Skip to main content

မယားနိုင်သော မှို

မောင်ထင်

ကိုကွန်းသည် လောကကြီးကို စိတ်နာသည်။ သူ့ဘဝကိုလည်း သူ မကျေနပ်။ သူတပါး နေပုံထိုင်ပုံ ကိုလည်း မကျေနပ်။ ထို့ကြောင့်လည်း ယခု အိမ်မှ ထွက်လာပြီးလျှင် လူသံသူသံ မကြားရသည့် မြို့စွန် မြို့ဖျား တောတန်းကလေးတွင် ဟိုဟိုသည်သည် လမ်းလျှောက်နေသည်။ သူ သည်းညည်း မခံနိုင်သော အကြောင်းတခု ရှိသည်။ ထို့ကြောင့် “ငါ မခံဘူး” ဟု တယောက်တည်း မြည်တွန် တောက်တီး နေလေသည်။

ကိုကွန်း၏ ရုပ်ရည် ရူပကာမှာ မျက်ဝန်း နက်သည်။ နှုတ်ခမ်းမွေး ထူသည်။ မေးစေ့ နှစ်ထပ် ရှိသည်။ လူဗလံကလေး တဦး ဖြစ်သော်လည်း လမ်းသွားရာ၌ မိမိကိုယ်ကို မိမိ မတ်၍ သွားတတ်သည် ဖြစ်ရာ၊ အိမ်ထောင် မကျမီက ဆိုလျှင် သူယူမည့် မိန်းမက သူ့ကို စစ်သွေး စစ်မာန် ပါသောသူ ဟူ၍ပင် ဆို၏။ ထိုမိန်းမနှင့် ညားသောအခါ မိန်းမက သူ့ယောက်ျားကို ဘိုသီဘတ်သီ နေတတ်သည် စသဖြင့် အမျိုးမျိုး ပြစ်တင် ပြောဆိုလေ့ ရှိသည်။

ထိုနေ့က လင်မယား ရန်ဖြစ် ကြသည်မှာ မဂျမ်းဘုံကြောင့် ဖြစ်သည်။ မဂျမ်းဘုံကား သူ့မိန်းမ၏ သူငယ်ချင်း ဖြစ်၏။ မဂျမ်းဘုံသည် အားလပ်သော နေ့ကြီး ရက်ကြီး များတွင် ကိုကွန်းက မဖိတ်ထားဘဲနှင့် လာရောက် လည်ပတ်၍ အတင်းစကား အဖျင်းစကား ပြောရင်း ထမင်း ဝင်စား တတ်သောသူ ဖြစ်သည်။ သူသည် တောက်တောက်ပပ အရောင်ကို နှစ်သက်တတ်သော မိန်းမစား ဖြစ်သည်။ ဟောင်ဖွာ ဟောင်ဖွာ စကား ပြောတတ်သည်။ ရယ်စရာ ရှိလျှင် ကျယ်လောင် မာလောင် ရယ်တတ်သည်။ ယခုတကြိမ် အိမ်လာ လည်သည်တွင် သူကဲ့သို့ပင် ဟန်ကြိးပန်ကြီး လုပ်တတ်သော သူ့အဖော် ဆိုသူ ယောက်ျား တယောက်နှင့် အတူ လာသည်။ ထမင်းစားပွဲ၌ ကိုကွန်းက အလိုမကျ သောကြောင့် စကား မပြောဘဲ ထိုင်သည်။ သူ့မိန်းမ မဂျမ်းဘုံနှင့် အဖော် သုံးဦးသားကား  စကားကို ဖောင်လောက်အောင် ပြောကြသည်။ စကား ပြောရုံနှင့်လည်း မပြီး။ အော်ကျယ် အော်ကျယ်နှင့် ရယ်ကြ မောကြသည်။ ထိုမျှအထိ ကိုကွန်းက သည်းခံ နိုင်ပါ၏။ သို့သော် ထမင်း စားပြီးသော အခါ မဂျမ်းဘုံသည် သံကြောင် သံကြားနှင့် သီချင်း ဆိုပါလေ တော့သည်။ ထိုမျှလောက် လွန်လာသော အခါ စိတ်မရှည် နိုင်တော့ချေ။ ဆူဆူညံညံ အသံကို အိမ်နီးပါးချင်းများ ကြားမှာ စိုးသည်။ လမ်းပေါ်၌ သွားလာနေသော သူများလည်း ကြားကုန်ကြ လိမ့်မည်။ တရပ်လုံး နားမခံသာ ဖြစ်လာလျှင် ကိုကွန်းတို့ အားလုံး နာမည် ပျက်မည်။ ထို့ကြောင့် ကိုကွန်းက နှုတ်ဆိတ်၍ မနေနိုင်တော့ချေ။

ထို့ကြောင့် ကိုကွန်းက တစုံတခု ပြောလိုက်၏။ သို့သော် မဂျမ်းဘုံက သီချင်းကို ဆိုမြဲ ဆိုသည်။ ကိုကွန်း၏ မိန်းမက ကိုကွန်းအား “ရှင် ဘာဖြစ်တာလဲ၊ သူတပါး ပျော်ပျော်ပါးပါး နေတာကို မကြည့်ချင် ဘူးလား” ဟု ဆိုသည်။

“အပြစ် မရှိဘဲ ပျော်ခြင်းပါးခြင်း မျိုးကို ငါ ဘယ်လိုမှ မအောက်မေ့ဘူး၊ ဒါပေမယ့် ယခု ဆူဆူညံညံ ကတော့ မလွန်လွန်း ဘူးလား” ဟု ပြန်ပြောသည်။

ထိုအခါ မဂျမ်းဘုံက “ယခု ကျွန်မ သီချင်းဆိုတာ ဘာများ လွန်လို့တုန်း တော့” ဟု မေးလေသည်။ မဂျမ်းဘုံသည် ကုလားထိုင်ပေါ် ထိုင်ရင်းနှင့် ကုလားထိုင်ကို နှဲ့သည်။

ကိုကွန်းက ငါတော့ ရန်ဖြစ် ရတော့မှာဘဲဟု အောက်မေ့ လိုက်၏။ သို့သော် ကိုကွန်းသည် ကြောက်တတ်သူ တယောက် ဖြစ်လေရာ၊ ကြောက်တတ်သူတို့ ဓမ္မတာ ပွင့်ပွင့်လင်းလင်း မပြောဝံ့ချေ။ ထို့ကြောင့် “ကုလားထိုင် ပေါ်မှာ ငြိမ်ငြိမ် ထိုင်ရင် ကောင်းမယ်၊ အမိရဲ့ ခန္ဓာကိုယ်ကြီးက အလေးကြီး၊ ကုလားထိုင်က မခံနိုင်ဘူး” ဟု ဆိုလိုက်လေ၏။

မဂျမ်းဘုံက စိတ်ထ လာပြီးလျှင် “ကျွန်မ ခန္ဓာကိုယ် လေးတာ ပေါ့တာ ရှင်နဲ့ မဆိုင်ပါဘူး၊ ရှင်က ကွန်မ သီချင်း ဆိုတာကို ကျွန်မ ကွယ်ရာမှာ ဘာတွေ ပြောနေတာလဲ” ဟု ထပ်မေးသည်။

ထို့အပြင် မဂျမ်းဘုံ၏ အဖော် ဆိုသူ ကလည်း “ယခုလို အားလပ်တဲ့ ရက်တွေမှာ ပျော်ပျော်ပါးပါးနဲ့ သီချင်း ဆိုတာကို ကိုကွန်းက မကြိုက်ဘူး မှတ်တယ်” ဟု ပြောကာ ဝင်၍ စွက်သည်။ ထိုအဖော် ဆိုသူသည် ပက်လက် ကုလားထိုင် ပေါ်ဝယ် အခန့်သား စန့်ကာ စီးကရက် အငွေ့ တထောင်းထောင်းနှင့် သောက်နေသည်။ သူက ကိုကွန်းကို ကရုဏာ သက်လေဟန်နှင့် ပြုံး၍ ကြည့်သည်။ တချိန်တည်း၌ ကိုကွန်း၏ မိန်းမက “ဟေ့၊ ဂျမ်းဘုံ၊ သူ့ကို ဂရုစိုက် မနေနဲ့၊ ညည်း ဆိုမှာသာ ဆိုစမ်း” ဟု ပြောလေသည်။

ဤအတွင်း ကိုကွန်းက ယောက်ျား ဧည့်သည် မေးသည်ကို ပြန်ဖြေသည်။

“ဟုတ်တယ်၊ ကျုပ် မကြိုက်ဘူး”

“ဘာ့ကြောင့် မကြိုက်တာလဲလို့ မေးပါရစေဦးဗျာ”

ဧည့်သည်မှာ စီးကရက် သောက်တာ အရသာ ရှိလှသည်ဟု အောက်မေ့နေပုံ ရသည်။ ယခုတဖန် တဖက်သားနှင့် စကားနိုင် လု၍ ပြောရမည် ဆိုလျှင် ပို၍ အရသာ ရှိလိမ့်ဦးမည် ဟူ၍လည်း ယူဆနေဟန် တူသည်။ ဧည့်သည်ကား ပိန်ပိန် ရှည်ရှည်နှင့် အဝတ်အစားကို ဟန်ကျပန်ကျ ဝတ်စားထားသည်။ ရွှေလက်ပတ်ကြိုး ရွှေကြယ်သီး စသည်တို့ကိုပါ ဆင်မြန်းထားသော ထိုယောက်ျားကို ကိုကွန်းက မင်းခမ်းမင်းနားသို့ တက်ရောက်မည့် ပုဂ္ဂိုလ်ဟု အောက်မေ့လျက် ရှိသည်။

ကိုကွန်းက ဧည့်သည် အမေးကို ပြန်ဖြေသည်။

“ဘာ့ကြောင့် မကြိုက်တာလဲ ဆိုတော့ ကျုပ်နဲ့ မကိုက်လို့ မကြိုက်တာ၊ ကျုပ်တို့က အများနဲ့ ဆက်ဆံ နေရတဲ့ ကုန်သည်တွေ၊ မိတ်ပျက် မခံနိုင်ဘူး၊ ရိုးရိုးတန်းတန်း ပျော်တာ ရွှင်တာ ကတော့ ...”

စကားမှ မဆုံးသေးခင် ကိုကွန်း မိန်းမက “သူ ပြောလိုက်မှဖြင့် အများနဲ့ ဆက်ဆံရတယ်၊ အများနဲ့ ဆက်ဆံရတယ်၊ အဲဒီလိုချည်း ပြောတယ်၊ ဒီလို လုပ်ရမယ် ဒီလို ကိုင်ရမယ် သူ အမြဲ ဩဇာ ပေးတယ်” စသဖြင့် မဲ့ကာ ရွဲ့ကာ ကဲ့ရဲ့လေသည်။

ထိုအခါ ကိုကွန်းက “မင်းဟာ အများနဲ့ ဆက်ဆံရတယ် ဆိုတာကို မင်း နားမလည် ဘူးလား၊ မင်း ငါ့ကို ယူတာ ဘာလုပ်ဖို့ ယူတာတုန်း” ဟု မေးလေသည်။

ထိုအခါ မဂျမ်းဘုံက သီချင်း တပုဒ်ကို ပါးစပ်မှ ညည်းသည်။

ကိုကွန်း မိန်းမ ကလည်း “ရှင့်လို လူမျိုးကိုတော် ... တွေ့ မတွေ့ဘူး ပါဘူး၊ ရှင်ဟာ ကျုပ်နဲ့ ညားပြီးတဲ့နောက် တမျိုး ဖြစ်လာတယ်” ဟု ဆိုလေသည်။

မဂျမ်းဘုံက နောက်ထပ် သီချင်း ညည်းပြန်သည်။

ကိုကွန်းသည် ဒေါသူပုန် ထ၍ ထိုင်ရာမှ မတ်တတ် ရပ်လိုက်ပြီးလျှင် “ဟေ့၊ မင်း ဒီမှာ ကြည့်စမ်း၊ ငါ ဒါမျိုးကို သည်းညည်း မခံနိုင်ဘူးကွ” ဟု ဆိုသည်။

ထိုအခါ ပိန်ရှည်ရှည် ဧည့်သည်က ထလာပြီးလျှင် “ရန်မဖြစ် ကြပါနဲ့ဗျာ” ဟု သတိပေးသည်။

ထိုအခါ ကိုကွန်းက “ခင်ဗျားက ဘာမို့လဲ” ဟု ဒေါသဖြင့် မေးလေသည်။

ဤသည်တွင် သူတို့အားလုံး တယောက်တပေါက် ပြောချင်ရာ ပြောကြလေသည်။ ပိန်ပိန်ရှည်ရှည် ဧည့်သည်က သူသည် မဂျမ်းဘုံနှင့် စေ့စပ်ထားသူ ဖြစ်သည် ဟူ၍၄င်း၊ မဂျမ်းဘုံကို မှည့်တပေါက် မစွန်းစေရ ဟူ၍၄င်း ပြောဆိုလေသော် ကိုကွန်းက မှည့်တပေါက် မစွန်းရအောင် အခြား တနေရာသို့ သွား၍ လုပ်ချင်သလို လုပ်နိုင်ကြောင်း၊ သို့သော် သူ့အိမ်မှာ လူကျယ် လာလုပ်ဖို့ မလိုကြောင်း ခံ၍ ပြောသည်။ ကိုကွန်း မိန်းမက မူကား မိမိအိမ်သို့ အလည်လာသော ဧည့်သည်ကို စော်ကား မော်ကား မပြုသင့်ကြောင်း စသည်ဖြင့် မြည်တွန်လေ၏။

ဤသည်တွင် ကိုကွန်းက အားလုံးကို သူ့အိမ်မှ နှင်ချသည်။ သို့သော် မည်သူမျှ ထွက် မသွားကြချေ။ ထိုအခါ သူက သူပင်လျှင် အိမ်ပေါ်မှ ဆင်းမည်ဟု ဆိုသည်။ ထိုနောက် ဒေါသ ဖြစ်လွန်းလှ၍ မျက်ရည်များပင် လည်လာပြီးလျှင် အိမ်ထဲ ခဏဝင်ကာ အပေါ်အင်္ကျီကို ကောက်ဝတ်သည်။ မဂျမ်းဘုံက နောက်ထပ် သီချင်း တပုဒ်ဖြင့် အိမ်ရှင် ကိုကွန်းကို စော်ကား မော်ကား ပြုပြန်သည်။ ကိုကွန်းလည်း ဒေါသတကြီးဖြင့် တံခါးကို ဆောင့်ဖွင့်ရာ တအိမ်လုံး သိမ့်သိမ့်ခါ သွားလေသည်။ ဤသည်တို့ကား ကိုကွန်း၏ ဖြစ်ခဲ့သမျှသော အကြောင်းများ ဖြစ်ရာ လောကကြီးကို သူ စိတ်နာသည်မှာ ဘာ့ကြောင့် ?ဟုသည်ကို စာရှုသူတို့ နားလည်လောက် ပါပြီ။

ဤအချိန်ကား မိုးတဖြိုက် နှစ်ဖြိုက် ကျသော အချိန် ဖြစ်သည်။ ထို့ကြောင့် တောတန်းကလေးရှိ  မြေကြီးမှာ စွတ်စို ထိုင်းမှိုင်း၍ မှိုများ ထွက်စ ပြုနေကြ ပေပြီ။ ကိုကွန်းသည် သူ အိမ်ထောင် ကျပုံကို ပြန်၍ တွေးမိ၏။ 

သူ အိမ်ထောင် ကျသည်မှာ မကြာလှသေးပါ။ အများသူငါ ကဲ့သို့ပင် ဖြစ်ပါ၏။ သို့သော် ယခု သူပြန်၍ စဉ်းစား လိုက်သောအခါ သူ့မိန်းမသည် အများတကာကဲ့သို့ စက်ရုံ အလုပ်ရုံတွင် လုပ်ကိုင် စားသောက် ရသည်မှာ ဆင်းရဲ ပင်ပန်းလှ၍ ခြေမွေး မီးမလောင် လက်မွေး မီးမလောင် ဖြစ်ရလေအောင် သူ့ကို ယူခြင်း ဖြစ်သည်။ ဤကဲ့သို့ ရေသာခိုသည့် မိန်းမစား မျိုးသည် လင့်လုပ်ငန်း၌ အတူတကွ ပူးပေါင်း ကူညီရမည့် ဝတ္တရားကို နားလည်တတ်သည် မဟုတ်၊ သူ၏ ဝသီမှာ ပျော်ချင် ပါးချင်သည်။ အိမ်နီးပါးချင်းတို့နှင့် ဝိုင်းဖွဲ့၍ စကား ဖောင်လောက်အောင် ပြောချင်သည်။ ဆင်းဆင်းရဲရဲ နေထိုင် စားသောက်ရမည့် ဘဝထဲမှ ထွက်မရမှာ အလွန် စိုးရိမ်တတ်သည်။ လင်ယောက်ျား၌ အလုပ်နှင့် စပ်လျဉ်း၍ စိတ်ညစ်နေလျှင် မိန်းမက ညည်းညူလေ့ ရှိသည်။

ယောက်ျားက မိန်းမကို အနည်းငယ်မျှပင် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုလျှင် မိန်းမက သူ့ယောက်ျားကို အင်မတန် နားပူသည်ဟု စွပ်စွဲသည်။ “ရှင် ကျွန်မနဲ့ မညားခင်တုန်း ကလို စကားကို ကောင်းကောင်း ပြောစမ်းပါ” ဟူ၍ ပြန်ပြောလေ့ ရှိသည်။ ကိုကွန်းကား ကိုယ်ထူကိုယ်ထ အလုပ် လုပ်ရမည် ဟူ၍ သဘောပေါက်ခဲ့သူ ဖြစ်သည် မှန်ပါ၏။ သို့သော် အများတကာကဲ့သို့ အလွန်အမင်း ခြိုးခြံတတ်သူကား မဟုတ်။ အလုအယက် ပိုက်ဆံ ကြိုးစား ရှာတတ်ခြင်းလည်း မရှိ။ ထို့ကြောင့် အများတကာလို မပြည့်စုံချေ။ ဤအတွင်း မဂျမ်းဘုံ ကဲ့သို့သော မိန်းမသည် သူ၏ အသိုက်အဝန်းထဲ ရောက်လာသည်။ မဂျမ်းဘုံသည် ကိုကွန်း မိန်းမကို ပွဲလမ်းသဘင် အပျော်အပါး ကိစ္စများသို့ ခေါ်သွားတတ်သည်။ ဤကား ရိုးရိုး လုပ်ကိုင် စားသောက်နေသော ကိုကွန်းအဖို့ နတ်ဆိုး ဖမ်းစားသည်နှင့် တူလေသည်။ ထို့ပြင် ကိုကွန်း မိန်းမ၏ အဒေါ်များ၊ အမများ၊ ညီမများ၊ အကိုများ၊ မောင်များ စသည် တို့ကိုလည်း ပေးရ ကမ်းရသဖြင့် ငွေပင် ငွေရင်းမှာ စားစရိတ်ထဲ ပါကုန်သည်။ သို့နှင့်လည်း မပြီးသေး၊ သူ၏ ဆွေမျိုးများက ချူ၍ မရလျှင် မရသလို စော်ကား မော်ကား ပြောကြသေး၏။ ထို့ကြောင့်လည်း လုပ်ငန်းဆောင်တာများ ဇောက်ထိုးမိုးမြှော် ဖြစ်လာသည်။ မိတ်လည်း ပျက်သည်။ သူ့အဖို့ တိုးတက်သည် ဟူ၍ မရှိ။ ကိုကွန်း ယခုကဲ့သို့ အိမ်ပေါ်မှ ဆင်းပြေးရသည်မှာ ယခုတကြိမ် မျှသာ မဟုတ်ပါ။ အကြီးအကျယ် ဒေါသ ဖြစ်မိပြီးလျှင် “ငါ မခံနိုင်တော့ဘူး” ဟု ဆို၍ အိမ်မှ ဆင်းသွား ခဲ့ရသည်မှာ အကြိမ်ကြိမ် ရှိပြီ။ သို့သော် ယခင်က စိတ်ပျက်သည် ဆိုသည်မှာ ယခုလောက် မဆိုးပါ။

ယခု တကြိမ်မှာ မူကား လောကကြီး တခုလုံးကိုပါ စိတ်ပျက်လာသည်။ ထိုညက ထမင်းစားပွဲမှာ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့် စိတ်ညစ်သည်လည်း ဖြစ်ချင် ဖြစ်မည်။ ကောင်းကင်မှာ အုံ့မှိုင်း နေသောကြောင့်လည်း ဖြစ်ချင် ဖြစ်မည်။ သို့သော် သူ အိမ်ထောင် ကျပြီးသည့် နောက်၌ အလုပ်အကိုင် အပေါက်အလမ်း မတည့်သည့် အကြောင်း ယခု ပြန်စဉ်းစား လိုက်သောအခါ ကြွေးမဆပ်နိုင်၍ ဒေဝါလီ ခံရမည်ကို တွေးမိသည်။ သူ့မိန်းမသည် နောင်အခါကျမှ၊ နောက်မှ နောင်တ ရမိလာသည်ဟု ဆိုလိမ့်မည်။ သို့သော် ယခုအချိန်၌ မူကား ကံကြမ္မာက စေ့ဆော်လာပြီ ဖြစ်၍ မှိုနံ့ရသော တောတန်းကလေးထဲသို့ တယောက်တည်း ရောက်လာခဲ့ရာ ဗယ်ကြည့်ကြည့်၊ ညာကြည့်ကြည့်၊ ကြည့်သမျှ ပတ်ဝန်းကျင်တွင် မှိုပွင့်ကြီးများ ကိုသာ တွေ့နေရသည်။

အရောင်းအဝယ် ဆိုင်ကလေးကို ခင်းကျင်းလုပ်ကိုင် စားသောက် နေရသောသူ အဖို့ မယား ဖြစ်သူက အဖော် မရဘူးဟု ဆိုလျှင် စိတ်ညစ်စရာ ကောင်းသည်။ ကိုကွန်း၏ ငွေပင်ငွေရင်း များသည် ဆိုင်ထဲမှာ အားလုံး ဝင်နေကြသည်။ ထို့ကြောင့် မိန်းမကို စွန့်လိုက်လျှင် သူသာ အခြား တနေရာသို့ ရောက်၍ အလုပ်လက်မဲ့ ဖြစ်ဖို့သာ ရှိမည်။ လင်ရယ် မယားရယ် ဖြစ်လာလျှင် ဆိုးတူကောင်းဖက် အလုပ် လုပ်ရမည်။ ကိုကွန်းသည် ထိုရိုးရာ အယူအဆကို စွဲမြဲ ယုံကြည်သူ ဖြစ်သည်။ သို့သော် ယခု သူ့ဘဝမှာ ငိုခန်းသို့ ရောက်လာပြီ။ သူ ကြားဘူးသမျှ ဆိုလျှင် အုတ်ဖုတ်သမားများ လင်မယား ရန်ဖြစ်လျှင် လင်က မယားကို အုတ်ခဲနှင့် ထုတတ်သည်ဟု ပြောသံ ကြားဘူးသည်။ လူကုံထံ လောက၌လည်း ယောက်ျားက မိန်းမကို လုပ်ကြံ ကြသည်ဟု ဆိုသည်။ စာရေးစာချီ၊ လက်လုပ်လက်စား ဈေးသည်များ၏ လောက၌မူ မယားကို သတ်သော အမှုများ ဖြစ်ပွါးလေ့ ရှိသည် ဟူ၍လည်း သိရသည်။ ကိုကွန်းသည် မျက်စိထဲမှာ ဓားလှံသေနတ် တို့ကိုပင် မြင်ယောင်မိ၏။ ရုံးပြင်ကန္နား ရောက်သည်ကိုလည်း မြင်ယောင်မိ၏။ ထိုအခါ သတ်မယ်ဖြတ်မယ် ဆိုသော ဒေါသတရားများ အတန်ငယ် ပြေလာသည်။ သို့သော် စိတ်မှာ တက်ကြွခြင်း မရှိ၊ ညစ်သထက် ညစ်လာသည်။ ယခု သူအိမ်မှ ထွက်လာစက ဆွဲ၍ ဝတ်ခဲ့သော အပေါ်အင်္ကျီသည် သူ့မိန်းမနှင့် အိမ်ထောင်ကျသော နေ့က ဝတ်သောအင်္ကျီ ဖြစ်သည်။ ယနေ့တိုင်အောင် ထိုမျှထက် ကောင်းသော အင်္ကျီကို ဝယ် မဝတ်နိုင်သေး။

ယခု သူလျှောက်လာသော တောတန်းကလေး ဆိုသည်မှာလည်း အခြားမဟုတ်၊ ရည်းစား ဘဝက သူ့မိန်းမနှင့် အတူ လမ်းလျှောက်လေ့ ရှိသော တောတန်းကလေး ဖြစ်သည်။ ထိုအချိန်မှ စ၍ အရင်းအနှီး ထူထောင်ရန် တပြားစု နှစ်ပြားစုနှင့် ခြိုးခြံ၍ စုခဲ့သည်။ ညားခါစတုန်းက မြှော်လင့်ချက်တွေ အများကြီး ရှိခဲ့၏။ သို့သော် ယခုတမျိုး ဖြစ်လာသောအခါ အဘယ်သို့သော နတ်များ ဒေဝါသည် ကိုကွန်း လာ၍ ကယ်ပါမည်နည်း။ ထို့ကြောင့် လောကကြီးထဲမှာ မနေချင် ဟူ၍ တွေးမိလေသည်။

ဤအတွင်း ချောင်းကမ်းပါး အနီးသို့ ရောက်လာ၏။ ထိုအခါ ကိုကွန်းသည် ချောင်းထဲ ခုန်ချလိုက်လျှင် ကိစ္စငြိမ်းမည် ဟူ၍ပင် တွေးမိသည်။ ဤသို့တွေးရင်း ခဏ၌ ခရမ်းရောင် မှိုပွင့်ကလေး တပွင့်ကို မြင်လိုက်လေသည်။ သူ တွေ့စက မှိုကို မှိုမှန်း မသိ။ ပိုက်ဆံထည့်သော သားရေ အိတ်ကလေးဟု အောက်မေ့၍ ကောက်ယူ ကြည့်သည်။ ထိုအခါမှာမှ ခရမ်းရောင် ရှိသော မှိုပွင့်မှန်း သိရသည်။ မှိုပွင့်ကို မြင်ကတည်းက စားကောင်းသော မှိုမဟုတ်၊ တောက်တတ်သော မှိုဟု သိလိုက်သည်။ ထိုမှိုမျိုးမှာ ချွဲကျိကျိ ပြောင်လက်လက်နှင့်၊ အနံ့မှာလည်း ချဉ်စုတ်စုတ် ဖြစ်သည်။ တောက်တတ်သော မှိုမှန်း သိသောအခါ အဆိပ်သောက်၍ သေရန်ဟူသော အတွေးကို တွေးမိလေသော ဟူ၏။ ထို့ကြောင့် မှိုပွင့်ကလေးကို လက်မှာကိုင်၍ အတန်ကြာ တွေနေသည်။

မှိုနံ့မှာ အလွန်ပြင်း၏။ သို့သော် အော်ဂလီ ဆန်စရာ ကောင်းသော အနံ့မျိုး မဟုတ်ချေ။ သူသည် မှိုပွင့် အပေါ်ယံ အလွှာကို ခွါကြည့်သည်။ အရေခွံ ကွာသောအခါ အောက်ခံ အသားမှာ နို့နှစ်ရောင် ကဲ့သို့ ဖြူနေသည်ကို တွေ့ရသည်။ စက္ကန့် အတန်ငယ် ကြာသောအခါ နို့နှစ်ရောင်သည် စိမ်းလဲ့လဲ့ အရောင်သို့ ပြောင်းသွားသည်။ ထို့ကြောင့် မှိုပွင့်ကို အပိုင်းပိုင်း ချိုး၍ ကြည့်ပြန်သည်။ အရောင်မှာ ထိုကဲ့သို့ပင် ပြောင်းသည်။ ကိုကွန်းက ထိုမှိုသည် အလွန် ထူးဆန်းလှချေ ကလားဟု တွေးမိသည်။ သူ ငယ်ငယ်က သူ့ အဖေက မှိုသည် သေလောက်အောင် အဆိပ် ပြင်းသည်ဟု ပြောလေ့ ရှိသည်။

ဆုံးဖြတ်စရာ ရှိလျှင် ဤအချိန်သည် ဆုံးဖြတ်ရန် အကောင်းဆုံး အချိန်ပေတည်း။ ထို့ကြောင့် အပြီးအပိုင် ဆုံးဖြတ် လိုက်မည်ဟု ကိုကွန်းက တွေးသည်။ ထိုနောက် ကိုကွန်းသည် မှိုပွင့်ကို လက်နှင့် ဆိတ်၍ အပိုင်းအစ ကလေးကို မြည်းကြည့်သည်။ အစအန ကလေး ပါသည် ဆိုရုံမျှ ကိုသာ မြည်းကြည့်ခြင်း ဖြစ်သည်။ အရသာမှာ စူးစူးရှားရှား ဖြစ်ခြင်းကြောင့် ချက်ချင်း ထွေးထုတ် ပစ်သည်။ ထိုနောက် လျှာပေါ်တွင် ပူရှိန်းရှိန်း ဖြစ်လာသည်။ ထိုအခါ အရသာ ကိုလည်း ကောင်းစွာ သိရပေပြီ။ အရသာမှာ မုန်လာဥ အစိမ်းကို ပါးပါး ပါးပါး လှီး၍ ငြုတ်ကောင်းမှုန့် မုန်ညင်းမှုန့် စသည်တို့နှင့် ဖြူး၍ စားသော အရသာနှင့် တူ၏။ ထို အရသာကို လျှာပေါ်၌ ခံစားရသော ခဏ၌ ကိုကွန်းသည် စိတ်ထဲတွင် ဗလုံးဗထွေး နှင့်မို့ မျိုချ လိုက်သည်။ သူ ထို အရသာကို ကြိုက် မကြိုက် မပြောတတ်ပါ။ သတိ မထားဘဲ မျိုချ လိုက်ခြင်းမျှသာ ဖြစ်၏။ ထို့ကြောင့် နောက်ထပ် မှိုကို မြည်းကြည့် ပြန်သည်။ အရသာမှာ မဆိုးပါ။ ကောင်းပါသည်။ သူသည် ယခုအခါ သေမင်းနှင့် စိမ်ခေါ်နေပြီ မဟုတ်ပါလား။ ဤ စိမ်ခေါ်သော အလုပ်၌ သူ့စိတ်က တန်းတန်းစွဲ နေပြီ ဖြစ်၍ သူ့၌ ကြုံတွေ့ နေရသော ဒုက္ခတို့ကို တဒင်္ဂ၌ မေ့သွားသည်။ ထို့ကြောင့် ထပ်မံ၍ တကိုက် ကိုက်ကြည့်ပြီးလျှင် မှိုပွင့်ကို ပလုပ်ပြည့် ပလောင်းပြည့် စားလိုက် လေသည်။ မကြာမီ လက်ဖျား ခြေဖျား ထုံလာသည်။ နှလုံးသွေးလည်း ဆတ်ဆတ် ခုန်သည်။ နားထဲကလည်း အူသည်မှာ စက်ခုတ်သံကို ကြားရော့သလားဟု ထင်မှတ်ရ လေသည်။ ထိုအခါမှ ကိုကွန်းသည် ပတ်ဝန်းကျင်ကို စောင်းငဲ့ ကြည့်မိသည်။ ယခုအခါ သူသည် ခြေ မခိုင်တော့ပြီ။ နောက်ထပ် ခရမ်းရောင် မှိုများ ပေါက်ရာ မြေတကွက် ဆီသို့ ခြေ တလှမ်းချင်း လှမ်း၍ ချည်းကပ်သည်။ ကိုကွန်းက “တယ်ကောင်း၊ တယ်ကောင်း၊ တယ်ဂေါင်း၊ ဒယ်ဂေါင်း” စသဖြင့် အာလေး လျှာလေးနှင့် မိမိဘာသာ မိမိ ပြောနေသည်။ “ထပ် စားလိုက် ဝုံးမယ်” ဟူ၍လည်း ဆိုနေသည်။ မကြာမီ ရှေ့သို့ ဟပ်ထိုး လဲလေ၏။ သူသည် မှိုပင်များကို လက်ဖြင့် လှမ်း၍ နှုတ်လိုက် သေးသည်။ သို့သော် မစားဖြစ်ချေ။ လောကကြီးကို မေ့၍ သွားလေသည်။

ယခုအခါ ကိုကွန်းသည် မိမိ ကိုယ်ကို လူးလှိမ့်၍ ဖုတ်ဖက် ခါပြီး ထလိုက်ပါပြီ။ သူသည် မိမိဘာသာ မိမိ အံ့၍ မဆုံး ဖြစ်နေပြီ။ သူသည် သူ့ နဖူးကို လက်နှင့် သုတ်သည်။ တစုံတစ်ခု ဖြစ်တာ အမှန်။ သို့သော် ဘာဖြစ်မှန်း မသိ။ တခုကိုတော့ ကောင်းစွာ သိ၏။ ယခု သူ ယခင်ကလို ထုံထုံထိုင်းထိုင်း မဟုတ်တော့ပြီ။ သွက်လက် ပေါ့ပါး၍ စိတ်ရွှင်လာသည်။ လည်ချောင်းမူကား ပူ၏။ သို့သော် စိတ်ထဲမှာ ကလိ ကလိနှင့်မို့ ရယ်ချင်သည်။ သူသည် ရှေးယခင်က အလွန် ထိုင်းမှိုင်းခဲ့ဘူး ပါသလား။ ရှေးက အမြဲလိုပင် ငိုင်နေ တတ်သည်ဟု ဆိုပါလျှင်၊ ယခု ကိုကွန်း မငိုင်တော့ပါ။ သူသည် ဒယိမ်းဒယိုင်နှင့် ထသည်။ ကမ္ဘာ လောကကြီးကို ပြုံး၍ ကြည့်သည်။ သူ ယခု တစ တစနှင့် သတိရ လာပါပြီ။ သို့သော် ခေါင်းထဲမှာ တဒိတ်ဒိတ်နှင့် မြည်နေတုန်းမို့ သတိ ပြန်ကောင်းလာပြီဟု မဆိုဝံ့သေးပါ။ အိမ်မှာတုန်းက သူတို့က ပျော်ချင်သည်ဟု ဆိုကြသည်။ သို့သော် သူနှင့် စိတ်ချင်း သဘောချင်း မတိုက်ဆိုင် ကြချေ။ ထို့ကြောင့် စကားများ ကြသည်။ စင်စစ် သူတို့ ပြောသည်မှာ မှန်သည်။ ပျော်ပျော်နေ သေခဲ မဟုတ်လား။ ယခု သူ အိမ်ပြန်မည်။ သူတို့နှင့် အားလုံး သင့်မြတ်အောင် လုပ်မည်။ သူတို့ စားဖို့ မှိုကိုလည်း ခူးသွားမည်။ မှိုအနီလည်း ရှိ၏။ အဝါလည်း ရှိ၏။ အပြောက် အပြောက်လည်း ရှိ၏။ ရှေးက ကိုကွန်းသည် ထိုင်းခဲ့၏။ မှိုင်းခဲ့၏။ ယခုကား အကြောင်း သိပြီ။ ရွှင်ရွှင် ပျော်ပျော်နှင့် သပ္ပါယ ဖြစ်အောင် နေတော့မည်။ အားလုံး အလိုက်သင့် နေထိုင်မည်။ သူ ဝတ်လာသော အင်္ကျီကို ပြောင်းပြန် လှန်၍ ဝတ်လိုက်လျှင် အလွန် ရယ်စရာ ကောင်းလိမ့်မည်။ အင်္ကျီ ပြောင်းပြန် ဝတ်ပြီး သီချင်းကလေး တကျော်ကျော်နှင့် အိမ် ပြန်ရောက်လျှင်၊ ထိုနေ့ ညနေခင်း အဖို့ သူ့ အိမ်သူ အိမ်(သား)များ ပျော်လွန်းလို့ တဟားဟား ဖြစ်ကုန်ကြမည်။

ကိုကွန်း အိမ်မှ ထွက်သွားသော အခါ မဂျမ်းဘုံသည် သီချင်း ညည်းရာမှ ခဏ ရပ်၍ ကိုကွန်း မိန်းမကို ပြောသည်။

“ဘာ မဟုတ်တာ ကလေးနဲ့ ကိုကွန်းက ရန်လုပ်တယ်”

ထိုအခါ ကိုကွန်း မိန်းမက ဧည့်သည် ဘက်သို့ လှည့်၍ “ကိုကုလားရယ်၊ ရှင် မြင်တဲ့ အတိုင်းဘဲ၊ သူ့ကို ပေါင်းရတာ ဘယ့်လောက် ခက်သလဲ” ဟု ဆိုသည်။

ဧည့်သည် ဖြစ်သူ ကိုကုလားက “ကိုကွန်းဟာ လက်လွတ်စမ္ပာယ် ပြောတတ် လုပ်တတ်တဲ့ သူဘဲ” ဟု မှတ်ချက် ချသည်။

ကိုကွန်း မိန်းမက ဆက်လက်၍ “ကိုကွန်းဟာ ကိုယ့် အခြေအနေကို ကိုယ် နားမလည်ဘူး၊ ဒါ့ကြောင့် ကျမ စိတ်ညစ် ရတယ်ရှင့်၊ သူဟာ သူ့ ဆိုင်ခန်းက လွဲပြီး ဒီပြင် ဘာကိုမှ စိတ်မပါဘူး၊ ကျွန်မက အပေါင်းအသင်း ကလေးနဲ့ နေချင်တယ်၊ ကိုယ့် အဆင့်အတန်းနဲ့ လိုက်အောင် ဝတ်ဖို့ စားဖို့ ဝယ်ချင် ချမ်းချင်တယ်၊ အိမ်သုံး စရိတ်ထဲက ထုတ်ပြီး တိုလီမိုလီ ကလေးတွေကို ဝယ်ချင်တယ်၊ အဲသလို ဆိုရင် သူနဲ့ ကျွန်မနဲ့ စကားများကြ ပါကရော၊ ခြိုးခြံဖို့ချည်း ပြောပြောနေတယ်၊ လုပ်ဖို့ ကိုင်ဖို့ ကြိုးပမ်းဖို့ စကားချည်းဘဲ၊ အဲဒါတွေ ပြောပြောပြီး ည မအိပ်နိုင်ဘူး၊ ကျွန်မနဲ့ ပတ်သက်လို့ ငွေ တကျပ် တပြား အပို မကုန် ရအောင်တဲ့ ရှင်ရေ့” ဟူ၍ ပြောသည်။

ထိုအခါ ကိုကုလားက “ယောက်ျား ဆိုတာ မိန်းမကို တကယ် ချစ်ရင် မိန်းမအတွက် အနစ်နာ ခံရမယ်ဗျာ၊ ကျုပ်တော့ မိန်းမ ယူရတော့မယ် ဆိုရင် ဟန်ထိပန်ထိ မနေနိုင်ဘဲနဲ့ မယူသေးဘူး၊ ကိုယ်က နေရာမပျက် မိန်းမယူရင် တကိုယ်ကောင်း ကြံရာ ရောက်မှာပေါ့၊ ယောက်ျား ဆိုတာမျိုးဟာ တုံးတိုက်တိုက် ကမ်းတိုက်တိုက် ဘယ်လိုဘဲ လုပ်ရ လုပ်ရ၊ ကိုယ့်ဘာသာ ကိုယ်သာ လုပ်သင့်တယ်၊ မိန်းမကို ဆွဲ မထည့်ရဘူး” ဟူ၍ ဆိုသည်။ သူ စကား ပြောပုံမှာ သူ ရည်မှန်းထားသော မဂျမ်းဘုံကို ရည်ရွယ်၍ ပြောနေဘိ သကဲ့သို့ ရှိသည်။

ဤသည်တွင် မဂျမ်းဘုံက ပြောလိုက်သည်မှာ “ကျုပ်တော့ အဲဒီလို ပြောတာ သဘော မတူနိုင်ဘူး၊ ယောက်ျား ဆိုတာမျိုးဟာ မိန်းမရဲ့ အကူအညီလဲ လိုအပ်ထာဘဲ။ အဲ တခုတော့ ရှိတာပေါ့၊ ယောက်ျားဟာ မိန်းမ အပေါ်မှာ သဘောထား မသေးရဘူး” ဟူ၍ ဖြစ်သည်။

“အောင်မယ်၊ ညည်းက မသိလို့အေ့၊ ကိုကွန်း အကြောင်း စောစောက ကျုပ် မသိခဲ့တာ ကျုပ် မိုက်ထာဘဲ၊ ကျုပ်မှာ အဖေ ရှိသေးလို့ပေါ့၊ အဖေသာ မရှိရင် ကျုပ်တို့ လက်ထပ်ပွဲမှာ အိုက်စကရင်းတောင် ကျွေးရမှာ မဟုတ်ဘူး” ဟု ကိုကွန်း မိန်းမက သူ့ယောက်ျား စစ်စီပုံကို ပြောပြ လေသည်။

ထိုစကားကို ကြားရသော အခါ ကိုကုလားက “အောင်မယ်၊ ကိုကွန်းက ဒီအထိ ဆိုးတာကိုး” ဟု ပြော၍ အံ့ဩ သွားလေသည်။

“ကိုကွန်းက ငွေကို အလကား မဖြုန်းချင်ဘူး၊ သူ့ အရင်းအနှီးကို စုရ ဆောင်းရ ဦးမယ်လို့ ပြောသရှင့်၊ အိမ်မှာ တပတ်တခါ ကျွန်မကို ကူညီဖို့ အိမ်ဖော်တောင် ငှားပေးတာ မဟုတ်ဘူး။ ကျွန်မဟာ ကျွန်မ အတင်း လူငှားလို့ ရတာရှင့်၊ ပြီးတော့လဲ ရှင်၊ ငွေနဲ့ ပတ်သက်လို့ တွက်ရ ချက်ရတာတာ ကလဲ တဒုက္ခ ပါဘဲ၊ ငါတို့ ဒီနှစ်မှာ အခက်အခဲက ကျော်ရင် နောင်နှစ် ချောင်မှာဘဲလို့ ပြောတတ်တယ်။ ကျွန်မက ဒီနှစ် အခက်အခဲက ကျော်မယ်ဆိုရင် ကျော်နိုင်ပါတယ်။ ဒါပေမယ်လို့ နောင်နှစ် ကျတော့လဲ ရှင်ဟာ အခက်အခဲ ကျော်နိုင်ရင်လို့ ပြောဦးမှာဘဲ၊ ရှင့်လိုသာ ခြိုးခြံရမယ် ဆိုရင် ကျွန်မက ထမင်း အငတ်ခံ ရဖို့ဘဲ ရှိတယ်၊ အဲဒီတော့လဲ ကျွန်မမှာ အရိုးပေါ် အရေတင်နဲ့ ကမ္မဋ္ဌာန်းရုပ် ပေါက်နေမှာပေါ့၊ ရှင် ကျုပ်ကို ကျွန်လုပ်ဖို့ ယူထားတာလား၊ အောင်မယ်လေး၊ ကျွန်ခံချင်တဲ့ ကောင်မတွေ အများကြီးပါ၊ ကျုပ်လို ဂုဏ်နဲ့ အသရေနဲ့ မိန်းမမျိုး ကိုတော့ ကျွန်လုပ်လို့ မရဘူး၊ အဲသလို ကျွန်မက သူ့ကို ပြောရသရှင့်”

ကိုကွန်း မိန်းမသည် ဤကဲ့သို့ ကိုကွန်း အကြောင်းကို မဲ့ကာ ရွဲ့ကာ ပြောပုံကို နောက်ထပ် အကျယ် မချဲ့တော့ပါ။ ကိုကွန်းကို ယခုကဲ့သို့ အားရပါးရ ရှုတ်ချ ပြောဆို ပြီးသည့်နောက်၊ ကိုကွန်း မိန်းမနှင့် ဧည့်သည် နှစ်ယောက်တို့သည် ထွေရာလေးပါး စကားစမြည် ပြောကြ၏။ ကိုကွန်း မိန်းမက မီးဖိုဆောင် ထဲသို့ ဝင်၍ လက်ဖက်ရည် ဖျော်နေစဉ် မဂျမ်းဘုံက ကိုကုလား ထိုင်သော ကုလားထိုင် လက်တင်ပေါ်တွင် တက်ထိုင်၍ ကိုကုလားကို မြှူသည်။ ကိုကွန်း မိန်းမ မီးဖိုဆောင် ထဲမှ ပြန်ထွက်လာသော အခါ၌ကား ဣနြေ္ဒမပျက် ကောင်းစွာ နေသည်။ သို့သော် ကိုကွန်း မိန်းမသည် သူတို့ အကြောင်းကို သိ၍ သရော်သည်။ ထိုနောက် လက်ဖက်ရည် ဝိုင်းတွင် အားလုံး ထိုင်ကြမည် အပြုတွင် ကိုကွန်း ပြန်လာသော အသံကို ကြားကြသည်။

ကိုကွန်း အိမ်ထဲ မဝင်မီ တံခါး မင်းတုပ်က ချောက်ကနဲ မြည်သည်။

“ဟောတော့၊ ကျုပ် အိမ်ဦးနတ်ကြီးတော့ ပြန်လာပြီ၊ သွားတုန်းကတော့ ဟိန်းလို့ ဟောက်လို့။ အပြန်ကျတော့ နားရွက်ကလေး ကုပ်ပြီး ပြန်လာတယ်” ဟူ၍ ကိုကွန်း မိန်းမက ဆီး၍ ဆိုသည်။

ဤ ခဏ၌ ကုလားထိုင်ကြီး ဝုန်းကနဲ လဲသံ ကြားရသည်။ ထိုနောက်၌ကား ခြေသံ ရှပ်ရှပ် ကြားရသည်။ တံခါးလည်း ပွင့်လာသော အခါ ကိုကွန်း ပေါ်လာသည်။ သို့သော် ယခင် အိမ်မှ ထွက်သွားသော ?မဟုတ်တော့ချေ။ အင်္ကျီ ဘိုသီ ဘတ်သီနှင့် အိတ်ထောင့် ထဲတွင် မှိုများ ပါလာသော ကိုကွန်း ဖြစ်သည်။ အင်္ကျီမှာ နဂိုအတိုင်း မဟုတ်၊ ပြောင်းပြန် လှန်၍ ဝတ်ထားသော အင်္ကျီ ဖြစ်သည်။ အဆင်အပြင် ပြောင်းလဲရုံမျှ မက၊ မျက်နှာထား ကလည်း တမျိုး ပြောင်းနေသည်။ မျက်နှာမှာ ဖြူပတ် ဖြူယော်၊ မျက်လုံးက ပြူးကြောင်ကြောင်၊ နှုတ်ခမ်းကလည်း ရွဲ့တဲ့တဲ့၊ လူကလည်း အငြိမ်မနေ၊ ခုန်လိုက် ပေါက်လိုက်နှင့်၊ “ပျော်တယ်၊ ဒို့ ပျော်တယ်” ဟစ်အော် သီဆိုရင်း ဝင်လာသည်။ “ရိုးရိုးတန်းတန်း ပျော်ကြ ပါးကြတာ ဘာဖြစ်သေးသလဲ၊ ကကြဟေ့၊ ခုန်ကြဟေ့” ဟု ပြောဆိုပြီးလျှင် ချွတ်နင်း၍ က လေသည်။

ထိုအခါ ကိုကွန်း မိန်းမက “ကိုကွန်း” ဟု တချက်မျှသာ အော်နိုင်ပြီးလျှင် ပါးစပ် အဟောင်းသားနှင့် သူ့လင် ဖြစ်အင်ကို ကြည့်သည်။

“ဟေ့၊ လက်ဖက်ရည် သောက်ရ ဦးမှာလား။ ကောင်းတယ်ဟေ့” ဟု ကိုကွန်းက ဆိုသည်။

မဂျမ်းဘုံ ကမူ “မူးလာတယ်နဲ့ တူတယ် အေ့” ဟု အသံ တိုးတိုးနှင့် ညည်းသည်။ သို့သော် မျက်နှာ ဖြူပတ် ဖြူယော် ဖြစ်၍ မျက်စိ မျက်ဆံ ပြူးနေသော အရက်မူးပုံ မျိုးကို သူ ရှေးက မတွေ့ဘူးချေ။

ကိုကွန်း ကမူ သူ ယူလာသော ခရမ်းရောင် မှိုပွင့် တပွင့်ကို ကိုကုလားသို့ လှမ်း၍ ပေးသည်။

“စားလို့ သိပ်ကောင်း၊ စားကြည့်၊ စားကြည့်”

ဤ အချိန်အထိ ကိုကွန်း မြူးနေပါသည်။ သို့သော် ကိုကွန်း မိန်းမနှင့် ဧည့်သည်တို့က သူ့ကို အထိတ်တလန့်နှင့် ဝိုင်းကြည့် နေကြသည်ကို မြင်ရသော အခါ ကိုကွန်း ဒေါသ ဖြစ်လာသည်။ ကိုကွန်းသည် ထိုခဏ၌ သူ အိမ်မှ ရန်ဖြစ်ပြီး ထွက်လာခဲ့ ရသည်ကို ပြန်၍ သတိရလေ သလော မပြောတတ်။ ရှေးက တခါမှ အော်ကျယ် ဟစ်ကျယ် မပြောဘူးသော သူက ယခု ကျယ်လောင် မာလောင်နှင့် ဆူပူ ကြိမ်းမောင်း လေသည်။

“ဟေ့၊ ဒီအိမ်ဟာ ငါ့အိမ်၊ ငါ့အိမ်မှာ ငါ ရှင်ဘုရင်ဘဲ၊ ငါက စားဆိုရင် စားမှ ကြိုက်တယ်” ဟု ပြောရင်းနှင့် သူ့ မှိုများကို ဝေခြမ်း ပေးသည်။ ကိုကွန်းသည် ခပ်တည်တည်နှင့် ရပ်နေသည်။ သူ ဒေါနှင့် မောနှင့် အော်သော်လည်း အော်သည်ဟု မထင်ရ လောက်အောင် ဣနြေ္ဒ ကောင်းလှ၏။ ကြမ်းတမ်းသော အမူအရာ မရှိ။

ယခု ကိုကုလား၏ ဇာတိ ပေါ်လေသည်။ သူသည် ကြောက်တတ်၏။ ကိုကွန်း မျက်လုံးထဲမှာ ဒေါသမီး ပွင့်နေသည်ကို သူ ရင်မဆိုင်ရဲ။ ထို့ကြောင့် သူ့ ကုလားထိုင်ကို ဖယ်၍ ကိုယ်ကို ကြုံ့ကြုံ့ ကိုင်းပြီးလျှင် တဖက်သို့ လှည့်ပြေး လေ၏။ ထိုအခါ ကိုကွန်းက ကိုကုလား နောက်သို့ တဟုန်ထိုး လိုက်၏။ မဂျမ်းဘုံကား အမယ်လေး ဘလေးနှင့် အသံကို ညှစ်၍ အော်ပြီးလျှင် တံခါးပေါက် ဆီသို့ ပြေးထွက်လေသည်။ ကိုကွန်း မိန်းမက မဂျမ်းဘုံ နောက်သို့ ပြေးလိုက်သည်။ ကိုကွန်းကား ပြေးလာသူ တို့ကို ရှောင်ကာ ရှားကာနှင့် အလုပ် များနေစဉ် လက်ဖက်ရည် စားပွဲကြီး ဂျွမ်းထိုး မှောက်ခုံနှင့် လဲလေရာ၊ ပန်းကန်များ ဂလောင် ဂလွမ်နှင့် ကွဲကြန်ကြသည်။ ဤအတွင်း ကိုကွန်းက ကိုကုလားကို ဖမ်း၍ ကိုကုလား ပါးစပ်ထဲ မှိုပွင့်များကို အတင်း သွတ်သည်။ ကိုကုလားသည် ရုန်းကန်၍ မီးဖိုဆောင် ဘက်သို့ ဝင်ပြေးသည်။ သူ့ မျက်နှာမှာ မှိုပွင့်များ ကပ်လျက်သား ပါသွားသည်။

ဤအတွင်း ကိုကွန်း မိန်းမက ...

“သူ့ကို တံခါး ပိတ်ပြီး ဖမ်းကြပါ” ဟု ပြောလိုက်သေးသည်။ သို့သော် သူ့ အနားမှာ ကူဖော်လောင်ဘက် တယောက်မျှ မရှိတော့ချေ။ မဂျမ်းဘုံ ကိုယ်တိုင်က အိမ်ရှေ့တံခါး ပွင့်နေသည်ကို မြင်၍ တံခါးပေါက်မှ ဆင်ဝင်သို့ ထွက်ပြေးပြီးလျှင်၊ တံခါးကို အပြင်မှ နေ၍ ပိတ်လိုက်သည်။ ကိုကုလားကား မီးဖိုဆောင် ထဲသို့ လွှားကနဲ ရောက်သွား လေ၏။ ကိုကွန်းသည် ပိတ်ထားသော တံခါးကို ကိုယ်လုံးနှင့် ရိုက်၍ ဖွင့်ကြည့် သော်လည်း မရချေ။ ကိုကွန်း၏ မိန်းမကား အိမ်ပေါ်ထပ်သို့ တက်ပြေးပြီးလျှင် သူ့ အိပ်ခန်းထဲ ဝင်၍ တံခါး ပိတ်လိုက်သည်။

ယခုအခါ ရွှင်၍ ပျော်နေပြီ ဖြစ်သော ကိုကွန်းသည် မှိုထုပ်ကို ချိုင်းအောက်၌ ညှပ်၍ မီးဖိုဆောင်သို့ ဝင်မည် ပြုလေ၏။ ထိုအခါ ကိုကုလားသည် မီးဖိုဆောင်၏ အဆွယ် ဖြစ်သော  ပန်းကန် ခွက်ယောက် ဆေးသည့် အခန်းထဲ ဝင်၍ နောက်ဖေးပေါက်မှ ထွက်ရန် ကြံစည်သည်။ သို့သော် အခန်း တံခါးကို မဖွင့်ရသေးမီ ကိုကွန်းက သူ့ကို မိသွားလေသည်။ နောင်အခါ၌ ဖြစ်သမျှ အကြောင်းစုံကို ကိုကုလားက ပြန် မပြောပြ သဖြင့် အသေးစိတ်ကို ကျွန်ုပ်တို့ မသိရပါ။ သို့သော် ဤ အခိုက်အတန့်တွင် ကိုကွန်း၏ ဒေါသသည် ပြေသွားပြီးလျှင် ယခင် အိမ်ထဲ ဝင်လာစက ကဲ့သို့ နောက်ထပ် အူရွှင်လာဟန် တူသည်။ ကိုကွန်းက ကိုကုလားကို သူငယ်ချင်း အချင်းချင်း ချစ်ကျွမ်းဝင်သော အမူအရာဖြင့် ဖက်လှဲတကင်း ပြုလေသည်။ ကိုကွန်းက သူ့မှိုများကို ကိုကုလားအား အတင်း ကျွေးသည်။ ကိုကုလားက အတင်း ရုန်းကန်သဖြင့် မျက်နှာမှာ မှိုပွင့်များဖြင့် ပေကျံ ကုန်လေသည်။ ဤသည်တွင် ကိုကွန်းသည် မိမိ၏ ဧည့်သည်ကို အားနာ လာ၍ သူ့ မျက်နှာကို ဆေးကြော သုတ်သင် ပေး၏။ ကိုကုလား ကလည်း သူ့အိမ်ရှင် အရူး ထပုံကို အလိုက်သင့် သည်းခံမည်ဟု တွေးမိပြီးလျှင် သည်းခံ၍ နေသည်။ ထိုနောက် ကိုကွန်းလည်း ကိုကုလားကို အဝတ်အစား သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင် ပေးပြီးလျှင် နောက်ဖေးပေါက်မှ နေ၍ လွှတ်လိုက်သည်။ ဤ အချိန်တွင် အိမ်ရှေ့ တံခါးကို မဂျမ်းဘုံက ပိတ်ထားသဖြင့် ထို ညနေပိုင်း၌ ကိုကွန်းမှာ မိမိ အိမ်ထဲတွင် မိမိ အပိတ်ခံ နေရလေသည်။

ထိုနောက် ကိုကွန်းသည် မီးဖိုဆောင်ထဲ ပြန်ဝင်လာ ပြီးလျှင် သူ့မိန်းမ မီးယပ်ချမ်း ထလျှင် သောက်ဖို့ ထားသော စိမ်ရည် အရက် ပုလင်းကို မင်္ဂလာဆောင် တုန်းက သူ့မိန်းမကို လက်ဖွဲ့သော ပန်းကန်နှင့် လည်ပင်းကို ရိုက်ချိုး၍ ဖွင့်ပြီးလျှင် မကုန် ကုန်အောင် သောက်သည်။ ပန်းကန် ကွဲ၍ ဆူဆူညံညံ ဖြစ်သောအခါ ကိုကွန်းက ပျော်စရာ ကောင်းသည် ဟူ၍ပင် ထင်လိုက်သည်။ ထို့ကြောင့် ဟစ်အော်၍ သီချင်း ဆိုသည်။ ဤ အရေးအခင်းများ ဖြစ်ပွါးရာ၌ သွေးထွက်သံယို ဖြစ်သည်ဟု ဆိုစရာမှာ အရက် ပုလင်း၏ လည်ပင်းကို ရိုက်ချိုးစဉ်က ကိုကွန်း လက်၌ ပုလင်းကွဲ ရှသော အချက် တချက်သာ ရှိသည်။ မှိုတောက်နေသော ကိုကွန်းသည် အရက်ကြောင့် အဆိပ် ပြယ်သွားဟန် တူသည်။ ထို့ကြောင့် ဤ အကြောင်းကို ပြည်ဖုံးကား ချလိုက် ပါတော့မည်။ အလွန်ဆုံး ပြောစရာ ရှိလျှင် ထိုညက ကိုကွန်းသည် မီးဖိုဆောင်နှင့် တွဲလျက် ထင်းရုံထဲ၌ နှစ်ချိုက်စွာ အိပ်ပျော် သွားသည် ဟူ၍သာ ပြောရ ပါလိမ့်မည်။

ဤ အဖြစ်အပျက်များ ဖြစ်ပျက် ပြီးသည့်နောက်၊ ယခင် မှို တွေ့သော ရာသီ အရောက်တွင် ယခင် တောတန်းကလေး အနီး၌ပင်လျှင် ကိုကွန်း လမ်းလျှောက် နေသည်ကို တွေ့နိုင်ပါသည်။ ကိုကွန်းကား ဤဝတ္ထု အစတွင် ဖော်ပြခဲ့သည့် အတိုင်း မျက်ဝန်း နက်နက်၊ နှုတ်ခမ်းမွေး စစနှင့် ကိုကွန်းပင် ဖြစ်ပါ၏။ သို့သော် မေးစေ့ နှစ်ထပ်မှာ ယခုအခါ ပြည့်ဖြိုးသွားပြီ ဖြစ်၍ ယခင်ကလို မဟုတ်တော့ပါ။ ထို့ပြင် ယခု သူ ဝတ်ထားသော အပေါ် အင်္ကျီသည် အသစ်စက်စက် ဖြစ်ပါသည်။ ခေါင်းပေါင်းနှင့် တကွ ကျကျနန ဝတ်စားထား၍ ရှေးကလိုပင် လမ်းလျှောက်သော အခါ ကိုယ်နှင့် ဦးခေါင်းကို မတ်မတ်ထား၍ လျှောက်သည်။ သူသည် ယခုအခါ လက်ထောက် ဆိုင်ထိုင် သုံးဦးနှင့် ကြီးကြပ်၍ အလုပ် လုပ်နေသူ ဖြစ်သည်။ သူနှင့်အတူ လမ်းလျှောက် နေသူမှာ မကြာမီကမှ ရောက်ရှိလာသော သူ၏ ညီတော်သူ ကိုထွန်း ဖြစ်သည်။ ညီအစ်ကို နှစ်ယောက် လမ်းလျှောက်ရင်း အလုပ်အကိုင် ကြီးပွါး တိုးတက်လာသော အကြောင်းကို ပြောနေကြသည်။ ကိုကွန်းက စကား စပ်သဖြင့် ငွေရေး ကြေးရေး အကြောင်းကို ပြောနေသည်။

ထိုအခါ ကိုထွန်းက “အကို့ အလုပ်က အဟန်သားဘဲ၊ အပြိုင်အဆိုင်တွေ ကြားထဲမှာ ဒီလောက် ကြီးပွါးတယ် ဆိုတော့ အကိုဟာ အင်မတန် ကံကောင်း တာဘဲ၊ ပြီးတော့လဲ အကို့မှာ ကူညီဖော် ရတဲ့ မိန်းမနဲ့ ဆိုတော့ ပို ကံကောင်းတာပေါ့” ဟု သူ့ အကိုကို ချီးမွမ်း လေသည်။

“ဟေ့၊ မင်းနဲ့ ငါနဲ့ နှစ်ယောက်ချင်းမို့ ပြောပြရဦးမယ်၊ မင်း ပြောသလို ချည်းဘဲ မဟုတ်သေး ဘူးကွဲ့၊ ငါ့ မိန်းမဟာ စောစောက ဆိုရင် အတော် သွေးကြီး မွေးကြီး ဖြစ်နေတာကွ၊ မိန်းမ ဆိုတာ ခက်တယ်ကွယ်”

“အလိုဗျာ၊ ဟုတ်ကဲ့လား”

“မင်း မသိပါဘူး၊ စောစောက ဆိုရင် မင့် မရီးဟာ အင်မတန် အသုံးအစွဲ ကြီးတယ်၊ ငါ့ကိုလဲ လူမထင် ဘူးကွ၊ သူ့ကို ငါ အင်မတန် ယုယခဲ့ ပါတယ်၊ ဒါပေမယ့် ငါက လူအေးကွ၊ ဒီတော့ သူက ငါ့ကို သူ့ အလုပ်အကျွေး သက်သက်ဘဲလို့ အောက်မေ့တယ်၊ ငါ့အိမ် ဆိုတာ သာလာယံ စရပ် ကျနေတာဘဲ၊ သူ့ ဆွေမျိုးတွေ၊ သူ့ သူငယ်ချင်းတွေ၊ အားလုံးဟာ ငါ့အိမ်မှာချည်း တရုန်းရုန်းနဲ့ စားကြ သောက်ကြတယ်၊ ပွဲလမ်း ရှိလို့ အားလပ်ပလား ဆိုရင် ငါ့ဆိုင် လာပြီး သီချင်း ဆိုသူ ဆို၊ ကသူ က၊ အဲသလို လုပ်တော့ အလုပ်ဟာ အလုပ်နဲ့ မတူတော့ဘူး၊ မိတ်ပျက် လာတယ်၊ အလုပ်ကို ထိခိုက်တယ်၊ ဒိအထဲမှာ မိန်းမက လာသမျှ ယောက်ျား သူငယ်ချင်း ဆိုတာတွေနဲ့ ပြီတီတီ လုပ်သကွ၊ ကြည့်စမ်းကွာ၊ ငါ့ အိမ်မှာ ငါက ဧည့်သည် ဖြစ်နေတယ်”

“အကိုရယ်၊ ကျွန်တော်တော့ ဒီလို ဖြစ်လိမ့်မယ်လို့ တခါမှ မထင်မိ ပါဘူး”

“အေး မင်းကသာ မထင်မိတာ၊ ဖြစ်နေတာ ကတော့ ဒီအတိုင်းဘဲကွဲ့၊ ဒီတော့ ငါက မင့် မရီးကို ပြောရတယ်၊ ‘ရှင်မရယ်၊ ငါက သူဌေး မဟုတ်ဘူး၊ ဒီတော့ မင်းကို ဖူးဖူးမှုတ် မထားနိုင်ဘူး၊ မင်းကို ငါ ယူတာ ကူဖော်လောင်ဖက် ရအောင် ယူတာ၊ ဒိတော့ ငါ့ကို ကူညီပြီးတော့ လုပ်ငန်းကို ကြီးပွါးအောင် လုပ်ပေးရမယ်’၊ အဲဒီလို ငါက ပြောတာကို သူက လက်မခံချင်ဘူး၊ ဒီတော့ ငါက ထပ်ပြီး ပြောရတယ်၊ ‘ဟေ့၊ ရှင်မ၊ ငါကတော့ လူအေး ပါဘဲ၊ ဒါပေမယ့် ငါ စိတ်ထလာရင် မင်း ခက်လိမ့်မယ်နော်’ လို့ သတိ ပေးပါရဲ့၊ ဒါနဲ့လဲ သူက ဂရုမစိုက် ပါဘူး”

“အဲဒီတော့ နောက် ဘာဖြစ်ကြ သလဲ”

“မိန်းမ ဆိုတာ ဒီလိုချည်း ဘဲကွ၊ ငါက လူအေး ဆိုတော့ ငါ စိတ်ထ လာမယ် ဆိုတာကို သူက မယုံဘူး ပေါ့ကွာ၊ ဒို့ ညီအကိုချင်း နှစ်ယောက်ထဲမို့ ပြောရဦးမယ်၊ သူ့လို မိန်းမမျိုးဟာ လင်ကို မလေးစားဘူး၊ ယောက်ျားက ကြောက်အောင် လုပ်ထားမှ ကြောက်ရမှန်း သိတယ်၊ ဒီတော့ ငါကလဲ အကြောင်းပြ ရတာပေါ့၊ တနေ့မှာကွယ် ဂျမ်းဘုံ ဆိုတဲ့ ကောင်မနဲ့ သူ့အကောင် စုံတွဲခုတ်ပြီး ငါ့အိမ်ကို လာတယ်၊ မင့် မရီးက ဖိတ်လို့ လာတာပေါ့၊ ဒီတော့ ငါနဲ့ သူတို့နဲ့ စကား များကြကရော၊ ဒီတော့ ငါက အကြောင်းပြလိုက် ရတာပေါ့၊ ငါက အိမ်က ခဏ ထွက်လာပြီး သူတို့ကို ဘယ်လို လုပ်ရမလဲလို့ စဉ်းစားတယ်၊ ပြီးတော့ အိမ်ပြန်ပြီး သင်းတို့ နှစ်ယောက်ကို ဆွဲထုတ် လိုက်တာပေါ့”

“အကိုက အိမ်က ဆွဲထုတ် လိုက်တာပေါ့”

“ဒါပေါ့ကွ၊ ငါကလဲ အတော့်ကို ဒေါသ ဖြစ်နေတော့ ဟို ကောင်မကို အသေ သတ်မယ် ဆိုပြီး အိမ်ပြန် လာတာ၊ ဟို အကောင်နဲ့ ဝင်တိုးတော့ ငါ့အကြောင်း ပြလိုက် ရတာပေါ့၊ ဟို အကောင်က ငါ့ထက် ဗလ ကောင်းပါတယ်၊ ဒါပေမယ့် ဘာရမလဲ၊ ငါက တွေ့သမျှ ရိုက်ခွဲပြီး သူ့ကို ဆွဲထုတ်တယ်၊ အဲဒီတော့ ကောင်မက လန့်ပြီး ဆင်ဝင်ခန်းထဲ ဝင်ပုန်းတယ်၊ အပြင်က နေပြီး တံခါး ပိတ်တယ်”

“အဲဒီတော့ နောက် ဘာဖြစ်သေး သလဲ”

“အဲဒါနဲ့ နောက်ထပ် ဘာမျှ မဖြစ်တော့ ပါဘူး၊ မနက်ကျတော့ ငါက ငါ့မိန်းမကို ပြောရတယ်၊ ‘ကိုင်း၊ မင်း နားလည်ပလား၊ ငါ စိတ်ထရင် ဘယ်လိုလဲ ဆိုတာ မင်း သိပလား’ အဲဒီလို ပြောပြီးတဲ့နောက်၊ ငါလဲ နောက်ထပ် သူ့ကို ဘာမှ အထွေအထူး ပြောမနေ ရတော့ဘူး။ ငခြောက်ဟေ့ ဆိုရင် ဖုတ်ပြီးသားပါလို့ ဖြစ်လာတာပေါ့ကွယ်”

“နို့ နေပါဦး၊ အဲဒီလို လုပ်လိုက်တာ လင်နဲ့ မယား သင့်သင့်မြတ်မြတ် ပျော်ပျော်ရွှင်ရွှင် ဖြစ်ကရော့လား”

B+“အေး၊ ဒါပေါ့၊ ဟေ့၊ မိန်းမ ဆိုတာ မယားနေစ ကြောင်သေမှကွ၊ အဲသလိုသာ ငါ နှိမ်မထားရင်လေ၊ ခုနေ အခါမှာ ငါ့အလုပ် ပျက်ပြားပြီးတော့၊ ငါလဲ အိမ်တကာ လည်ပြီး တောင်းရမ်း စားသောက် နေရမှာဘဲ၊ ပြီးတော့မှ သူ့မှာလဲ တညည်းညည်း တညူညူနဲ့၊ သူ့အမျိုးတွေ ကလဲ ဆူဆူပူပူ၊ ငါ့ကိုလဲ သူ ယူလိုက်လို့ ဆင်းရဲရ ပါပကောလို့ ပြောကြဦးမယ်၊ သူတို့ အကြောင်းကို ငါ သိတယ်ကွ၊ ခုတော့ မင်း မြင်တဲ့ အတိုင်း၊ အလုပ်အကိုင် ဖြောင့်ပါတယ်၊ မင်း ပြောသလိုဘဲ ကြီးပွါး နေပါတယ်”

ညီအစ်ကို နှစ်ဦးသားသည် အတွေး ကိုယ်စီနှင့် ဆက်၍ လမ်းလျှောက်ကြသည်။ အတန်ကြာသော် ညီ ဖြစ်သူက “မိန်းမ ဆိုတာ ထူးဆန်းတာဘဲ နော်” ဟု ပြော၏။

ကိုကွန်းက “မိန်းမ ဆိုတာကို မညှာရ ဘူးကွ” ဟု ဩဝါဒ ပေး၏။

ဤအတွင်း ကိုထွန်းသည် ကိုကွန်းအား ရုတ်တရက် စကားမစပ် မေးလိုက်သည်။

“အကိုရယ်၊ ဒီအနား တဝိုက်မှာ မှိုတွေကလဲ ပေါများလိုက်တာ၊ ဒီမှိုတွေဟာ ဘာများ အသုံးကျ သလဲဗျာ”

ထိုအခါ ကိုကွန်းက အသေအချာ ကြည့်ပြီးလျှင် “ငါ့ညီရဲ့၊ မှို ဆိုတာကလဲ သူ့နေရာနဲ့ သူ အသုံးကျတယ်ကွဲ့၊ ဉာဏသမ္ပယုတ် ယှဉ်ပြီး လုပ်ရတဲ့ အလုပ်မျိုးမှာ အင်မတန် အသုံးကျတယ်” ဟု ပြောလိုက်သည်။

ခရမ်းရောင် မှိုသည် ကိုကွန်းကို မိမိ ဘဝလမ်းကြောင်း အတွက် ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်အောင် အဆိပ်အတောက်ဖြင့် ဖန်တီး ပေးခဲ့သည်။ ထို့ကြောင့် ထိုမှို အပေါ်၌ ကိုကွန်း၏ ကျေးဇူးသည် ကြီးလှပေသည်။ ယခု ကိုကွန်း ပြောလိုက်သော စကားသည် ဘာမျှ မကြီးကျယ် သော်လည်း၊ မှို၏ ကျေးဇူးကို ဆိုလိုက်သော စကားပင် ဖြစ်သည်။

မောင်ထင်

မူရင်း (The Purple Pileus by H. G. Wells)

အနာဂတ္တိကျမ်းနှင့် အခြားဝတ္ထုတိုများ (၁၉၇၇)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ