တချက်လောက်လို့ ပြောဆိုသုံးနှုံးလာကြတာ သိပ်မကြာသေးပါ။ ကျွန်တော်ပြည်တွင်းမှာနေစဉ်က အဲလို ပြောလေ့မရှိသလောက် နည်းတယ်။ ၂၀၁၈ ခုနှစ်အလည်ပြန်တော့ လူအတော်များများ တချက်လောက်လို့ ပြောကြတာ နေရာတိုင်းလိုလိုမှာ ကြားခဲ့ရတယ်။ ဆန်းနေတာအမှန်ပါ။
အရင်က တဆိတ်လောက်လို့ ပြောကြလေ့ရှိတယ်။ တောင်းတဲ့ အကူအညီက သေးသေးမွှားမွှား၊ အချိန်ကာလလည်း မကြာဘဲ ပြီးစီးနိုင်တဲ့သဘော။
တဆိတ်လောက်ကို Pardon me လို့ အင်္ဂလိပ်လိုဘာသာပြန်တာတခု တွေ့တယ်။ အဲလိုတော့ မဟုတ်လို့ ထင်ပါတယ်။ အဲဒီအင်္ဂလိပ်စာလုံးက တောင်းပန်တဲ့သဘော ပါတယ်။ ဥပမာ တဖက်လူက ပြောလိုက်တာကို နားမရှင်းလို့ ပြန်ပြောပါဦး သဘောမျိုး။
Excuse me အသုံးက ခပ်ဆင်တင်။ ထပ်တူတော့ မကျပါ။ ပိုပြီး အသုံးများတယ်။ လမ်းပေးပါမှာ သုံးတယ်။ လေတက်တာ၊ ချောင်းဆိုး၊ နှာချေတာမှာ သုံးတယ်။ ခွင့်တောင်းတာမှာ သုံးတယ်။
အင်္ဂလိပ်စာလုံး (ပလိစ်) ကို အတူယူပြီး ကျေးဇူးပြုပြီးလို့လည်း ပြောဆိုရေးသားကြပါသေးတယ်။ ဗမာစကား အစစ်မဟုတ်ပါ။ အသုံးတော့ များတယ်။
အရပ်စကားမှာ အပန်းမကြီးရင်လို့ အကူအညီမတောင်းမီ စကားခံလေ့ရှိသေးတယ်။
မရိုမသေလို့လည်း စကားခံလေ့ရှိတယ်။
ကန်တော့ပါလို့လည်း နေရာအလိုက် သုံးတယ်။
တဆိတ်ကလေး ကူညီပါအုန်း။
အင်္ဂလိပ်တွေက ၂ ပဲနိ (၂ ဆင့်)လောက်လို့ ပြောလေ့ရှိတယ်။ ဗမာတွေက ၂ပြားဘိုးလောက်။ တပြားသားမှ မလျှော့ဘူး။
စကားအသုံးတွေ သင့်မှန်၊ ယဉ်ကျေးပြီး နေရာအလိုက်၊ ကိစ္စကြီးငယ်အလိုက် ရွေးသုံးတတ်ရင် ပိုကောင်းတယ်။ ကျွန်တော်လည်း အကုန် မသိပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment