Skip to main content

ပေါ်နွေလလျှင်ချီ ရတု

ဆရာခင်ဗျာ ပေါ်နွေလလျှင် ရတုတွင် ပြာစင်မွန်လတ်လား ရွှန်းလတ်လား ဂဏသေချာစွာသိလိုပါသည်ခင်ဗျာ။
ပေါ်နွေလလျှင်ချီ ရတု ကူးတင်သူတချို့က မှားနေတယ်။ ပုံနှိပ်မူတချို့မှာလည်း မှားနေတယ်။
နတ်သျှင်နောင်ရတုတပုဒ်ကို အရင်ကလည်း တင်ပြထားတယ်။ သီချင်းလည်း တင်ထားတယ်။ မနေ့က တခြားသူတဦးတင်တာမှာ 'တိမ်စွန်လေလျှင်' မဟုတ် 'တိမ်စွန်လေလျင်' လို့ တင်ထားတာတွေ့လို့ ပြန်စစ်ရပါတယ်။ 
တိမ်စွန်လေလျှင် = တိမ်စွန်လေကဲ့သို့။ မှန်တယ်လို့ ထင်ပါတယ်။
တိမ်စွန်လေလျင် = တိမ်စွန်လေမြန်သကဲ့သို့။
တယောက်က သောဝ် အသုံးကို မေးတယ်။
သောဝ် = ဆန္ဒထုတ်ဖော်ရာ၌ လေးနက်စေရန်သုံးသော အဆုံးသတ်စကားလုံး။
နတ်လူသာဓုခေါ်စေသောဝ်။ ကောင်းစွာလျင်သော၊ အောင်စေသော်ဝ်။
(ရှင်ဥက္ကံသမာလာ- တောင်ငူဆိုရတု အဖြေ)
ပေါ်နွေလလျှင်၊
တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့်
ပျံ့ပျူးချုပ်ဆိုင်း၊ မုန်တိုင်းဆင်လို
တိမ်ညိုမှိုင်းထပ်၊ ပြက်လျှက်ပြကာ
စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက
ရေသွန်းသာကြည်၊ ပျော်ရမည်ကို
မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု
ချစ်ထွတ်တင်သည်၊
ပြာစင်ရွှန်းလတ်၊ ဖြူဝင်းမွတ်လျှင်
ကြာညွတ်ဖယောင်း၊ နေရှိန်ပျောင်းသို့
ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို
တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည်
ငှက်သွင်ပျံကြွ မတတ်သော်။ ။
မြော်ချေကလျှင်၊
ကာလအလျှောက်၊ ပိတောက်လျှံခဲ
ပုလဲငုံသွယ်၊ အလှယ်လှယ်တိ
စံပယ်ဖြူမွှေး၊ စံကားသေးကို
မြတ်လေး စုံမက်၊ ကျွန်ုပ်လက်ဖြင့်
ရွှေးလျက်ရွရွ၊ မဆင်ရတည့်
ကာလသို့အောင်၊ ရည်စောင်ပန်းမန်
မမှီလွန်က၊ ချိန်တန်သို့သည်
ပြန်မည်လေသာ၊ မရောက်လှာဟု
ကြံကာခွေ၍၊ နေလိမ့်မည်ကို
ရှိသည်မူရန်၊ မင်းရေဝန်ကြောင့်
လျှောက်ပန်စေ့မျှ၊ မချေရသော်
ပြိုက်ကျသွယ်ဖြည်း၊ နှင်းထက်သည်း၍
ဝမ်းနည်းလျက်ပင်၊ ပျောင်းလိမ့်ထင်သည်
ညက်စင်စံများ အထွတ်သော်။ ။
ဖျော်ဖြေမှလျှင်၊
ယုယသံချို၊ ပြေလိုစိမ့်သား
ကျူးပိုက်ဖြား၍၊ ချီသွားမူးမူူး
နွေရက်ဦးက၊ မကျူးထင်ထင်
ကဆုန်တွင်ကို၊ ကျိုင်းစင်မြခဲ
စစ်ပွဲရန်နှည်၊ ပြန်လျှင်းမည်ဟု
နှုတ်ခြည်ပေါ်သာ၊ ဆိုလေရှာသော်
မလ္လာရနံ့၊ ထုံပျံ့ပန်းသတ်
ခြုးနတ်ဆင့်ကုံး၊ စိန်ပွင့်အုံးဝယ်
ပင့်ရုံးရွရွ၊ လက်သင်မ၍
သက်မျှငယ်ချစ်၊ ပျောင်းလိမ့်ဖြစ်ကို
စိစစ်မိမိ၊ သတိချုပ်ဆည်
ပြေမည်မျှဝေး၊ ချစ်ဝန်လေးခဲ့ 
ရေးရေးဖူးချင်၊ မယ်သို့လျှင်သည် 
စက်ရှင်လျှံမျှ ရဟတ်သော်။ ။ (နတ်သျှင်နောင် - သက္ကရာဇ် (၉၇၂)
စာကူးရေးတာ အမှားပါနေပါက ကျွန်တော့တာဝန်သာဖြစ်ပါမည်။ 
နတ်သျှင်နောင်၊ ဆို - ပြည်လှဖေ https://www.youtube.com/watch?v=tJVpyVXCwLY
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ