Skip to main content

မီ နဲ့ မှီ

မီ နဲ့ မှီ လည်း အမှားများကြပါသည်ဆရာ
ဟုတ်တယ်။ ဟိုအရင်ကလည်း မီ နဲ့ မှီ မှားကြပါတယ်။
ဆောင်းအမီကို ဆောင်းအမှီလို့ ခေါင်းစဉ်တပ်ထားတဲ့ ပြန်ဆိုသီချင်း တင်ထားတာတွေ့တယ်။ မီ နဲ့ မှီ ရေးထွေးရေးနေကြတယ်။
တေးရေး သောတမောင်၊ အဆို မေလှမြိုင်သီချင်းတင်ထားတာကတော့ ဆောင်းအမီ မှန်တယ်။ ဓါတ်ပြားမှာ  ဆောင်းအမှီ ဖြစ်နေပြန်ရော။
မီ ဆိုတာ မတိုင်ခင်ကသဘောမှာ သုံးတယ်။ မ နဲ့တွဲပြီးသုံးတယ်။
မတိုင်မီ၊
မကြာမီ၊
မလာမီ၊
မသွားမီ၊
မပြောမီ၊
အချိန်မစေ့မီ။
နိုင်သည်သဘောလည်းသုံးတယ်။ လှမ်းယူလို့ရနိုင်သည်၊ လိုက်လို့ရနိုင်သည်။ မီအောင်လိုက်ပါ၊ မီအောင်ဆိုပါ။
မှီ ကို အားကိုးအားထားပြုသည်မှာသုံးတယ်။
တိုင်ကိုမှီနေသည်၊
မှီကပ်နေသည်၊
မှီတင်းနေထိုင်ကြသည်၊
မှီငြမ်းပြုသည်၊
မှီဝဲပါ၊
မှီအုံး၊
မှီခိုသူ။
လှတာလိုက်လို့မမှီဘူးလို့ရေးတာ မမှန်ပါ။ လှတာလိုက်လို့မမီဘူးဆိုတာ သူတပါးလှတာကို လိုက်လို့မမီဘူးလို့ ရေးချင်တာ ထင်တယ်။ လှတာက နာမဝိသေသန (သို့) နာမ်။ မမီဘူးဆိုတာက ကြိယာဝိသေသန။ သဒ္ဒါအရ မှားတယ်။ လှတာကို မှီခိုတာဆိုရင် အဓိပ္ပါယ်တမျိုးဖြစ်တယ်။ သူ့အလှကို လိုက်မမီဆိုရင် မှန်တယ်။ ဒါပေမဲ့ သီချင်းတွေ ကဗျာတွေမှာ ဝါကျတည်ဆောက်သလို မရေးတာမျိုးလည်း ရှိပါတယ်။
မကြာမီလာမည် မျှော်။ ကြီးရင် မှီ၊ ငယ်ရင် ချီ။
မောင်ပန်းမွှေး ယုန်လိုက်တယ်။ တောကျောင်းဘုန်းကြီး မြင်လိုက်တယ်။ လိုက်ကြပါလား တပည့်များ။ လိုက်လို့မမီ ပြေးပြန်ပြီ။ (အမည်မသိစာဆို)
ဘယ်ပန်းချီရေးလို့ မမီ (ဇော်ဝမ်း) https://www.youtube.com/watch?v=SnbTOvfewq0
ဆောင်းအမီ - စောင်းလှိုင်ဝင်းမောင် နှင့် အဖွဲ့ https://www.youtube.com/watch?v=bebmS0ScU8Y
အရင် နဲ့ အယင်လည်း ဟိုကတည်းက ရောထွေး ရေးခဲ့ကြပါတယ်။ မြန်မာစာဟာ နက်နဲကျယ်ပြန့်ပြီး မူကွဲတွေများတယ်။ တရားသေလိုက်ရေးခိုင်းတဲ့စနစ် မမှန်ပါ။
ဆောင်းအမီ (မေလှမြိုင်) ရှားပါးဓါတ်ပြားတေး https://www.youtube.com/watch?app=desktop&v=FPmp7-QI1iQ
တေးရေး - သောတမောင်
တေးဆို - ခင်ယုမေ https://www.facebook.com/100080726842723/videos/3385560978346164?idorvanity=1622572604665663
မီ နှင့် မှီ https://dr-tint-swe.blogspot.com/2021/11/blog-post_748.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ