အာ့၊ အာ့လို၊ အဲ့ စသဖြင့် ရေးလာကြတာ သိပ်မကြာလှသေးပါ။ အရင်က မသုံးပါ။ မြန်မာစာ အဆင့်အတန်း နိမ့်သထက်နိမ့်ကျလာရာကနေ စကားပြောအသုံးမှန်၊ စာရေးသတ်ပုံမှန်တွေပါ မှားယွင်းလာပါတယ်။ အခြေအနေကတော့ အမှန်ရေးရင် မဖတ်တတ်၊ မရောင်းရ၊ လူကြိုက်နည်း။ အမှန်ပြော တောသားထင်ကြမယ်။
- ဤ ထို ယင်း ၎င်း က အဓိပ္ပာယ်တူ သုံးလို့ရတဲ့ နာမ်စားတွေပါ။ ယင်း သုံးလည်း အတူတူပဲ။ ဘုရင်၊ မင်းညီမင်းသား လိုဟာတွေလည်း သုံးတာ။ ၎င်း နာမ်စား သုံးလို့ ဆရာ့ဂုဏ် နိမ့်သွားစရာ မရှိပါဘူး။ မဟိုဟာရမယ့်နေရာ ဟိုဟာနေကြတာပဲ။
- မြန်မာ အဘိဓာန် ၎င်း နစ နာမဝိသေသန ယင်း။ ထို။
လည်းကောင်း၊ သော်လည်းကောင်း နဲ့ ၎င်း ကတော့ မတူပါ။ တချို့က အမှုမဲ့အမှတ်မဲ့ ရောရေးနေကြတယ်။ ကာရာသည် မော်ဒယ် အဖြစ်လည်းကောင်း ရုပ်ရှင်းသမီးအဖြစ်လည်းကောင်း နာမည်ကြီးသည်။ ဆေးအတတ်သည်လည်းကောင်း၊ သဒ္ဒါကျမ်းအတတ်သည်လည်းကောင်း၊ နီတိကျမ်းအတတ်သည် လည်းကောင်း သင်ယူအပ်၏။ ခွဲစိတ်နေစဉ်အတွင်းလည်းကောင်း၊ ခွဲစိတ်ပြီးသည့်အချိန်တွင်လည်းကောင်း အရေးကြီးပါသည်။
၎င်းဖေ့စ်ဘွတ်သုံးသူတို့သည် စာရေးသားရာတွင်လည်းကောင်း၊ စကားပြောဆိုရာတွင်လည်းကောင်း မှားယွင်း လွဲချော်နေကြပေသည်။ ဆောရီး။
ဒါ
ကာလီဒါသ
ဒါနပြုသည်
ဒါယတာ
ဒါယိကာမ
ဒါလီ
ဒါသကျွန်
ဒါနောရက္ခိုသ် တွေသာဖြစ်ပါတယ်။
နာမ်စားတွေဖြစ်တဲ့ ထို၊ ထိုအရာ၊ ယင်း၊ အနှီ၊ ဤ၊ ဤအရာ၊ ၎င်း၊ စတာတွေကို စာရေးရာမှာသုံးတယ်။
ဒါ၊ အဲဒါ၊ အဲတာ၊ ထိုဟာ၊ ဤဟာ၊ ၎င်းဟာ၊ ဟိုဟာ၊ ဟိုဒင်း၊ ဟိုဒင်းဟိုဟာ၊ ဒီ၊ ဒီဟာ၊ သည်ဟာ၊ ဒင်း၊ ဒင်းတို့၊ သင်း၊ သင်းတို့ စတာတွေကို စကားပြောရာမှာ သုံးကြတယ်။ အဲ့ နဲ့ အဲ့ဒါကို အရင်က မသုံးခဲ့ပါ။ အဲ့အဲ့တွေ၊ အော့အော့တွေလို့ အညစ်အကြေးကိုပြောပါတယ်။ ကန်တော့။
စကားပြောစာရေးနည်းကို တွင်တွင်ကျယ်ကျယ်သုံးရာကနေ စံကိုက်သတ်ပုံစာရင်းထဲ ရောက်လာတာတွေရှိပါတယ်။ ယနေ့၊ ကနေ့၊ နံနက်၊ မနက်၊ ရယ်မော၊ ရီမော စတာတွေ များတယ်။
ကျွန်တော်တို့ ငယ်စဉ်က နာမ်စားတွေနဲ့ အခုခေတ်သုံးတာတွေ မတူလှပါ။ ဆရာတင်မိုးကဗျာထဲက (ကိုယ်) အသုံးကို အထူးသဖြင့် မန္တလေးမှာ တွင်ကျယ်ခဲ့တယ်။ ဝတ္ထုတွေထဲမှာ ကိုယ်နဲ့ မောင်ကို သုံးကြတယ်။ ခင်လို့လည်း ရေးတယ်။
– ၎င်း၊
– ကျွန်မ၊
– ကျွန်တော်၊
– ကျွန်ုပ်၊
– ကျွန်နော်၊
– ကိုယ်၊
– ကိုယ်တော်၊
– ကျမ၊
– ကျုပ်၊
– ကျနော်၊
– ခင်၊
– ခင်ဗျား၊
– ခင်ဗျားတို့၊
– ခင်ဗျားကြီး၊
– ငါ၊
– စားသုံးသူများ၊
– ဆရာဆရာမ၊
– ဆရာသမား၊
– ညည်း၊
– ညီအကိုမောင်နှမများ၊
– ညီလေး၊
– တပည့်၊
– တပည့်တော်၊
– ထို၊
– ဒကာ၊ ဒကာမ၊
– ဒင်း၊
– ဒီကောင်မ၊
– ဒီကောင်မလေး၊
– နင်၊
– နားဆင်သူများ၊
– ပရိတ်သတ်ကြီး၊
– ကြွရောက်ချီးမြှင့်သူများ၊
– ဘယ်၊
– မင်း၊
– မင်းတို့ကောင်တွေ၊
– မင်ဘာများ၊
– မမ၊
– မိဘ၊
– ယင်း၊
– ရှင်၊
– ရှင်၊
– ရှင်တို့၊
– ရဲဘော်တို့၊
– လူကြီးမင်း၊
– သင်း၊
– သင်၊
– သည် (ဒီ)၊
– သမီး၊
– သား၊
– သာဝကများ၊
– သူ၊
– ဟိုဒင်း၊
– ဟိုကောင်၊
– အကျွန်ုပ်၊
– အကျွန်၊
– အချို့၊
– အဖွဲ့ဝင်များ၊
– အဘယ်၊
– အရှင်ဘုရား၊
– အသင်းဝင်များ၊
– အားလုံး၊
– အဒေါ်၊
– အပေါင်းအသင်းတို့၊
– အဲဒါ (အဲတာ)
– အနှီ၊
– ဤ၊
– ဦးလေး၊
– ကောင်မ၊
– ကျောင်းသူကျောင်းသား၊
– နောက်လိုက်နောက်ပါများ၊
– ဖေါ်လိုဝါများ၊
– ဖေါက်သည်များ၊
– ဘော်ဒါတွေ၊
– မောင်၊
– မောင်မင်းကြီးသား၊
– ရောင်းရင်းတို့၊
– ရွှေပွဲလာပရိသန်များ၊
– သောတရှင်များ၊
နာမ်စား (၄) မျိုး
၁။ ပုဂ္ဂလနာမ်စား
၂။ အညွှန်းနာမ်စား
၃။ အမေးနာမ်စား
၄။ သင်္ချာနာမ်စား
ပုဂ္ဂလနာမ်စား
ပုဂ္ဂိုလ်၏ အစားသုံးသော နာမ်စားကို ပုဂ္ဂလနာမ်စား ဟုခေါ်သည်။ ပုဂ္ဂလနာမ်စား (၃) မျိုးရှိသည်။ ၎င်းတို့မှာ −
(က) ပြောသူနာမ်စား
(ခ) ကြားနာသူနာမ်စား
(ဂ) အပြောခံနာမ်စား
ပြောသူနာမ်စား
(၁) ပြောသူနာမ်၏ အစားသုံးသော ပုဒ်ကို ပြောသူနာမ်စား ဟုခေါ်သည်။
ဥပမာ −
ငါ၊ ကျွန်တော်၊ ကျွန်မ၊ ကျွန်ုပ်၊ ကျုပ်၊ ကိုယ်၊ တပည့်တော်၊ တပည့်တော်မ။
ငါ ဂုဏ်ထူးရအောင် ကြိုးစားမယ်ဟု မောင်မောင်က ပြောသည်။ ဤဝါကျ၌ ငါသည် မောင်မောင် ဟူသော နာမ်၏ အစားသုံးသော နာမ်စား ဖြစ်သည်။ မောင်မောင်သည် ပြောသူနာမ် ဖြစ်သည်။ ထို့ကြောင့် ငါ သည် ပြောသူနာမ် ဖြစ်သည်။ ထို့ကြောင့် ငါ သည် ပြောသူနာမ်စား ဖြစ်သည်။
ထို့နည်းတူ ကျွန်တော်၊ ကျွန်ုပ်၊ ကျုပ်၊ ကိုယ်၊ တပည့်တော်၊ တပည့်တော်မတို့သည် ပြောသူနာမ်၏ အစားသုံးသော ပြောသူနာမ်စား ဖြစ်သည်။
(၂) ပြောသူနှင့် ကြားနာသူတို့၏ အသက်အရွယ်၊ အဆင့်အတန်း၊ ခင်မင်ရင်းနှီးမှုစသည့် အခြေအနေတို့ကို လိုက်၍ ပြောသူနာမ်စား အမျိုးမျိုးကွဲပြားသည်။
ဥပမာ − ငါတို့ရုပ်ရှင်သွားကြည့်ရအောင်ဟု ခင်ခင်ကပြောသည်။
(ခ) ကျွန်တော် ကြီးလာလျှင် ဆရာဝန်ကြီးလုပ်မည်ဟု မောင်ရေခဲက ပြောသည်။
(ဂ) ကျွန်မ ကြီးလာလျှင် ကျောင်းဆရာမကြီးလုပ်မည်ဟု မဝိုင်းက ပြောသည်။
(ဃ) ဤအမှုကို ကျွန်ုပ် စီရင်ချက် ချမည်ဟု တရားသူကြီးက ပြောသည်။
(င) ကျုပ်တို့ရွာကို လာလည်ပါအုံးဟု မကျည်းတန်က ဖိတ်ခေါ်သည်။
(စ) ကိုယ် နက်ဖြန် မောင်ရင်တို့အိမ်ကို လာခဲ့ဦးမယ်ဟု ဖိုးအေးက ပြောသည်။
(ဆ) တပည့်တော် ပြန်ပါရစေဦးဘုရားဟု ဆရာတော်အား ဒကာကြီး ဦးတင်က ခွင့်ပန်သည်။
(ဇ) တပည့်တော်မ၏ အိမ်ကို မနက်ဖြန် အရုဏ်ဆွမ်းဘုဉ်းပေးရန် ကြွပါဘုရားဟု ဒကာမကြီး ဒေါ်မေက လျှောက်သည်။
ကြားနာသူနာမ်စား
(၁) ကြားနာသူ၏ အစားသုံးသောပုဒ်ကို ကြားနာသူနာမ်စား ဟုခေါ်သည်။
ဥပမာ −
မင်း၊ ခင်ဗျား၊ ရှင်၊ နင်၊ သင်၊ ညည်း။
ပြောသူသည် ကြားနာသူကို တိုက်ရိုက် ရည်ညွှန်းပြောဆိုသောအခါ ကြားနာသူ၏ အမည်ကို သုံးမည့်အစား နာမ်စားကို သုံး၍ ပြောသည်။ ထိုနာမ်စားသည် ကြားနာသူ၏ အမည်ကို အစားသုံးသောကြောင့် ကြားနာသူနာမ်စား ဖြစ်သည်။
မင်းကို အထူးအဆန်းတခု ပြောရအုံးမယ်ဟု မောင်ဇော်ကို မောင်ရေခဲက ပြောသည်။ ဤဝါကျ၌ မောင်ဇော်သည် ကြားနာသူနာမ်ဖြစ်သည်. မင်းသည် မောင်ဇော်ဟူသော ကြားနာသူနာမ်စား၏ အစားသုံးသော နာမ်စားဖြစ်သည်။ ထို့ကြောင့် မင်းသည် ကြားနာသူ နာမ်စား ဖြစ်သည်။ ထိုနည်းတူ ခင်ဗျား၊ ရှင်၊ နင်၊ သင်၊ ညည်း တို့သည် ကြားနာသူနာမ်၏ အစားသုံးသော ကြားနာသူနာမ်စားများ ဖြစ်ကြသည်။
(၂) ပြောသူနှင့် ကြားနာသူတို့၏ အသက်အရွယ်၊ အဆင့်အတန်း၊ ခင်မင်ရင်းနှီးမှု စသည့်အခြေအနေတို့ကိုလိုက်၍ ကြားနာသူ နာမ်စားအမျိုးမျိုး ကွဲပြားသည်။
ဥပမာ −
ခင်ဗျား အတွေးအခေါ် အလွန်ကောင်းပါပေသည်ဟု ဦးလှကို ဦးဘက ချီမွမ်းသည်။
ရှင် ပြန်လာသည်အထိ စောင့်နေပါမည်ဟု မဖြူက မောင်နီကို ပြောသည်။
နင် ကျောင်းမှန်မှန် တက်ဖို့ကောင်းသည်ဟု မလှက မောင်ဘကို သတိပေးသည်။
သင်၏ ကျေးဇူးကို မမေ့ပါဟု ကြွက်ကလေးက ခြင်္သေ့မင်းကို ပြောသည်။
ညည်း ကို မတွေ့ရသည်မှာ ကြာပြီဟု မစပယ်က မနှင်းဆီကို ပြောသည်။
အပြောခံနာမ်စား
(၁) အပြောခံနာမ်၏ အစားသုံးသော ပုဒ်ကို အပြောခံနာမ်စားဟု ခေါ်သည်။
ဥပမာ − သူ၊ သင်း၊ ယင်း၊ ၎င်း။
ပြောသူနှင့် ကြားနာသူတို့၏ အကြား၌ အပြောခံ ပုဂ္ဂိုလ်တဦးရှိတတ်သည်။ ထိုအပြောခံ ပုဂ္ဂိုလ်သည် အပြောခံနာမ် ဖြစ်သည်။ အဆိုပါ အပြောခံနာမ်၏ အစားသုံးသော နာမ်စားသည် အပြောခံနာမ်စား ဖြစ်သည်။
မောင်ဇော်ကို မနေ့က မတွေ့ဘူး။ သူနေမကောင်းဘူး ထင်ပါရဲ့ဟု မောင်ရေခဲကို မဝိုင်းက ပြောသည်။ ဤဝါကျ၌ ပြောသူသည် မဝိုင်းဖြစ်၍ ကြားနာသူသည် မောင်ရေခဲ ဖြစ်သည်။ မဝိုင်းနှင့် မောင်ရေခဲတို့သည် မောင်ဇော်၏ အကြောင်းကို ပြောနေခြင်း ဖြစ်သောကြောင့် မောင်ဇော်သည် အပြောခံနာမ် ဖြစ်သည်။ ထို့ကြောင့် သူသည် အပြောခံနာမ် မောင်ဇော်၏ အစားသုံးသော အပြောခံနာမ်စားဖြစ်သည်။
(၂) ထိုနည်းအတူ သင်း၊ ယင်း၊ ၎င်း တို့သည်လည်း အပြောခံနာမ်၏ အစားသုံးသော အပြောခံနာမ်စားများ ဖြစ်ကြသည်။
ဥပမာ −
မောင်ညိုသည် အလွန်မိုက်ရိုင်းသည်။ သင်းကို သတိထားဟု မောင်အေးအား ဒေါ်မြက ပြောသည်။
မြမြသည် သူတပါးကို ကူညီလေ့ရှိသည်။ ၎င်းကို လူတိုင်းက ခင်မင်ကြသည်။
မောင်ရွှေသည် ဖျားနေသည်။ ယင်းကို ဆရာဝန်က ဆေးထိုးပေးသည်။
သင်္ချာနာမ်စား
အရေအတွက်နှင့် ပမာဏကို ပြသော နာမ်စားကို သင်္ချာနာမ်စား ဟုခေါ်သည်။ သင်္ချာနာမ်စား (၂) မျိုးရှိသည်။ ယင်းနာမ်စား (၂) မျိုးတို့မှာ —
(က) အရေအတွက်ပြသင်္ချာနာမ်စား
(ခ) ပမာဏပြသင်္ချာနာမ်စား
အရေအတွက်ပြသင်္ချာနာမ်စား
အရေအတွက်ကိုပြ၍ နာမ်၏အစားသုံးသောပုဒ်ကို အရေအတွက်ပြသင်္ချာနာမ်စား ဟုခေါ်သည်။
အရေအတွက်ပြသင်္ချာနာမ်စားတို့မှာ တခု၊ တစောင်၊ သုံးကောင်၊ နှစ်စင်း စသည်တို့ ဖြစ်ကြသည်။
ဥပမာ –
မြန်မာပြည်၌ ထင်ရှားသော ပင်လယ်ကမ်းခြေ နှစ်ခုရှိသည်။ တစခုသည် ငပလီကမ်းခြေဖြစ်၍ တခုမှာ မောင်းမကန်ကမ်းခြေ ဖြစ်သည်။
အစ်ကိုကြီးသည် သတင်းစာသုံးစောင်ကို ဈေးကဝယ်လာသည်။ နှစ်စောင်သည် မြန်မာသတင်းစာဖြစ်၍ တစောင်မှာ အင်္ဂလိပ်သတင်းစာ ဖြစ်သည်။
ဦးဖိုးမြသည် နွားငါးကောင်ကို မွေးထားသည်။ သုံးကောင်သည် နို့စားနွားများဖြစ်၍ နှစ်ကောင်မှာ ခိုင်းနွားဖြစ်သည်။
ဘူတာရုံ၌ မီးရထားလေးစင်း ဆိုက်နေပြီး နှစ်စင်းသည် အစုန်ဖြစ်၍ နှစ်စင်းမှာ အဆန်မီးရထားဖြစ်သည်။
ပမာဏပြသင်္ချာနာမ်စား
ပမာဏကိုပြ၍ နာမ်၏ အစားသုံးသောပုဒ်ကို ပမာဏပြသင်္ချာနာမ်စားဟု ခေါ်သည်။ ပမာဏပြသင်္ချာနာမ်စားတို့မှာ အချို့၊ အားလုံး၊ အများစု စသည်တို့ ဖြစ်ကြသည်။
ဥပမာ –
တောင်းထဲ၌ သရက်သီးများရှိသည်။ အချို့မှာ မှည့်ပြီ။
ကျောင်းသားများသည် ကျောင်းဝင်းထဲ၌ သန့်ရှင်းရေး လုပ်နေကြသည်။ အများစုက ချုံများကို ရှင်းလင်းကြသည်။
ခုခေတ်ပေါ် အမျိုးတို့၊ ကင်ကင်တို့၊ ကွကို (ကွကိုယ်)၊ ကိုယ်တွေ (ကိုဒွေ) အသုံးက ဘယ်လောက်တာရှည်ခံမလဲ မပြောနိုင်သေး။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေကို ရေးထားသူတချို့က အဲ့ဒါမှလို့ မှားရေးထားတာတွေ့တယ်။ အသံထွက်မှန်က (အဲ) ကို အသံနည်းနည်းရှည်ရှည်ဆိုရတယ်။ (အဲ့) မဟုတ်။ ကလေးတွေ မကိုင်သင့်တာတွေကိုင်ရင်၊ စားရင် အဲ့အဲ့တွေ၊ အော့အော့တွေ မကိုင်ရဘူး၊ မစားရဘူးလို့ ပြောပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment