ဆေးကျောင်းကို ရောက်လာကြတဲ့ ကျောင်းသူကျောင်းသားတွေမှာ တူတဲ့အချက်တခုကတော့ ဆယ်တန်းမှာ အမှတ်ကောင်းကောင်း ရခဲ့ကြတာဖြစ်တယ်။ ဆယ်တန်းအောင်မှတ်ဆိုတဲ့ တရားစီရင်ချက်ကြောင့်ဖြစ်လာကြတာလို့ ဆိုချင်တာပါ။ ကျွန်တော်တို့အရင်က စီနီယာကျောင်းသားကြီးတွေက အဲဒီအချက်နဲ့ မတူတဲ့ အခြေခံတမျိုး ရှိကြတယ်။ သူတို့ ဆေးကျောင်းရောက်ရတာက သိပ်တော့ မသိလှပါဘူး၊ သုတေသနလုပ်တာ မဟုတ်လို့။ အထင်နဲ့ ရေးရရင် ဆွေမျိုး အသိုင်းအဝိုင်းအရ အခြေအနေနဲ့ တွန်းအားတွေကြောင့်၊ ရည်မှန်းချက်တွေရှိရှိ၊ ပြင်ပြင်ဆင်ဆင်နဲ့ ရောက်ကြတာလို့ ထင်တယ်။
ကျွန်တော့် တယောက်အတွက် မှန်တာကတော့ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ အခြေအနေ တွန်းအားတွေမရှိဘူး။ ရည်မှန်းချက် ဆိုတာလဲ ငါဆရာဝန်ဖြစ်ရမယ်လို့ မှန်းပြီး စာလုပ်ခဲ့တာလဲ မဟုတ်ဘူး။ “အဲဒီခေတ်က ပညာရေးစနစ် ပုံသွင်းတဲ့အထဲ ပါသွားတာပါ။”
ဆေးကျောင်းသားတွေမှာ နောက်တူတဲ့အချက်တခု ရှိသေးတယ်။ ဘဝင်ကိုယ်စီအနည်းနဲ့ အများရှိကြတာ။ ဘဝင်ဆိုတာ အတိအကျ အသုံးစကား ဟုတ်ချင်မှ ဟုတ်မယ်၊ ဆေးကျောင်း တက်ရတာကို ဂုဏ်ယူကြတာမျိုး ဆိုချင်တာပါ။ အပြစ်မရှိလှဘူး ထင်ပါတယ်။ အဲဒီခေတ်မှာ ဆယ်တန်းအမှတ် အများဆုံးကိုမှ ဆေးလိုင်း သတ်မှတ်တာကိုး။ ဒီတော့ မိဘတွေ၊ ဆွေမျိုးတွေ၊ “ဆွေမျိုးတော်ချင်သူတွေ” အဖို့ ဒီ စံသတ်မှတ်ချက်ကို လိုက်ကြပေါ့။ ကိုယ်ကြိုးစားလို့ ရတာကို ကျေနပ်မှုရှိတာ ပုံမှန်ဘဲ။
“ဆွေမျိုးတော်ချင်သူ” ဆိုတာ သိတဲ့အတိုင်း သားမက်၊ ချွေးမရွေးကြတာပါ။ ဗမာပြည်မှာက အကြိုက်ခေတ် ဆိုတာ ပြောင်းနေတယ်။ ခေတ်ကလဲ စနစ်နဲ့ ယှဉ်လိုက်နေသေးတယ်။ စနစ်ဆိုတာ နိုင်ငံရေး၊ လူမှုရေး စတာတွေ ရောနေတာမျိုး။ စစ်ဗိုလ်တွေ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ခေတ်မှာ ကျွန်တော်တို့ ကြီးခဲ့ရပါတယ်။ နောက်တခါ ဆရာဝန်က နှင်းဆီခိုင် ဖြစ်လာပြန်တယ်။ ဆိုရှယ်လစ်ခေတ် အတော်ခရီးရောက်လာတော့ သင်္ဘောသားခေတ် ဖြစ်လာတယ်။ သင်္ဘောသားခေတ်ကနေ နိုင်ငံခြားသွားခေတ် ဖြစ်လာတယ်။ ကိုယ့်တိုင်းပြည်မှာတင် အလုပ်လုပ်ဘို့ အဆင်မပြေတဲ့ အခြေအနေဆိုတာ အဲဒီကတည်းက စခဲ့တာ ကနေ့အထိပါ။
စစ်ဗိုလ်တွေ တခါပြန်ပြီး တပါတ်လည်လာတယ်။ ဒီတခါတော့ “ပျိုတိုင်းကြိုက်တဲ့ စိန်ပန်းခိုင်”။ တချို့လူတွေ စိန်စီနေချိန်၊ ဆန်စားဘို့ မလွယ်သူတွေက များလွန်းနေလို့၊ မုဒိတာပွါးဘို့ ခက်သူက မနည်းဘူး ထင်တယ်။
ဆရာဝန်ခေတ်တော့ တကြော့ပြန်တယ် မကြားမိဘူး။ ဆရာဝန် နှင်းဆီခိုင်ခေတ်တုံးကတော့ တချို့သူငယ်ချင်းတွေ ရောင်းကောင်းခဲ့တာ များလှတယ်တော့ မထင်ဘူး။ မရှိဘူးတော့ မဟုတ်ပါ။ နောက်တော့ အိမ်ထောင်ရေး အဆင်မပြေတာတွေလဲ ကြားရတယ်။ အိမ်ထောင်ရေးဆိုတာ ကိုယ်ကြိုက်-ကိုယ်ယူတွေလဲ အဆင်မပြေတာ ရှိတာပါဘဲ။
အိမ်တောင်ရေးစံ သတ်မှတ်ချက်က နေရာဒေသ၊ ခေတ်၊ လူမျိုး၊ ဘာသာ မတူရင် ခြားနားကြတာ အရင်က သိပ်သတိမထားခဲ့မိဘူး။ ကိုယ်သိထားတဲ့ စံကိုဘဲ ယူတတ်တာကိုး။ ပြည်ပရောက်တော့ ခေတ်မီ-ခေတ်ရှေ့ရောက်၊ တိုးတက်တယ်ဆိုတဲ့ တိုင်းပြည်ကစံတွေကို ပြည်ပရောက်တွေက နာယူမှတ်သား လိုက်နာကြတော့တယ်။ ကျွန်တော်တို့ လင်မယားခေတ်ကလူတွေဟာ အောက်ကုန်ပြီဆိုတဲ့ အတန်းအစားဖြစ်ကုန်ကြရော။ အမျိုးသမီးအဖွဲ့အစည်း တချို့က “တလင်တမယားဆိုတဲ့စကား နားခါးသတဲ့”။ သဘောပါဘဲ။ ကျွန်တော်က တမာရွက်ကြိုက်တယ်။ ကြက်ဟင်းခါးသီးလဲကြိုက်၊ ခွေးတောက်ရွက်လည်းကြိုက်တယ်။
“ချုပ်တည်း သည်းခံနိုင်စွမ်း ဆိုတာဟာ၊ လွတ်လပ်စွာ ပြောဆို-ရေးသား-လုပ်ကိုင်ခြင်းရှိရမယ် ဆိုတာကို ဆန့်ကျင်တယ်လို့ ထင်ကြတာ လွဲနေတယ်။” နိုင်ငံရေးအမြင်နဲ့ (အက်တစ်ဘစ်) အမြင်က ဒီနေရာမှာကွာတယ်။
လူဆိုတာ လက်လွတ်စပယ် မနေ-မပြော-မလုပ်စွမ်း ရှိရတယ်။ ယဉ်ကျေးတာနဲ့ ရိုင်းတာကလဲ အဲဒီအစွမ်းတွေ များတာနဲ့ နည်းတာကို ခွဲခေါ်တာဖြစ်တယ်။ သူများထက် ချုပ်တီး-အောင့်အီး-သည်းခံနိုင်စွမ်း ကြီးမားသူတွေကို ဆရာတင်ကြရ၊ ဆီးကပ်ကြရ၊ ကိုးကွယ်ကြရတာဖြစ်ပါတယ်။
အစဉ်အလာတွေဟာ အတားအဆီးတွေမို့ မလိုအပ်တော့ဘူး၊ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်သင့်တယ်ဆိုတာ အလွယ်ဆုံး အလုပ်မျိုးပါ။ သတ္တိလဲ မလိုဘူး၊ (ဝပ်ရှော့) လုပ်ဘို့လဲ မလိုဘူး။ ရိုင်းရိုင်းပြောရရင် အရှက်နည်းဘို့သာ လိုတာ။
ဆရာဝန်တွေအဖို့တော့ ဆန်းသစ်လာနေတဲ့ ဆေးပညာကို စဉ်ဆက်မပြတ်လေ့လာနေကြရတယ်။ အဲဒါကသာ ခေတ်နဲ့ ညီတယ်၊ ခေတ်မီတယ်လို့ ခေါ်တယ်။ ကနေ့ (ယူအက်စ်) မှာ၊ (ယူကေ) မှာ ဘာအသစ်တွေ့သလဲကို သိနေကြရတယ်။
ဗမာပြည်ဆေးလောကထဲက နှင်းဆီတွေဟာ မွှေးနေဆဲလို့ ထင်ပါတယ်။
Dr. တင့်ဆွေ
၁၁-၁၁-၂၀၁၃

Comments
Post a Comment