Skip to main content

ဗျည်း (၃၃) လုံး ရခိုင်လှေတော်သံ

သက္ကရာဇ် (၃၁၇) ခန့်၊ ဝေသာလီပြည် စူဠစန္ဒြမင်းလက်ထက် အမတ်ကြီးဓမ္မဇေယျ ဆို-

(က) က ကိုမူကား၊ 

 ကဉ္စန ပဗ္ဗတာ၊ ငွေတောင်သာက

 ဟင်္သာဝမ်းဘဲ၊ ပျံဝဲသည်

 မစဲရံကာ၊ ရံကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။ <-- (သံပြိုင်)

(ခ) ခ ကိုမူကား၊ 

 မြတ်လှသည်းခံ၊ ရသေ့ပျံကို

 အကြံယူမှား၊ မင်းသားပြည်ရှင်

 ပြစ်မှားလျှင်ကား၊

 ပြည်တော်ဝင်ကာ၊ ဝင်ကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ဂ) ဂ ကိုမူကား၊

 ဂန္ဓမာလာ၊ ပန်းနံ့သာနှင့်

 လင်ရှာမရ၊ နဂါးမလျှင်

 နေ့ညမပြတ်၊ လှည့်ဖြားတတ်သည်

 သူမြတ်ရွှင်ကာ၊ ရွှင်ကာသော်လည်း။

 ဟန်စီလေ… ဟန်စွလေ။ ။

(ဃ) ဃ ကိုမူကား

 ဃာရာဝါသ၊ ကိစ္စများမြောင်

 လူတို့ဘောင်ဝယ်၊ ခွာရှောင်ချေပြီး

 မင်းကြီးဓဋ္ဌ၊ သားလှလွက်သည်

 အထွတ်တင်ကာ၊ တင်ကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(င) င ကိုမူကား

 ငဆမုဆိုး၊ နတ်မျိုးလည်းဟိ

 မဏိပတ္တမြား၊ ကုန်ခါစားသည်

 လေးမြားကိုင်ကာ၊ ကိုင်ကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(စ) စ ကိုမူကား၊

 စန္ဒသူရိယ၊ မင်းလှပြည်သျှင်

 တောင်းပန်လျှင်ကေ၊ သျှင်ပင့်ကိုယ်စား

 သွန်း၍ထားသည်၊

 ဖူးများလွယ်ကာ၊ လွယ်ကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ဆ) ဆ ကိုမူကား၊

 ဆဒ္ဒန်ဆင်မင်း လေညှင်းခံရာ

 မုဆိုးလာ၍၊ ဖြတ်ကာစွယ်များ

 ပေးကမ်းငြားသည်၊

 မင်းအားဆက်ကာ၊ ဆက်ကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ည) ည ကိုမူကား၊ 

 ညေယျဓံတရား၊ ထိုငါးပါးကို

 ပိုင်းခြားထင်ထင်၊ သိမြင်ကုန်ကုန်

 ပြီးပြည့်စုံသည်၊ ဗိုလ်ပုံလူများ

 သိမြင်ကြားအောင်၊

 ဟောကြား ဗုဒ္ဓါ၊ ဗုဒ္ဓါသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ဋ) ဋ ကိုမူကား၊

 ဋကူမင်းကြီး၊ မိကျောင်းစီး၍

 ခရီးလွန်ရှည်၊ သန်လျင်ပြည်ကို

 ဝင်လေ ညခါ၊ ညခါသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ဌ) ဌ ကိုမူကား၊

 ဌာပနာကို၊ မြင်လာတန်းဆောင်

 ကျွတ်လုံးပြောင်တည့်၊ မြားမြောင်ရှစ်သွယ်

 မွေတော်ဓာတ်ကို၊

 တောင်ထွတ်တည်ကာ၊ တည်ကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ဍ) ဍ ကိုမူကား၊

 ဍဏ္ဍုမင်းကြီး၊ ကြီးအင်ကြောက်လှ

 ဍုံဋ္ဌဂါမဏိ၊ တိုက်စည်တီးလျက်

 မင်းကြီးကျည်းပြည်၊ စစ်ထိုးလေသည်

 ဝန်းလည်အောင်ကာ၊ အောင်ကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ဎ) ဎ ကိုမူကား၊

 ဎရဋ္ဌထာ၊ နဂါးသာလျှင်

 ရီမှာမျိုးမြတ်၊ စီးပြီးလတ်သော်

 စက်မြတ်ကြင်ရာ၊ ကြင်ရာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ဏ) ဏ ကိုမူကား၊

 ဏစဉ်ပင်က၊ ထွိမ်းညွှန်ပြလွန်

 ပရစံပ၊ တက္ကုလကို

 ပြည်ကစောင့်ကာ၊ စောင့်ကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(တ) တ ကိုမူကား၊

 တာဝတိံသာ၊ ထက်မှာနေနား

 မိနတ်သားကို၊ တရားသာယာ

 မြတ်စွာဘုရား၊ လာဟောငြားလည်း

 နတ်များသောင်းသောင်း၊

 အလောင်း ကျွတ်ကာ၊ ကျွတ်ကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ထ) ထ ကိုမူကား၊

 ထံပါးမကွာ၊ မယ်သူဇာနှင့်

 မကွာတူစုံ၊ ပျော်ကြကုန်သည်

 အာရုဏ်ပေးကမ်း၊ ရွှန်းရွှန်းသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ဒ) ဒ ကိုမူကား၊

 ဒါနများလွန်၊ မင်းဝေဿန်လျှင်

 မြိုင်ခွင်တောသာ၊ ဝင်္ကပါသို့

 ခွါလျှင်နေငြား၊ ပုဏ္ဏားဇူဇကာ

 ဂဏှာ ဇာလီ၊ သူငယ်နှစ်ယောက်

 မူငါးမြှောက်ခါ၊ 

 ကင်္ကာ ကင်္ကာ၊ ကင်္ကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ဓ) ဓ ကိုမူကား၊ 

 ဓက္ကမင်းသား၊ စွမ်းခွန်အားနှင့်

 ပတ္တမြားငုံကာ၊ ပျံကျလာသည်

 ဆင်းဝါရုပ်ရေ၊ လှနတ်မေကို

 မြင်ကေ ဝန်းကာ၊ ဝန်းကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(န) န ကိုမူကား၊

 နဂါးရာဇာ၊ ဘုရားလျာနှင့်

 နတ်ရွာ လူ့ပြည်၊ ပြောင်းကြည်ဝင်လျှင်

 ညောင်ပင်ရင်း၌၊

 သီတင်းသုံးကာ၊ သုံးကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ပ) ပ ကိုမူကား၊

 ပပဝတီ၊ ဒေဝီရတနာ

 တောင်ညာထွတ်ထား၊ မိဖုရားကို

 အားရကြံကာ၊ ကြံကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ဖ) ဖ ကိုမူကား၊

 ဖယကုမ္မာ၊ 

 ကြီးစွာပြောင်းအား၊ ပင့်ကူကျားကို

 လွှားလွှား ခွပ်ကာ၊ ခွပ်ကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ဗ) ဗ ကိုမူကား၊

 ဗာလလူမိုက်၊ မိန်းမစစ်ကို

 ပစ်တတ်တန်တင်၊ သဖန်းပင်တွင်

 မြင်လျှင်မင်းကြီး၊ ဆောင်းရွှေထီးနှင့်

 ဘိသိက်ခံကာ၊ ခံကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ဘ) ဘ ကိုမူကား၊ 

 ဘဒ္ဒကမ္ဘာ၊ ပေါ်ခါအစ

 ဗုဒ္ဓညောင်ဖြူ၊ မေတ္တာဟူသည်

 ငါးဆူရှင်ပင်၊ ရှင်ပင်သော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(မ) မ ကိုမူကား၊

 မဟော်သဓာ၊ ဘုန်းပညာနှင့်

 ပုစ္ဆာနတ်လူ၊ မေးကြဟူသည်

 လွယ်ကူ ဖြေကာ၊ ဖြေကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ယ) ယ ကိုမူကား၊

 ယက္ခစွယ်ပြူး၊ ဘီလူးနှင့်မြင်း

 အန်တုခြင်းသည်၊ 

 ရန်ကိုမိကာ၊ မိကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ရ) ရ ကိုမူကား၊

 ရထားယာဉ်သာ၊ နေစကြာနှင့်

 တေဇာနည်းတူ၊ တောက်စေဟူသည်

 တောက်စေသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(လ) လ ကိုမူကား၊

 လက်က(လင်္ကာ)မင်းဖျား၊ စွမ်း စွမ်းအားနှင့်

 ရထားစီးကာ၊ စစ်ထိုးလှာသည်

 ဗိုလ်ပါငါးရာ၊ ငါးရာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ဝ) ဝ ကိုမူကား၊

 ဝေဘူလတောင်၊ မြင့်ခေါင်ရွေဆောင်း

 ဘီလူးပေါင်းနှင့်၊ ဘေးလောင်းထွတ်ဖျား

 မင်းသားလုလင်၊ ကျဆုံးကျင်သည်

 ရန်ခွင်(ခွင်း) ဖြေကာ၊ ဖြေကာသော်လည်။

 ဟန်စိလေ… ဟန်စွလေ။ ။

(သ) သ ကိုမူကား၊

 သံထု (သံသု)ကုမ္မာ၊ စောမင်းလျာသည်

 ဆရာမြတ်ထံ၊ ကျိုးနွံ ခစား

 နောင်တော်အားကို၊ တရားဆယ်ယူ

 ထီးဖြူနှင်းကေ၊ နှင်းကေသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ဟ) ဟ ကိုမူကား၊

 ဟင်္သာငှက်ငယ်၊ စစ်ဖြစ်မြေကို

 ခြေပူလောင်ဆာ၊ မကြံသာသည်

 ရေမှာ မျောကာ၊ မျောကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(ဠ) ဠ ကိုမူကား၊

 ဠာလမင်းသား၊ ရထားမစီး

 မင်းကြီး သူမြတ်၊ ဗြဟ္မဒတ်ကို

 အမတ်ညီညာ၊ ပြည်နှင်းလှာသည်

 အရ ယူလာ၊ ယူလာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(အ) အ ကိုမူကား၊

 အမ္ဘချိုဆီး၊ သရက်သီးကို

 ကျီးသားထွင်သီ၊ ဆောင်ချီသည်

 ဒေဝီ စားကာ၊ စားကာသော်လည်း။

 ဟန်စိလေ… ဟန်စွလေ။ ။

(အမတ်ကြီး ဓမ္မဇေယျ)

ရှေးစာကဗျာများ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ