သူ့စာကို စစ်ကြည့်သောအခါ ပြောစကားနှင့် စာစကား မခွဲခြားတတ်သေးကြောင်း တွေ့ရပါသည်။
မြန်မာစာမှာ သဒ္ဒါ၊ ဝါကျ၊ သတ်ပုံ၊ စာရေးနည်း စသဖြင့် စည်းစနစ်တွေရှိတယ်။ အလွန်ခိုင်မာတဲ့ ပညာရပ် ဖြစ်တယ်။ မြန်မာစကားပြောတတ်ပေမဲ့ မြန်မာစာကို မှန်အောင် မရေးတတ်သူက မနည်းပါ။
စာရေးနည်းမှာ စကားပြောသလိုစာရေးနည်း ဖြစ်ပေါ်လာတာ ကြာပြီ။
ကျောင်းမှာ စာစီစာကုံးရေးနည်း သင်တယ်။ စာရေးဆရာတွေ အက်ဆေးလို့ပြောတာနဲ့ မတူပါ။ အက်ဆေးကို စာစီစာကုံးလို့ အဘိဓာန်မှာ ဘာသာပြန်တယ်။ တကယ်တော့ မတူပါ။
အခု လူမှုကွန်ရက်တွေမှာ ပို့စ်တွေမှာ၊ မက်စင်ဂျာမှာ၊ တက်စ်မှာ စာရေးကြတာတွေက အကုန်လုံး ရောထွေးနေတယ်။ စကားပြောတာ (အသံဖိုင်) နဲ့ စကားပြောသလိုစာရေးနည်း မတူပါ။
အခုတင်ပြတာက ဆရာလုပ်ပြီး စာသင်တာ မဟုတ်။ သတိပြုစေချင်၊ လေ့လာစေချင်၊ တန်ဘိုးထားစေချင်လို့ ဖြစ်ပါတယ်။ ကကြီး ခခွေးပါတိုင်း စာ မဟုတ်။
ကျွန်တော်လည်း ခပ်ပေါ့ပေါ့သဘောထားခိုက်မှာ မှားလေ့ရှိတယ်။
စာပေးနည်းမျိုး ရေးခြင်း - တက္ကသိုလ်မောင်မောင်ကြီး
အခြေခံပညာ သင်ရိုးမာတိကာ၊ အလယ်တန်း၊ အဋ္ဌမတန်းအတွက် မြန်မာစာတွင် ရေးနည်းများနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း တွေ့ရပါသည်။
ဖွင့်ဆို ရှင်းပြရေးနည်း၊ အကျိုးအကြောင်းပြရေးနည်း၊ ပြောစကားမှ စာစကား၊ စာစကားမှ ပြောစကားသို့ အပြန်အလှန်ရေးခြင်း ဟူ၍ ဖော်ပြထားပါသည်။
သင်ရိုးမာတိကာအရ ဆရာများက ကျောင်းသားများအား ဖွင့်ဆိုရှင်းပြရေးနည်း ကျိုးကြောင်းပြ ရေးနည်းတို့ကို အကျင့်ပေးထားရပေမည်။ ပြောစကားမှ စာစကားရေးတတ်အောင်၊ စာစကားမှ ပြောစကား ရေးတတ်အောင်လည်း အပြန်အလှန် သင်ပေးထားရပေမည်။
သင်ရိုးမာတိကာ သတ္တမတန်းတွင် ပြောစကား၊ စာစကားတို့ကို ခွဲခြားတတ်ပြီးဖြစ်မည်။ သရုပ်ဖော်အဖွဲ့နှင့် အကြောင်းပြန်အဖွဲ့၊ စာစီစာကုံးရေးနည်းနှင့် ဖြစ်စဉ်ပြ ရေးနည်းများကိုလည်း တတ်ပြီး ဖြစ်ပေမည်။
ကျွန်တော့အိမ်တွင် သတ္တမတန်းကျောင်းသား၊ အဋ္ဌမတန်းကျောင်းသားများရှိ၍ သင်ရိုးပေါက်မပေါက်သိအောင် စာပေးနည်းမျိုးကို အရေးခိုင်းကြည့်ပါသည်။
အဋ္ဌမတန်းကျောင်းသားအား သူ့အဖွားထံသို့ အရေးခိုင်းပါသည်။
သတ္တမတန်းကျောင်းသူအား သူ့အကိုထံသို့ အရေးခိုင်းပါသည်။ သတ္တမတန်းကျောင်းသားအား သူ့သူငယ်ချင်းထံ အရေးခိုင်းပါသည်။
သတ္တမတန်းကျောင်းသား ရေးသောစာမှ ကောက်နုတ်ချက်ကို ဖော်ပြလိုပါသည်။
သူငယ်ချင်းမောင်အေး
နေကောင်းရဲ့လား။ အကြောင်းမှာ အခုလာမည့် သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ ရန်ကုန်မြို့ကို လာလည်ရန် ဖိတ်ချင်လို့ စာရေးလိုက်ခြင်း ဖြစ်သည်။
သူ့စာကို စစ်ကြည့်သောအခါ ပြောစကားနှင့် စာစကား မခွဲခြားတတ်သေးကြောင်း တွေ့ရပါသည်။ အကြောင်းအရာနှင့် စပ်လျဉ်း၍ တဆယ့်ငါးမိနစ်အတွင်း ကြောင်းရေ နှစ်ဆယ်ကို သွက်သွက်ရေးနိုင်ကြောင်း တွေ့ရပါသည်။ သူငယ်ချင်းထံ ပေးစာတွင် ပြောစကားနှင့်ရေးလျှင် ပြောစကားချည်းသက်သက်ရေး၊ စာစကားဖြင့်ရေးလျှင် စာစကားချည်း သက်သက်ရေးရန် သူတို့ကို ပြောပြပါသည်။ မိမိပေးလိုက်သောစာကို သူငယ်ချင်းရ၍ ဖတ်သောအခါ စာစကားထက် ပြောစကားက ပို၍ သဘာဝကျမည်အကြောင်းလည်း ပြောပြပါသည်။
“သူငယ်ချင်းမောင်အေး၊ နေကောင်းရဲ့လား။ အကြောင်းကတော့ အခုလာမဲ့ သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ ရန်ကုန်ကို လာလယ်ဘို့ ဖိတ်ချင်လို့ စာရေးလိုက်တာဘဲကွာ” ဟု ရေးလျှင် သူငယ်ချင်းသည် မင်းအသံကို ကြားယောင်နေမည်။ မင်းပြောဆိုပုံကို သူသတိရနေမည်ဟု ပြောပြပါသည်။
သူငယ်မ ရေးသောစာမှာ အောက်ပါအတိုင်း ဖြစ်သည်။
အကိုလည်း လိမ်လိမ်မာမာနှင့် စစ်ပညာကို ကောင်းစွာသင်ကြားပါ၊ ဒီစစ်ပညာဟာ တိုင်းပြည်အတွက် အကျိုးပြုသောအလုပ်ဖြစ်သောကြောင့် အကိုတယောက် တိုင်းပြည်ကို အကျိုးပြုနိုင်သော သူရဲကောင်းတယောက် ဖြစ်ပါစေလို့ ဝေးမြေမှ ညီမ ဆန္ဒပြုပါသည် ဟု ရေးပါသည်။
သူ့စာလည်း ကျောင်းသားကဲ့သို့ပင် ပြောစကားနှင့် စာစကားရောထွေးနေသောစာ ဖြစ်ပါသည်။ စကားအထားအသို လည်း သဒ္ဒါစည်းကမ်းနှင့်မညီပါ။ ထိုကြောင့် သူ့ကိုပင် သူ့စာကို ပြောစကားသက်သက်ဖြင့် ပြန်ရေး ခိုင်းပါသည်။
“အကိုရေ၊ လိမ်လိမ်မာမာနေပါ။ စစ်ပညာကို ကောင်းကောင်းသင်ပါ။ စစ်ပညာဟာ တိုင်းပြည်ကို အကျိုးပြုတဲ့ အလုပ်တခုပါ။ အကိုလဲ တိုင်းပြည်ကို အကျိုးပြုမဲ့ သူရဲကောင်းတယောက်ဖြစ်ပါစေလို့ ဝေးမြေက ညီမက ဆန္ဒပြုပါတယ်” လို့ရေးလျှင် ပြောစကားချည်း ညီညွှတ်သွားမည် ဖြစ်ကြောင်း သူ့ကို ရှင်းပြပါသည်။
အဋ္ဌမတန်းကျောင်းသားလည်း သတ္တမတန်းကျောင်းသားများ ကဲ့သို့ပင် စာစကားနှင့် ပြောစကား ကွဲကွဲပြားပြား မရေးတတ်သေးပါ။ အကြောင်းအရာ သယ်သွားပုံမှာ ကျေနပ်စရာဖြစ်ပါသည်။ သူ့စာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
“ဖွားဖွားနှင့်တကွ တအိမ်သားလုံးထံ မြေးဖြစ်သူ ရိုသေစွာ စာရေးလိုက်ပါတယ်၊ ဖွားဖွားနေမကောင်းဘူးဆို၍ ကျွန်တော်တို့တအိမ်သားလုံး စိတ်မကောင်းကြပါ။ ဖွားဖွားအတွက် သောက်ရန်ဆေးကို ဖေဖေဝယ်ပြီး ပို့လိုက်ပါမည်။ မြေးလေးမို့မို့လည်း ဖွားဖွားကို သတိရပါသည်၊ ဖွားဖွား နေကောင်းပါစေလို့ ဆုတောင်းလျက်” ဟု ရေးပါသည်။
သူ့စာကို သူ့အဖွားဖတ်ရသောအခါ ဝမ်းသာမည်မှာ မလွဲပါ။ မြေးကလေးများကို သတိရမည်မှာ မလွဲပါ။ သို့သော် စာစကားဖြင့် ရေးသည်ထက် ပြောစကားနှင့် ရေးလျှင် ပို၍ နားဝင်မည့်အကြောင်း သူတို့ကို ရှင်းပြပါသည်။
သူတို့၏စာအသီးသီးကို ပြောစကားဖြင့် ပြင်ပေးပြီးသောအခါ စိုးရိမ်ချက်တခု ကျွန်တော့်စိတ်အတွင်း ဝင်လာပါသည်။
သူတို့တတွေ လှေနံဓားထစ်မှတ်ပြီးတော့ စာစီစာကုံးရေးတဲ့အခါမှာရော၊ ပြဋ္ဌာန်းစာများကို ဖြေတဲ့အခါမှာရော ပြောစကားနဲ့ရေးရင် စာအရေးအသား ပျက်တော့မှာဘဲဟု ပူပန်လာပါသည်။
ထို့ကြောင့် သူတို့အား စာပေးနည်းမျိုး ရေးတဲ့အခါမှာသာ ပြောစကားနဲ့ရေး။ စာစီစာကုံးရေးတဲ့အခါတို့၊ ပြဋ္ဌာန်းစာတွေကို ဖြေတဲ့အခါတို့မှာတော့ စာစကားနဲ့ရေးလို့ မှာရပါသည်။
“အချုပ်ကတော့ကွာ၊ အဖွားတို့၊ အကိုတို့၊ သူငယ်ချင်းတို့ဆီကို ပေးတဲ့စာတွေမှာ ကိုယ်ပြောနေတာတွေကို ဖတ်တဲ့လူက စိတ်နားနဲ့ကြားအောင် ပြောစကားနဲ့ ရေးပေါ့ကွာ။ စာစီစာကုံးတို့၊ ဖြေဆိုတဲ့အခါမျိုးတို့ကျတော့ စာအရေးအသား၊ စာရေးနည်းမျိုးနဲ့ဆိုင်တော့ စာစကားနဲ့သာ ရေးရမယ်နော်။ စာပေးနည်းမျိုး ရေးခြင်းနဲ့ စာအရေးအသား ရေးခြင်းကို သဲသဲကွဲကွဲမှတ်ကြနော်” ဟု မှာကြားပါသည်။
သူတို့လည်း “ဟုတ်ကဲ့”ဟု ပြိုင်တူ ဝန်ခံကြပါသည်။
သို့ရာတွင် သူတို့လို ပြောစကားနှင့် စာစကား ရောထွေး ရေးသော ကျောင်းသားမျိုး အမြောက်အမြားရှိမည်ကို ကျွန်တော်တွေးမိပါသည်။
သင်ရိုးမာတိကာအတိုင်း ဆရာများက ပြောစကားနှင့် စာစကားကို အခါအားလျော်စွာ ခွဲခြားသင်ပြပေးလျှင်မူ သူတို့တတွေ ပြောစကားနှင့် စာစကား ကွဲပြားရှင်းလင်းသွားမည်ဟု ကျွန်တော်ယုံကြည်ပါသည်။
၇၊ ၈၊ ၁၉၆၉
ရုံးက computer မှာ ပြည်ထောင်စုဖောင့်ပဲ အဆင်ပြေလို့ အဲဒီဖောင့်နဲ့ ရိုက်ထားလိုက်တယ်ရှင့်၊
ကျေးဇူး။
ဒေါက်တာတင့်ဆွေ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment