တက်လာသော ခြေသံများကို ကြားပြီးနောက် တံခါးကို ခေါက်သံကြားသည်နှင့်ကျွန်တော်သည် တံခါးကို ဖွင့်ပေးရာ လက်ထောက်အင်စပက်တော် ကိုသောင်းတင် နှင့် ပုလိပ်သားတယောက်သည် အခန်းတွင်းသို့ ဝင်လာကြလေ၏။
ရှား။ ။ “ဘယ်က သေနတ်သံလဲဗျို့။အနောက်ဆီက ကြားရတယ် ဘာဖြစ်လို့လဲ”
သောင်း။။“ကွမ်းသီးကြိုက် တောင်ငူပို့ ဆိုတာလို ဖြစ်နေပြီကောဆရာ။ ဆရာ့အလုပ်ရုံမှာ လူသတ်မှုလာပြီး ဖြစ်နေပြီကော ဆရာရဲ့။ လိုက်ပြီး ကြည့်စမ်းပါဦး ဆရာ”
ထိုအခါကျွန်တော်နှင့် ဦးစံရှားတို့သည် ပုလိပ်အရာရှိများနောက်မှ လိုက်သွား၍ လွစ္စလမ်းရှိ ဦးစံရှား၏ အလုပ်တိုက်သို့ ရောက်ကြလေ၏။ အလုပ်ရုံးခန်းအတွင်း၌ ဓာတ်မီးများ ထိန်လျက်ရှိရာ ပုလိပ် အရာရှိ အချို့တို့လည်း တိုက်ဝမှု စောင့်ကြပ်လျက် ရှိနှင့်ကြသည်ကို တွေ့ရှိကြရလေ၏။ကျွန်တော်တို့သည် ကိုသောင်းတင်နှင့်အတူ ဦးစံရှား၏ အလုပ်ခန်းသို့ ဝင်သွားကြရာ ဦးစံရှားထိုင်သော ကုလားထိုင်ပေါ်၌ ထိုင်လျက်ရှိသော လူတယောက်သည် ဦးခေါင်းမော့၍ သေလျက်ရှိနေသည်ကို တွေ့ရှိကြရလေ၏။ထိုသူ၏ နဖူးအလယ်တည့်တည့်၌ သေနတ်ဒဏ်ရာ တခုရှိ၍ ယင်းဒဏ်ရာမှ သွေးတို့သည် ယိုစီးလျက်ပင် ရှိသေး၏။ထိုသူမှာ လူ.လတ်အရွယ်ရှိ၍ သက္ကလတ်အင်္ကျီနက်ပြာရောင်၊ ထားဝယ်လုံချည်၊ နောက်ပိတ်ဖိနပ်စသည်တို့ဖြင့် သားနားသေသပ်စွာ ဝတ်ဆင်ထားသည်ကို တွေ့ရှိကြရလေ၏။
ရှား။ ။“ခြေရာတွေက ရှုပ်ကုန်ပြီကိုးဗျ။ ကြည့်ဖို့ ခဲယဉ်းနေပါပြီ။ ဘာများ ခင်ဗျားတို့ တွေ့သေးသလဲ
သောင်း။ ။“ဒီပြင်တော့ ဘာမူမတွေ့ဘူး ဆရာ။ ဟောဒီ လက်ကိုင်ပဝါကလေး တထည်ပဲ တွေ့တယ်”
ကိုသောင်းတင်လည်း မိမိ၏အိတ်မှ လက်ကိုင်ပဝါ တထည်ကို ထုတ်ပေးသဖြင့် ဦးစံရှားသည် လက်ကိုင်ပဝါကိုယူ၍ ဖြန့်ကြည့်ရာ မိန်းမကိုင် လက်ကိုင်ပဝါ ဖြစ်ကြောင်း တွေ့ရှိသည်နှင့် တပြိုင်နက် ဦးစံရှားသည် လက်ကိုင်ပဝါကို ပုလိပ်လက်သို့ပြန်အပ်၍ အလောင်းကိုလည်း ပုလိပ်အရာရှိတို့အား ဆေးရုံသို့ ယူဆောင်သွားစေ၏။ ကိုသောင်းတင်နှင့် သူ၏ တပည့် လည်း အလောင်းနှင့်အတူ ဆေးရုံသို့ထွက်သွား ကြလေ၍ အခန်းတွင်း၌ကျွန်တော်တို့နှစ်ဦးသာ ကျန်ရှိလေလျှင်
ရှား။ ။ ကိုသိန်းမောင်၊ ခင်ဗျား တစ္ဆေကြောက်တတ်သလား”
ကျွန်။ ။“ကြောက်တယ်လဲ ဟုတ်ဘူး။ မကြောက်ဘူးလဲ မပြောနိုင်ဘူးဗျ”
ရှား။ ။ “ဒီအခန်းမှာ ခင်ဗျား ဒီတည အိပ်ဝံ့ပါ့မလား"
ကျွန်။ ။ တယောက်တည်းတော့ မအိပ်ဝံ့ဘူးဗျ”
ရှား။။ကျုပ်နဲ့နှစ်ယောက် ဆိုယင်ကော”
ကျွန်။ ။“ခင်ဗျား ပါယင်တော့ ဘာလုပ်ရ လုပ်ရဗျာ”
ရှား။ ။“ကိုင်း ဒါဖြင့် ကျုပ်တို့ ဟောဟိုက ဗီရိုထဲမှာ ဒီကနေ့ညအိပ်ပြီး စောင့်ရလိမ့်မယ်”
ကျွန်။ ။ “သတ်တဲ့လူက ပြန်လာဦးမယ်လို့များ ခင်ဗျား ထင်လို့လား”
ရှား။ ။“လာလို လာငြားပဗျာ"
ထို့နောက် ဦးစံရှားသည် ဗီရိုကို သော့နှင့်ဖွင့်ပြီးလျှင်ကျွန်တော်တို့သည် ဗီရိုတွင်းသို့ဝင်ပြီးနောက် တံခါးကို မစေ့တစေ့ထားလျက် အခန်းတွင်းသို့ ချောင်းမြောင်းကြည့်ရှု၍ နေကြလေ၏။ တညလုံး စောင့် ဆိုင်းပါသော်လည်း မည်သူတဦးတယောက်မျှ ပေါ်လာခြင်းမရှိဖြစ်လေရာ နံနက်လင်းသည့်အခါမှ တိုက်ခန်း အတွင်းသို့ မရဲတရဲဝင်လာသော ခြေသံတခုကို ကြားရလေ၏။ ခြေသံသည် ဦးစံရှား၏ အလုပ်ခန်းဝသို့ ရောက်သောအခါ ရပ်တန့်၍ တံခါးကိုဖြည်းညင်းစွာဖွင့်ပြီးလျှင် အခန်းတွင်းသို့ လိုက်၍ကြည့်ရာ အခြား မဟုတ်၊ ဦးစံရှား၏ စာရေးမ မမြမေပင် ဖြစ်လေ၏။
မမြမေသည် စားပွဲကုလားထိုင် စသည်တို့၌ရှိသော သွေးစက်တို့ကိုတွေ့မြင်သောအခါ ကြက်သီးများ ထ၍လာသည့် လက္ခဏာဖြင့် ထုန်လှုပ်သွားပြီးနောက် အရဲစွန့်ပြီးလျှင် အလုပ်ခန်းအတွင်းသို့ တလှမ်းချင်း လှမ်း၍ ဝင်လာခဲ့လေ၏။ ဦးစံရှား၏ စားပွဲအနီးသို့ရောက်သောအခါ အံဆွဲကိုသော့နှင့်ဖွင့်ပြီးလျှင် မိမိအင်္ကျီ အတွင်းအိတ်မှ ခြောက်လုံးပြူးသေနတ်တလက်ကို ထုတ်ပြီးနောက် အံဆွဲအတွင်းသို့ထည့်၍ သော့နှင့် တဖန် ပိတ်ထားလေ၏။
ရှား။ ။“မမြမေ”
ထိုခဏ၌ မမြမေသည် ဖြတ်ကနဲလန့်သွားပြီးလျှင် မျက်နှာတွင် သွေးမရှိတော့သကဲ့သို့ ဖြူဖပ်ဖြူရော် နှင့် မျက်လုံးဝိုင်းလျက်ကျွန်တော်တို့ရှိရာဘက်သို့ လှည့်ကြည့်လိုက်ရာ ဦးစံရှားလည်း ဗီရိုတံခါးကို ဖွင့်၍ အပြင်သို့ ထွက်သည်နှင့်ကျွန်တော်လည်း ထွက်လိုက်လေ၏။ထို့နောက်
ရှား။ ။ ငါ့သေနတ်မှာ ကျည်ဆန်ရော့နေယင်တော့ မင်း ဒုက္ခပဲဟေ့။ဘာလုပ်တာလဲ”
“သေနတ်ကို အခန်းပြင်မှာတွေ့လို့ လာပြီးသိမ်းပါတယ်”
ရှား။ ။ “မနေ့ကတည်းက ငါ့သေနတ် ပျောက်သွားတာ ငါသိပါတယ်ကွယ့်။ မှန်မှန်ပြောစမ်းပါ”
မေ။ ။ “မှန်မှန်ပြောတာပဲရှင့်”
ရှား။ ။“မမြမေ လက်ကိုင်ပဝါတထည်များ မပျောက်ဘူးလား။ မကြောက်ပါနဲ့ကွယ့်။ မင်း လက်ကိုင်ပဝါမှန်း ငါတယောက်သာ သိပါတယ်”
ဤထင်မြင်ချက်၌ကား ဦးစံရှား မှားယွင်းလေတော့၏။ အကြောင်းမူကား ပုလိပ်အရာရှိတို့သည် မမြကို မသင်္ကာသည်ဖြစ်၍ လက်ကိုင်ပဝါနှင့် ပတ်သက်၍ ထောက်လှမ်းစုံစမ်းကြည့်ရာ ယင်းလက်ကိုင် ပဝါမှာ မမြမ၏ လက်ကိုင်ပဝါ ဖြစ်ကြောင်းကို ဒိုဘီကုလားက ထွက်ဆိုချက်အရ မမြမေမှာ ပုလိပ်အရာရှိတို့၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံရလေ၏။ သို့ရာတွင် ဦးစံရှားက မိန်းမကိုင် ပိုးလက်ကိုင်ပဝါမှာ တထည်သာလျှင် ရှိသည် မဟုဘ်၊ ရန်ကုန်မြို့ပေါ်၌ အမြောက်အမြားရှိသည် ဖြစ်သောကြောင့် ဤပစ္စည်းတခုတည်း နှင့် အတပ် မစွပ်စွဲထိုက်ကြောင်းကို ပုလိပ်တို့အား ပြောကြားလေရာ ပုလိပ်အရာရှိတို့မှာ ဦးစံရှား၏ ထင်မြင် ချက်ကို မပယ်ဝံ့သည် ဖြစ်သောကြောင့် အမှုကို စစ်ဆေးသည့်အခါ၌ အကြောက်အကန် မစွပ်စွဲပဲ လျော့တော့တော့ ရှိရမည် ဖြစ်ရကား မမြမေမှာ တရားသူကြီးက သက်သေ မလုံလောက်ဖြစ်၍ စွဲချက်မတင်ပဲ တရားရှင် လွတ်လိုက်လေ၏။ ထိုအခြင်းအရာများကိုကျွန်တော် သိရှိရသောအခါကျွန်တော်သည် ဦးစံရှားနှင့် မမြမေတို့၏ အပေါ်၌ ယခင်ကတည်းက သင်္ကာမကင်းရှိနေရသည့်အတွင်း သာ၍ပင် မသင်္ကာအောင် ရှိခဲ့ပြန်လေ၏။
တနေ့သ၌ မမြမေလည် အချုပ်ထောင်မှု ထွက်လာပြီးနောက်ကျွန်တော်တို့၏နေအိမ် တိုက်ခန်းသို့ လာရောက်လေရာ
ရှား။ ။“ငါ့မီးခံသေတ္တာထဲက အရေးကြီးစက္ကူတွေ မင်း ရောင်းမစားတာ ငါ ကျေးဇူး တင်ပါတယ်ကွယ်”
ထိုအခါ မမြမေသည် အံ့ဩသောအမူအရာဖြင့် ဦးစံရှားအား ကြည့်နေပြီးနောက် စကားပြောမည်ပြုလေရာ
ရှား။ ။ “တန်ပါ။ မင်းမပြောပါနဲ့တော့။ မင်းမပြောပေမယ့် ငါ တော်တော် ရိပ်မိကုန်ပါပြီ။ မင်းတောင် ဒီအမှုမှာ ငါ့လောက်မသိပါဘူး။ ကိုင်း ကိုင်း၊ အလုပ်တိုက်သွားပြီး လုပ်မြဲတိုင်း လုပ်ချေ ပါတော့”
မမြမေ ဆင်း၍သွားသောအခါ
ရှား။ ။ “ဘယ့်နှယ်လဲ ကိုသိန်းမောင်၊ ဒီအမှုမှာ ခင်ဗျား ဘယ်လိုထင်မြင်ချက်များရှိသလဲ”
ကျွန်။ ။ "ကျွန်တော်ဖြင့် ဘယ့်နှယ်မှ မထင်တတ်အောင် ဖြစ်နေပါပြီဗျာ”
ရှား။ ။ "ကျုပ်ကိုများ တလွဲမထင်ဘူးလား"
ကျွန်။ ။“အမှန်ပြောရရင် ထင်တုန်းကတော့ ထင်ခဲ့မိပါပေသဗျာ။ သို့သော် စဉ်းစားကြည့်ပြန်တော့ တကယ်လို့ကျွန်တော် မသင်္ကာတဲ့အတိုင်း ဟုတ်ခဲ့လို့ရှိယင် ကိစ္စမှာ ခင်ဗျားကကျွန်တော့်တောင် အသိခံမယ်မဟုတ်ဘူး။ အခုတော့ ဗီရိုထဲက ပုန်းခိုပြီး ချောင်းတုန်းကလဲ ခင်ဗျားကပဲကျွန်တော့်ကို ခေါ်တယ်။ကျွန်တော်ဖြင့် အစဉ်းစားရ ကျပ်သဗျာ"
ရှား။ ။ “သိချင်ယင် ကျုပ်နဲ့ လိုက်ခဲ့ပေဦး ကိုသိန်းမောင်”
ကျွန်တော်သည် ဦးစံရှားနှင့်အတူ လိုက်သွား၍ ပုလိပ်ဌာနသို့ ရောက်သောအခါ ကိုသောင်းတင်နှင့် တွေ့၍ နေရာထိုင်ခင်းပေးသဖြင့်ထိုင်မိကြသောအခါ
ရှား။ ။ဘယ့်နှယ်လဲ ကိုသောင်းတင်၊ ကျုပ်အလုပ်ခန်းမှာ မနေ့က သေတဲ့လူဟာ ဘယ်သူလဲဆိုတာ သိပြီ မဟုတ်လား”
တင်။ ။ “သိပါပြီ ဆရာ”
ရှား။ ။ “လူရှုပ်ကိုဘဦးဆိုတာ မဟုတ်လား”
တင်။ ။ “ဟုတ်ပါတယ် ဆရာ။ ဒါပေမယ့် သေသူကိုသိတာထက် သတ်တဲ့လူဟာ ဘယ်သူလဲလို့ သိဖို့က သာ ပိုပြီး အရေးကြီးဘာကိုး ဆရာရဲ့”
ရှား။ ။ “သတ်တဲ့လူက ဦးမင်းဟန်ပေါ့ဗျ”
တင်။ ။ “မဟုတ်နိုင်တာ ဆရာရယ်။ ဦးမင်းဟန်က ဆရာတို့ဖမ်းခဲ့လို့ အချုပ်ထဲမှာရောက်ပြီး အမှုဆိုင်နေရပြီ မဟုတ်လား ဆရာရဲ့"
ရှား။ ။“လူကသာ ထောင်ထဲရောက်တယ်၊ ဉာဏ်က မရောက်သေးဘူးဗျ”
တင်။ “နားမလည်ပါဘူး ဆရာ။ ဘယ့်နှယ်ဟာလဲ”
ရှား။ ။“သင်္ဘောများ ခုတ်ပြီးသွားတော့ ဂယက်ကျန်ရစ်တယ် မဟုတ်လားဗျ။ အခုလဲ ဦးမင်းဟန်က ထောင်ထဲရောက်သွားပမယ့် သူ့ဂယက်က အပြင်မှာ ကျန်ရစ်သေးတယ်ဗျ”
တင်။ ။ “ဆရာပြောပုံဆိုယင် ဆရာကြီးကို မိပေမယ့် အပြင်က သူ့တပည့်တွေ သူဉာဏ်ကို အသုံး ပြုပြီး နေရစ်ကြတယ်လို့ ဆိုချင်တယ်ပေါ့လေ”
ရှား။ ။“သူခိုင်းတဲ့ကိစ္စဗျ။သို့သော် ခုတ်ရာကတခြား၊ ရှရာကတခြား ဖြစ်နေတယ်။ ဒါထက် ကိုသောင်းတင်၊ ဟိုတနေ့က ကြိုးပေးခံရတဲ့ ဦးဘထွန်းအကြောင်း ရိပ်မိရဲ့လား”
တင်။ ။ “ပေါက်ဖော်ကြီးသတ်လို့ ကြိုးကျသွားတဲ့ ဦးဘထွန်းဟာလား။ ပေါက်ဖော်ကြီးကို သတ်တုန်းက ဦးဘထွန်းတယောက်တည်း မကဘူးလို့တောင် ထင်စရာရှိတာပဲဆရာ။သို့ပေမယ့် ကစ္စန်းတစမှ လိုက်လို့ မပေါ်ဘူး”
ရှား။ ။ “ကျုပ်လဲ ဒီတုန်းက အညာသွားနေလို့မမီလိုက်ဘူးဗျ။ကျုပ်သာရှိယင်တော့ ဦးဘထွန်း သေရမယ် မဟုတ်ဘူး”
တင်။ ။ “ဘာကြောင့်လဲ ဆရာ၊ သူသတ်တာ မဟုတ်ဘူးလား”
ရှား။ ။“နောက်တော့ သိလိမ့်မယ်လေ။ ကိုင်း ကျုပ်တို့ပြန်လိုက်ဦးမယ်”
ကျွန်တော်တို့သည် ဌာနာမှထွက်လာကြပြီးနောက် ဦးစံရှားသည် အလုပ်တိုက်သို့ ခေါ်ငင်သွားပြန်သည်နှင့် လိုက်သွားရပြန်၏။ အလုပ်တိုက်သို့ရောက်သောအခါ မမြမေသည် အလုပ်ဆင်းလျက် ရှိနေနှင့်သည်ကို တွေ့ရှိရလေ၏။ ဦးစံရှား၏ အလုပ်ခန်းသို့ကျွန်တော်တို့ ဝင်မိကြလျှင် ဦးစံရှားသည် မမြမေကို ခေါ်ငင်၍ မမြမေသည် အခန်းတွင်းသို့ ဝင်လာသောအခါ
ရှား။ ။“ထိုင်ပါဦး မမြမေ၊ ကိုယ့်ဘဝအကြောင်းက မကောင်းလို့ လူဆိုးကို အဖေတော်ရခြင်း ဟာ ရှက်စရာတော့နည်းနည်းကောင်းသပလေ။ သို့သော် ကိုယ်ကဆိုးမှ မဆိုးတာကိုး မမြမေရဲ့။ကိုယ့်အမိအဖ ဆိုးတာကို ကိုယ်က ဘယ်မှာတတ်နိုင်ပါ့မလဲ။ “သားသမီးမကောင်း မိဘခေါင်း" လို့သာ ရှိပါတယ်။ "မိဘ မကောင်း သားသမီးခေါင်း”ရယ်လို့ မရှိပါဘူးကွယ့်”
ထိုအခါ မမြမေသည် မည်သို့မျှ ပြန်မပြောပဲ တုန်လှုပ်သော အမူအရာဖြင့် ဦးစံရှားအား စိုက်၍ ကြည့်နေရာ ဦးစံရှားက ဆက်လက်၍
ရှား။ ။“သေတဲ့လူကတော့ သေရှာပြီ။သေတဲ့လူ နာမည်ကောင်းဖို့အတွက်နဲ့ ဒီလောက်တောင် စွန့်စားလို့ တော်ပါ့မလား မမြမေ”ဟုပြောသောအခါ မမြမေသည် ပြင်းထန်စွာ တုန်လှုပ်ရာမှ မျက်ရည်များ ကျလာပြီး
မေ။ ။“မွေးသဖခင် အတွက်ကိုးရှင့်”
ရှား။ ။“ဘယ့်နှယ်ပဲဖြစ်ဖြစ် စွန့်စားတော့မယ်လား”
မေ။ ။“ကျွန်မဖြင့် ဒီလိုပဲ အောက်မေ့ပါတယ်”
ရှား။ ။ “ကိုင်း ဒါဖြင့် ကိုဘထူးဆီကို သူတောင်းတာ ပေးပါတော့မယ်လို့ စာရေး လိုက်"
မေ။ ။“ဒီအကြောင်းတွေ ဦး ဘယ်က သိသလဲ”
ရှား။ ။“မင်းတောင် ငါ့လောက် မသိပါဘူးကွယ်။ ရေးသာရေးလိုက်ပါ”
မေ။ ။“ဦးရဲ့ မီးခံသေတ္တာဖွင့်နည်းကို ပြောရမယ်တဲ့။ တောင်းနေတယ် ဦးရဲ့"
ရှား။ ။ “ပေးသာ ပေးလိုက်ပါ။ ဖွင့်နည်းသိပေမယ့် အတွင်းမှာရှိတဲ့ စက္ကူ တွေကို သူရမှာမဟုတ် ပါဘူး။ သို့သော် ဒီလိုလုပ်။ သူ့ ကို ဒီကနေ့ည ဒီအခန်းမှာ တွေ့အောင်ချိန်း။ အခန်းထဲကို သူရောက်တဲ့ အခါမှာ ဒီကုလားထိုင်မှာထိုင်ပစေ။ ဒီအခါမှာ သေတ္တာဖွင့်နည်းကိုပြောပြပြီး မင်းလိုချင်တာကို စာမှာ ရေးပြီး လက်မှတ်ထိုးပစေ။ လက်မှတ်ထိုးပြီး သက်သေလဲ လက်မှတ်ထိုးဖို့ လိုသေးတယ်ဆိုပြီး ထွန်းတင်ကို ခေါ်ဖို့ ဓာတ်ခေါင်းလောင်းခလုတ်ကို သူနှိပ်ပစေ။ ဒီအခါမှာ မင်းက စားပွဲရှေ့က မနေနဲ့။ စားပွဲဘေးက နေ။ ကြားလား။ မမေ့နဲ့နော်။ စားပွဲရှေ့ကများ ဘယ်နည်းနဲ့မှ မနေလေနဲ့။ ကိုင်း ကိုင်း၊ သွားပြီး စာရေး ချေတော့"
ထိုဉာဉ့်၌ကျွန်တော်နှင့်ဦးစံရှား၊ ကိုသောင်းတင်တို့သည် ဦးစံရှား၏စီမံချက်အရ သူ၏အခန်းတွင်းရှိ ဗီရိုအတွင်း၌ ပုန်းအောင်းလျက် ရှိကြပြန်သည်။ အခန်ပြင်၌ကား မမြမေသည် စောင့်ဆိုင်းလျက် ရှိလေ၏။ ဦးစံရှား၏ မီးခံသတ္တာအတွင်း၌ကား ဦးမင်းဟန်တို့လူစုအကြောင်းနှင့်ပတ်သက်၍ အရေးကြီးသော မှတ်တမ်းများ၊ စာပေးစာယူ စက္ကူများ ရှိလေရာ ဦးမင်းဟန်၏ တပည့်များသည် ယင်းစာရွက်များ ဦးစံရှား ထံ၌ ရှိသမျှ ကာလပတ်လုံး မိမိတို့၏ လည်ပင်း၌ ကြိုးစွပ်လျက်ရှိသည့် အကြောင်းကို သိရှိကြသဖြင့် ယင်းစက္ကူ များကို ပြန်လည်ရရှိရန် ကြိုးစားအားထုတ်လျက်ရှိကြလေသည်။ သို့ရာတွင် ဦးစံရှားသည် ဤစက္ကူများ ရှိပါလျက် အဘယ်ကြောင့်ထိုသူတို့ကို ဖမ်းဆီးချုပ်နှောင်စေခြင်း မပြုပါသနည်းဆိုသော် အနည်းငယ်မျှ လိုနေသေးသည်ဖြစ်၍ ထပ်လောင်းစုဆောင်းဆဲ ဖြစ်သောကြောင့် အချိန်အနည်းငယ်မျှ စောင့်ဆိုင်းနေ ခြင်းမျှ ဖြစ်လေသည်။ ဦးစံရှား၏ ဝါသနာမှာလည်း မိမိပစ်လိုက်သော ကွန်ချက်သည် မိမိလိုသော ငါးကို အသေအချာမိလောက်မှ ပစ်တတ်မြဲဖြစ်သဖြင့် အနည်းငယ် လိုနေသေးက ပြည့်စုံအောင် သည်းခံ ချောင်းမြောင်း၍ နေစမြဲဖြစ်လေသည်။ ဦးစံရှားသည် သူ၏ မီးခံသေတ္တာကို သာမညသော့မျိုးဖြင့် ပိတ်ဆို့ထားသည် မဟုတ်ပဲ အမေရိကန်မှ အထူးတလည်မှာယူ၍ ဖွင့်ရန် အလွန်ခဲယဉ်းလှသော သော့မျိုးဖြင့် ပိတ်ထားခြင်း ဖြစ်၏။ ယင်းကို မိမိနှင့် မမြမေ နှစ်ယောက်တည်းသာလျှင် ဖွင့်တတ် ပိတ်တတ်ခဲ့လေသည်။
သို့ဖြစ်သောကြောင့် ဦးမင်းဟန်၏တပည့်တို့သည် မမြမေ၏ထံမှ သေတ္တာဖွင့်နည်းကို အမျိုးမျိုး ခြောက်လှန့် တောင်းဆိုလျက် ရှိနေကြခြင်း ဖြစ်လေသည်။ကျွန်တော်တို့သည် ဗီရိုအတွင်းမှု ပုန်းအောင်းချောင်းမြောင်းလျက် ရှိကြစဉ် ၈ နာရီထိုးသည်နှင့် တပြိုင်နက် တိုက်ခန်းသို့ဝင်လာသော ခြေသံကိုကြားရပြီးသည့်နောက် တခဏ၌ မမြမေသည် ၀တုတ်တုတ် နှုတ်ခမ်းမွေ ကောင်းကောင်းနှင့် အသက်၄၀ အရွယ်ခန့်ရှိ လူတယောက်နှင့် အလုပ်ခန်းတွင်းသို့ ဝင်လာကြလေ၏။ အခန်းတွင်း၌ကား ကုလားထိုင်နှစ်ခုမျှရှိရာ မမြမေသည် စားပွဲခုံအောက်ရှိ ကုလားထိုင်တွင်ထိုင်လျက်ထိုသူသည် ဦးစံရှား၏နေရာ ကုလားထိုင်၌ထိုင်လေ၏။
ထိုသူ။ ။ "မိန်းကလေးကလဲကွယ်၊အစကတည်းက ပြောလိုက်ယင်ပြီးရော။ အလကား ဒုက္ခခံပြီးတော့ ငြင်းနေရသေးတယ်”ဟု ပြော၍ထိုင်ရာမှထပြီးလျှင် မီးခံသေတ္တာအနီးသို့ သွားလေရာ မမြမေလည်းထိုင်ရာမှထ၍ မိမိအိတ်မှသော့နှင့် သေတ္တာဖွင့်နည်းကို ပြလေ၏။
မေ။ ။ "သော့ကို အထက်နားနည်းနည်းမြောက်ပြီး လက်ယာဘက်ကို ၃ချက်လှည့်ရတယ်ရှင့်။ တခါအောက်နှိပ်ပြီး လက်ဝဲဘက်ကို နှစ်ပတ်လှည့်ရတယ်ရှင့်”
စသည်ဖြင့် သေတ္တာဖွင့်နည်းကို ပြသလျက်ရှိရာကျွန်ခဘာ်တို့မှာ ဗီရိုအတွင်းမှု ချောင်းမြောင်းကြည့်ရှုလျက် ရှိနေကြလေ၏။ ဖွင့်နည်းကိုပြပြီးနောက်
ထိုသူ။ “ကိုင်းကိုင်း၊ သော့ကို ဖယောင်းပုံနှိပ်ရအောင်။ ပေး”
မေ။ ။“ကျွန်မပြောတာ ရှင် ရေးပေးဦးလေ”
ထိုသူ။ ။“ဘယ်လို ရေးရမှာလဲ”
“ကျွန်မအဖေ ဦးဘထွန်းဟာ တရုတ်ဦးစက်ဝက်ကို သတ်ဖြတ်ခြင်း မဟုတ်ကြောင်း၊ သတ်ဖြတ်သူဟာ ရှင့်ညီ သေသူ မောင်ဘဦးဖြစ်ကြောင်းကို စာနဲ့ရေးပြီး ရှင်လက်မှတ်ထိုးပါ"
ထိုအခါ ကိုဘထူး ဆိုသူသည် စားပွဲတွင် တဖန်ထိုင်ပြီးနောက် စာတစောင်ကိုရေး၍ လက်မှုတ် ရေးထိုးလေ၏။ ယင်းစာကို မမြမေအား ပေးပြီးနောက် မမြမေကို သော့တောင်းရာ
မေ။ ။“နေပါဦးရှင်။သက်သေခေါ်ပြီး လက်မှတ်အထိုးခိုင်းလိုက်ပါရစေဦး။ ထွန်းတင်ကို တိုက်ရှေ့မှာ အစောင့်ခိုင်းထားပါတယ်။ တဆိတ်လောက် ခလုတ်ကလေး နှိပ်လိုက်ပါရှင်”
ထိုသူ။ ။“နေပါစေကွယ်၊ သက်သေတွေ ဘာတွေခေါ်မနေပါနဲ့”
မေ။ ။ “မဟုတ်ဘူးရှင်ရယ်။ သက်သေထည့်ပါရစေ”
ထိုသူ။ ။“သော့ကိုသာ ပေးပါ။ သက်သေ တယောက်မကလို့ တရာထည့်ချင်လဲ ထည့်ပါ။ ဖယောင်းပုံ နှိပ်စမ်းပါရစေဦး”
ထိုအခါ မမြမေသည် သော့ကို ကိုဘထူး၏လက်သို့ ပေးအပ်၍ ကိုဘထူးသည် ဖယောင်းတွင် သော့ကို နှိပ်ပြီးလျှင် မမြမေ ခိုင်းစေသည့်အတိုင်း ဓာတ်ခေါင်းလောင်းခလုတ်ကို နှိပ်လိုက်သည်နှင့် တပြိုင်နက်ကျွန်တော်တို့သည် သေနတ်သံတချက် ကြားရပြီးနောက် တခန်းလုံး ဓာတ်မီးများငြိမ်း၍ မှောင်နှင့် မည်းမည်း ရှိနေလေ၏။
ထိုခဏ၌ ဦးစံရှားသည် ဗီရိုမှ ထွက်ပြီးနောက် အဆင်သင့်ဆောင်လာခဲ့သော မိမိ၏လက်နှိပ် ဓာတ်မီးနှင့် စားပွဲရှိရာသို့ ထိုး၍ကြည့်လိုက်ရာ ဦးစံရှား၏ ကုလားထိုင်ပေါ်တွင်ထိုသူသည် ယခင်ညကတွေ့ရသော အလောင်းကဲ့သို့ နဖူးတွင် ဒဏ်ရာနှင့် စင်းစင်းသေလျက်ရှိသည်ကို တွေ့မြင်ကြရလေ၏။
ထို့နောက် ဦးစံရှားသည် တခုသောထောင့်၌ ဝှက်ထားသော လက်ဆွဲဓာတ်မီးအိမ် ခုကို ထွန်းညှိ ပြီးနောက် သေသူ၏ ဒဏ်ရာကို ကြည့်ရှုလျက်ရှိစဉ် ကိုသောင်းတင်သည် မမြမေ၏လက်တွင် သေနတ်ကိုမမြင်သည်နှင့်
တင်။ ။ “ဘယ့်နှယ်လဲ ဆရာဘယ်သူသတ်လိုက်တာလဲ”
ရှား။ ။ "ဦးမင်းဟန်က သတ်ပစ်လိုက်တာပေါ့ဗျ”
တင်။ ။ “လုပ်ပြန်ပြီ ဆရာ၊ ဆရာပြောမှုဖြင့် ဒီလိုချည်းပဲ”
ရှား။ ။“ဩော်၊ ခင်ဗျားက ကျုပ်ပြောတာ မယုံကြည်ပဲကိုး။ ကိုင်း၊ ပြောပြရမှာပေါ့။ ရော့၊ ဒီအလောင်းကို ကုလားထိုင်ပါ မပြီး ရွှေ့ ထားလိုက်ကြစမ်းဗျာ။ ဟုတ်ပြီကိုသိန်းမောင်က စားပွဲရှေ့က မနေနဲ့၊ ဖယ်နေလိုက်စမ်း။ ကိုင်း၊ ကိုသောင်းတင်က ဟောဟို ဓာတ်ခေါင်းလောင်းခလုတ်ကို နှိပ်လိုက်စမ်း ဗျာ”ဟု ပြောသဖြင့် ကိုသောင်းတင်သည် စားပွဲနံဘေးရှိ ခလုတ်ကို နှိပ်လိုက်ပြန်သည်နှင့်တပြိုင်နက် ယခင်က သေနတ်သံကဲ့သို့ ထပ်မံ၍ ကြားရပြီးနောက် ဦးစံရှား၏ ကုလားထိုင်ထားရာနောက် အုတ်ထရံ၌ သေနတ်ကျည်ဆန်တခု ထိမှန်နေသည်ကို တွေ့ရှိကြရလေ၏။
တင်။ ။“ဘယ့်နှယ်ဟာလဲ ဆရာ”
ရှား။ ။ “ကျုပ်စားပွဲရှေ့ တည့်တည့်က မီတာသေတ္တာမှာ အံဖုံးပါတယ်ဗျ။ အံဖုံးကိုဖွင့်ကြည့်ယင် ခြောက်လုံးပြူးတလက် တွေ့လိမ့်မယ်” ဟုပြောယင်းဆိုယင်း ဦးစံရှားသည် အံဖုံးကိုဖွင့်၍ပြရာ ခြောက်လုံးပြူး သေနတ်တလက်မှာ မြဲခိုင်အောင် တပ်ဆင်လျက် ပြောင်းသည် စားပွဲရှိရာသို့ တည့်တည့်ချိန်လျက်ရှိသည်ကို တွေ့ရှိကြရလေ၏။ထိုအခါ
ရှား။ ။“အတော်ဉာဏ်သွားတဲ့ အာဂ ဦးမင်းဟန်ပဗျာ။ ကျုပ်က သူ နောက်ကို လိုက်နေတုန်း သူ တပည့် မောင်ပေါက်စီကို ဓာတ်ကြိုးဆင်တဲ့ဘက်မှာ မရ ရအောင် သွင်းပြီး ကျုပ်အခန်း ဓာတ်ကြိုး ဆင်တဲ့အခါမှာ ဒီလက်နက်ကို ဆင်ထားခဲ့တာကိုးဗျ။ ပေါက်စီက လျှပ်စစ်ဘက်မှာ တော်တော်ကျွမ်းကျင်တဲ့ အကောင်ဗျ။ ဦးမင်းဟန်တပည့်မဖြစ်မီက- ဒီအလုပ်နဲ့ အသက်မွေးခဲ့တဲ့အကောင်ပဲ။ သို့သော်လဲ သူတို့ အတတ်ဟာကျုပ်ကိုမထိခိုက်ပဲ ဘဦးနှင့်ဘထူး ညီအစ်ကိုနှစ်ယောက်ကို ထိရှာတာကိုး . ကိုသောင်းတင်ရဲ့"
ကျွန်။ ။ “ဒီနေရာမှာထိုင်ယင် သေတတ်မှန်းသိပါလျက်နဲ့ ကိုဘထူးကို ခင်ဗျားက ဒီနေရာမှာထိုင်စေသလားဗျ"
ရှား။ “ဩော် ကိုသိန်းမောင်၊ ကိုသိန်းမောင်။ ကျုပ်အကြောင်းကို ဒီလောက်ပေါင်းလို့မှ ကောင်းကောင်းမသိသေးပဲဟာကိုးဗျ။ ကျုပ်က အပြစ်ပြုတဲ့ လူတယောက်ကို မိပေမယ့် မသေထိုက်ဘူးလို့ ကျုပ်သဘောရယင် မဖမ်းပဲ လွှတ်လိုက်ဖူးတယ် မဟုတ်လားဗျ။ ကိုဘထူးဆိုတဲ့လူက သူ မှာ ကြိုးကျလောက်တဲ့ ပြစ်ချက်လဲ ရှိတယ်ဗျ။ လူ့ပြည်မှာလဲ နေဖို့မထိုက်ဘူး။ဒီတော့ သူ ကိုဖမ်းပြီး အစိုးရလက် အပ်မယ့်အစား သူတို့အတတ်နဲ့သူတို့ပတ်သက်ပြီး အသက်ဆုံးရှုံးစေရယင် ကောင်းလိမ့်မယ်လို့ ကျုပ်သဘောရတဲ့အတွက် အခုလို စီမံလိုက်ခြင်း ဖြစ်တာပဗျာ။ ကိုင်း ကိုင်းဟိုညက ဘဦးသေပုံကို မမြမေပြောပြလိုက်ဦးကွယ်”
မေ။ ။“ဟိုညက ကိုဘဦးနဲ့ကျွန်မ ဒီမှာချိန်းထားပါတယ်ရှင်”
တင်။ ။“ဘယ်အတွက် ချိန်းထားသလဲ”
မေ။ ။“သူတို့လူစုက ဦးစံရှား မီးခံသေတ္တာဖွင့်နည်းကို ရအောင် တောင်းနေကြပါတယ်ရှင်”
တင်။ ။ “ဘယ့်နှယ်ကြောင့် တောင်းနိုင်သလဲ။ ဘယ်မှာသိကြသလဲ”
ရှား။ ။“နေပါစေဗျာ ကိုသောင်းတင်၊ ဒီအကြောင်းတော့ ကျုပ် နောက်မှ ပြောပြပါ့မယ်။ ဘဦးသေပုံကိုသာ သူပြောပြပါစေ။ ကိုင်း၊ ပြောပါတော့ မမြမေ”
မေ။ ။“ကျွန်မနဲ့ ကိုဘဦးနဲ့ ဒီအခန်းမှာ ချိန်းပြီးတွေ့ကြတော့ကျွန်မက သူတို့အသင်းကကျွန်မကို လွှတ်ပါတော့လို့ ကောင်းပန်ပြီး ဦးစံရှားဆီက ချေးထားတဲ့ ငွေ ၁၀ပိကို ထုတ်ပေးတယ်ရှင့်”
ရှား။ ။“ဒီတော့ သူက ဘာပြောသလဲ"
မေ။ ။“သူက ငွေကိုမလိုချင်ဘူးတဲ့။သေတ္တာဖွင့်နည်းကိုသာ လိုချင်တယ်ဆိုပြီး အတင်းတောင်းပါရောရှင်”
ရှား။ ။ဒီတော့ မင်းက ငြင်းတယ် မဟုတ်လား”
မေ။ ။ “ကျွန်မက ဇွတ်ငြင်းလေတော့ သူက ဒရဝမ်ကိုခေါ်ပြီးကျွန်မအဖြစ်အပျက်ကို အကုန် ဖော်ပြီးဦးစံရှားကို တိုင်မယ်လို့ဆိုပြီး ခလုတ်ကို နှိပ်လိုက်ပါရောရှင်။ နှိပ်လိုက် နှိပ်လိုက်ချင်း သေနတ်သံ ကြားပြီး တခန်းလုံး မှောင်သွားပါရောရှင်”
ရှား။ ။ "ဒီတော့ မင်းက ထွက်ပြေးရောလား”
မေ။ ။“ကျွန်မလဲ ကြောက်တာနဲ့ ထွက်ပြေးပါရောရှင်”
ရှား။ ။ "ငါ့သေနတ်ကို ဘယ်သူ့အတွက် ယူသွားသလဲ”
မေ။ ။ "ဒီလူတွေက လူတွေဆိုးမှန်းသိလို့ အတင်းအဓမ္မလုပ်ယင် ခုခံဖို့ သေနတ်ကို ခိုးသွားမိပါတယ်ရှင်”
ရှား။ ။ "ဒီလိုဗျာ ကိုသောင်းတင်ရဲ့၊ ဒီမိန်းကလေးက တနေ့က ကြိုးကျသွားတဲ့ ဦးဘထွန်းရဲ့သမီးကလေးကိုး။ ဦးမင်းဟန်ရဲ့အသင်းသားပဲလေ။ သူက အင်္ဂလိပ်စာလဲတတ်တယ်။ ဒီပညာနဲ့သူကအလုပ်တိုက်တွေ မှာ အလုပ်ရအောင် လျှောက်ပြီး တိုက်အခြေအနေကို သူ့အသင်းသားများကို သတင်းပေးရတာပေါ့ဗျာ။ ဒါနဲ့ ကျုပ်မှာ စာရေးတယောက်လစ်လပ်တယ်လို့ ကြော်ငြာလိုက်စဉ်အခါက ကျုပ်ကလဲ သူလာပြီး လျှောက်အောင်လို့ ထောင်ဖမ်းလိုက်တာပဲ။ သူတို့ကလဲ တခါဖြင့် တော်ပြီတဲ့လို့ ကျုပ်တိုက်ကို မမြမေ သွင်းလိုက် တာပဲ။ ဒီလိုနဲ့ တယောက်အကဲ တယောက်ကြည့်ပြီးနေကြတော့ မမြမေဆိုတဲ့ သူငယ်မက သာမညသူငယ်မ မဟုတ်ပဲ ဉာဏ်ပညာ ထက်မြက်တဲ့အပြင် စင်စစ် နဂိုသဘောမှာလဲ ရိုးဖြောင့်တဲ့ သဘောရှိကြောင်းကို ကျုပ် ရိပ်မိတာကိုးဗျ။ ခမျာမှာ မကောင်းတဲ့ မိဘလက်ထဲ ရောက်နေလို့သာ သူတို့ခိုင်းသမျှကို လုပ်ပြီးနေရ ရှာဘယ်။ စင်စစ် အတွင်းသဘောကတော့ တော်တော်ဖြူစင်တဲ့ သဘောပေါ့ဗျ။ ကျုပ်က ဒီအကြောင်း သိရှိလေတော့ ဒီသူငယ်မကို ဒီအသင်းက လွတ်အောင် ကြံစည်ပေးချင်တဲ့စိတ် ဖြစ်ပေါ်လာတယ်”
တင်။ ။"ဆရာဥစ္စာ 'သူခိုး တိုက်စိုးနှင်း' ဆိုတဲ့ စကားပုံအတိုင်း ဖြစ်နေပြီကော ဆရာရယ်”
ရှား။ ။“နားထောင်ပါဦးဗျ။ တိုက်စိုးနှင်းပေမယ်လို့ တချို့ လူကောင်းတွေ သဘောမှာ ကိုယ့်ကို လူတဘက်သားက အင်မတန်ယုံကြည်ပြီး အစစတိုင်ပင်တယ်၊ မျက်နှာလွှဲတယ်၊ အားထားတယ်လို့ ဆိုတဲ့ အခါ ဒီလူကို မကောင်းကြံရမှာ ပြန်ပြီး အားနာလာတာကိုးဗျ။ ကျုပ်ကလဲ မမြမေကို သော့လဲ အပ်၊ အလုပ်ဆိုယင် အကုန်လွှဲ၊ တိုင်ပင်စရာရှိယင်လဲ အကုန်ဖွင့်တိုင်ပင်၊ ဒီလိုလုပ်လေတော့ မူလက အကြံအစည် များကို မဆောင်ရွက်ဝံ့ပဲ ကျုပ်ကို ဦးလေးလို၊ ဖခင်လို ခင်ပြီး လာရှာတာကိုးဗျ။ မဟုတ်လား မမြမေ"
မေ။ ။“ဟုတ်ပါတယ် ဦး”
ရှား။ ။ “ကိုင်း ဒီတော့ မမြမေ မူလက လူဆိုးများရဲ့ အစေအပါးဖြစ်ပြီး သူတို့ခိုင်းရာကို လုပ်ရှာရပေမယ့် အခု ကျုပ်နဲ့တွေ့လို့ ကြင်ကြင်နာနာ ဖျောင်းဖျောင်းဖျဖျ ပြောတဲ့အခါမှာ လူကောင်း တယောက်၊ မိန်းမကောင်းတယောက် ဖြစ်ရှာပါပြီဗျာ။ လူဟာ တယ်ခက်တာမျိုးကလားဗျ။ မူလပင်ကိုယ် သဘောက ဘယ်လိုပင် ဖြူစင်သော်လဲ မကောင်းတဲ့ လူတွေထဲမှာ ကံကြမ္မာ အလျောက် ကျရောက်ပြန်ပြီ ဆိုမှဖြင့် လူဆိုးတယောက် ဖြစ်ရတာပဲဗျ။ အတွင်းသဘောက ကောက်ပေမယ့် စားနိုင် သောက်နိုင်တဲ့ မိဘလက်ထဲ ဝင်စားပြန်ယင်လဲ လူကောင်းရယ်လို့ ထင်ကြရပြန်တာပဲ .. ကိုသောင်းတင်ရဲ့။ ကိုယ့်ကိုယ်များလဲ ကိုယ် တယ်ပြီး မထင်ကြနဲ့နော်”
တင်။ “ဒါဖြင့် ဆရာလဲ လူဆိုးဝမ်းထဲ ဝင်စားယင် လူဆိုးကြီး ဖြစ်မှာပေါ့ဆရာ”
ရှား။ ။“မသိနိုင်ဘူးလေ၊ ဒီလိုများဆိုယင် ခင်ဗျားတို့ လူစုကို ကျုပ် ကောင်းကောင်းကြီး ဒုက္ခပေးမယ့် လူတယောက်ဖြစ်မှာပေါ့ဗျ”
စာကရှည်လို့ အဆုံးထိ မတင်တော့ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment