Skip to main content

တောင်ငူဆို ရတုအဖြေ - ဦးရွှန်း

(ကမုတ်ရွှေကြာ၊ ချပ်တရာမှရောက်လှာပြိုင်ဘော်၊ သခင်သော်လည်း တွေးခေါ်မည်ပင်၊ လူမျိုးထင်လိမ့်)

သမုဒ်ဧရာ၊ မြစ်ငါးဖြာမှ

ဆုံလာလှည့်ဝိုက်၊ ရစ်၍့ဆိုက်သား

လိုက်လိုက်ဖြိုးဖြိုး၊ ဖြန့်မိုး စကြာ

အဝါဟူးဟူး၊ နေထက်ထူးမျှ

ပန်းဦးမဉ္ဇူ၊ ဆက်လှူသဘင်

မြသီးတင်ဟု၊ (မြသီတင်-မူကွဲ)

ကျွန်းခွင်ပျံ့မွှေး၊ လေသွန်ပြေးသည်

ညီထွေးနောင်နည်း၊ တမျှတည်းကို

သာဖြည်းပျံ့ပျူး၊ လျှောက်ပါဦးအံ့

အမူးအမော်၊ ညှိုးယော်ခွေပျောင်း

မဖြစ်တောင်းတည့်၊ ရှင်နှောင်းနွဲ့ညို

ယုံမည်ကိုမျှ၊ သံချို ဟမြွက်

ရိပ်ခြည်ခက်ခဲ့၊ ကိုးချက်နာရီ၊

နွဲးမှီစက်ပါး၊ လရထားသည်

နဂါးနီးပြန် ခဲ့တကား။ ။ (နတ်ရှင်နောင်)

အဓိပ္ပာယ်ကား-

သမုဒ္ဒရာသို့ မြစ်ကြီးငါးစင်းတို့မှ ရေတို့သည် ပေါင်းဆုံလာဘိ သကဲ့သို့၊ ရေရစ်လည်ဝိုက်၍ ဆိုက်သား လိုက်လိုက်ဖြိုးဖြိုး ဖြန့်မိုးသော ထီးစကြာနှင့်၊ အရောင်အဝါ ဟူးဟူးပြောင်ပြောင် နေရောင်ထက်ထူးသော ပန်းဦးမဉ္ဇူကို ဆက်လှူ၍့ သဘင်ခံသော မြသီးတင်ဟု၊ ကျွန်းခွင်ပျံ့မွှေး လေသွန်ပြေးသည်၊ ညီတော်နောင်တော် နှစ်ဆူတမျှတည်း၊ ဘုရားကို သာသာဖြည်းဖြည်း ပျံပျံပျူးပျူး လျှောက်ပါဦးအံ့။

အမူးအမော် ညိုးညိုးယော်ယော် ခွေခွေပြောင်းပြောင်း မဖြစ်တောင်း ဖြစ်သည်ကို ရှင်နှောင်းနွဲ့ညို ယုံမည်ကို သံချိုမမြွက်၊ ရိပ်ဝှဲး၍့ ပြောမည်မျှ ခက်ခဲး၊ နာရီမောင်း ကိုးချက်ရှိသော ဝါဆိုလသို့ မရောက်မှီ နယုန်လဖြစ်သော လရထားသည် ကြယ်နဂါးချက် ဇေဋ္ဌနက္ခတ်နှင့် နီးပြန်ခဲ့တကားဟု ဆိုလိုသည်။ ။

`လရထားသည် နဂါးနီးပြန်ခဲ့တကား' ကို ဝါဆိုလဟူ၍့ ရှေးအဖြေ၌ ဖြေဆိုလေသည်။ ကဆုန်လ ဝိသာခါ၊ နယုန်လ ဇေဋ္ဌ ဆိုသည်ကား ကြယ်နဂါး၊ အနုရာဓ၊ ဇေဋ္ဌနက္ခတ်ပင် ဖြစ်သည်။

ထို့ကြောင့် တပဟိုလျှင် ကိုးမောင်းနှင့် တီးသော ဝါဆိုလအနီးအပါး ဇေဋ္ဌနက္ခတ်နှင့်လ ယှဉ်နီးသော် နယုန်လ ရောက်ခဲ့ပြီဟု ယူရမည်။

နောက်ပုဒ်၌လည်း `မုလေး စံပယ်၊ နံ့ကြွယ်ကြိုင်ပျည်း' ဟု နယုန်လ ရာသီပန်းကို ဆိုလျက်ဖြစ်သည်။

မင်းရဲးနရာ ဧချင်း၊ နဝဒေးကြီးဆို ရတု၊ ဇေယရန္တမိတ်ဆို ရတုများတွင် ကြယ်နဂါးနှင့်စန်း ဝါဆိုလတွင် ယှဉ်ကြောင်း စပ်ဆိုသည်။ အယူမရှိကြအောင် ဖြေဆိုပေဦးအံ့။

မင်းရဲးနရာ ဧချင်းတွင်-

`ယုဂန်ညွန့်၍့၊

နင်းကွန့်ခုန်ကြွား၊ လရထားနှင့်

နဂါးနီးလှည့်၊ ဝါလပြည့်သော်'

စပ်သည်မှာ နယုန်-ဝါဆို နှစ်လကို ပေါင်း၍့ဆိုသည် ယူရမည်။ ထိုနှစ်လတွင် ရေအခန့်သင့်ရာ လ၌ မြသီးတင်ဘုရားသို့ သဘင်ကြီးစွာ လှေတက်နှင့် ထွက်တော်မူ၍့ ဖူးကြောင်းကို ဆိုသည်။ နှစ်လကို ပေါင်း၍့ ဆိုကြောင်းကို အထက်ပုဒ်ကပင် သိရမည်။

`မှိုင်းပျမှိုင်းပျ၊ တန်ခူးကသည်

မိဿရာသီ၊ ပြိဿချီ၍့

တိမ်ဆီအာကာ၊ ဝိသာခါနှင့်

သာ်တာမိုးလ၊ တူပြိုင်ပသော်

နတ်မှအဟန်၊ လေးကျွန်းကန်၌

ရွှေလှေ ရွှေလောင်း'

စသည်ဖြင့် ပျော်စမ္ပာယ်ကြောင်းကို ဆိုသည်။

ထို့ကြောင့် `လရထားနှင့် နဂါးပြိုင်လှည့်' ဆိုသည်မှာ နယုန်လ၊ ဝါလပြည့်သော ဆိုသည်မှာ ဝါဆိုလ။ နယုန်-ဝါဆိုလ ရောက်သော် တောင်ငူမင်း မြသီးတင်ဘုရားကို ရွှေလှေရွှေလောင်းနှင့် ထွက်တော်မူ၍့ ဖူးကြောင်းကို ယူရမည်။

ဇေယရန္တမိတ်ဆို `သာရမဉ္ဇူချီ' ရတုတွင်-

`ချမ်းမြငြိမ့်ဝါ၊ လသော်တာလျှင်၊

စကြာဖြူထွား၊ ပြင်ယဉ်သွားသည်၊

နဂါးကြယ်တမျှင့်တကား'

ဟူ၍့ စပ်သည်မှာ ဝါဆိုလကသည် အခါလည်၍့ နဂါးယှဉ်သော နယုန်လတိုင်အောင် ကြာပြီ ဆိုလိုသည်။ ထို့ကြောင့် ဒုတိယပုဒ်၌ `ဝါကသည်မူ၊ ခါလည်အောင်ပင်' စပ်သည်။

နဝဒေးကြီးဆို `အတွင်းရွှေကူ' ချီ ရတု ပဌမပိုဒ်တွင်-

`ဆွဆွဖြူထွား၊ လရထားနှင့်

နဂါးထိပ်ပြင်၊ သွားလာလျင်သည်

ဝါဝင် လွယ်လွန်း ခဲ့တကား'

ဟူ၍့ စပ်သည်မှာ `လရထားသည် နဂါးထိပ်ပြင်က အသွားအလာ လျင်သည်၊ ဝါဆိုလ ရောက်လွယ်လွန်းသည်' ယူလျှင် သင့်သည်။

နယုန်လ ရာသီစက်၌ ရှိသော ကြယ်နဂါး၊ အနုရာဓ၊ ဇေဋ္ဌနက္ခတ်တို့က အပြောင်းအခွာ လျင်မြန်၍့ ဝါဆိုလရာသီသို့ ရောက်လွယ်လွန်းသည် ဟူလိုသည်။

`အောက်မေ့ချေသော်' ချီရတု တတိယပိုဒ်တွင်-

`သဘင်ဝါလ၊ ရောက်လကလည်း

ရူတ မဖြေ၊ အထွေထွေတည့်

ရစ်ခွေလှည့်သွား၊ လရထားသည်

နဂါးပြီးတုံခဲ့မည်လော။'

ဟု စပ်သည်မှာ လင်္ကာဖြစ်၍့ ပြီးသည်ကိုပင် ရှေ့ဆီးမပါ `ပြီ' စပ်သည် ယူသင့်သည်။ (သည်-ပြီ)

ဝါဆိုလရောက်လျှင် ယူတခြင်းနှင့် မပြေနိုင်အောင် ရှိမည် ဖြစ်၍့ နယုန်လ ပြီးခဲ့မည်လော ယူသင့်သည်။

သို့သောကြောင့် `လရထားသည် နဂါးနီးပြန်ခဲ့တကား' တောင်ငူမင်း စပ်ဆိုသည်မှာ ပုဏ္ဏာတိထီရက် လပြည့်၌ စန်းယှဉ်သော နက္ခတ်ကိုသာ အစွဲးပြု၍့ ဗေဒင်နက္ခတ် တိထီစန်းယှဉ်းကို နားလည်သောသူ လက္ခဏာပီအောင် စပ်သည်။ အခြားသူတို့မှာ စာဆိုပင် တတ်သော်လည်း နက္ခတ်တိထီ နေသွားလသွားတို့ကို နားမလည်လျှင် အစပ်အဆို ချွတ်ယွင်းရာသည်။

အချို့သောသူတို့မှာ ပုဏ္ဏာတိထီ လပြည့်နေ့ မဟုတ်ဘဲးလျက် ကြယ်နဂါးနှင့် လယှဉ်သည်ကိုပင် အစွဲးပြု၍့ စပ်ဆိုဖြေယူကြသည်မှာ နက္ခတ်တိထီ စန်းယှဉ် နေသွား လသွားများကို နားမလည်ရာ ကျသည်။ လတိုင်းပင် နက္ခတ် ၂၇-လုံးကို တနေ့တလုံးခန့် စန်းယှဉ်သည် ဖြစ်၍့ ပုဏ္ဏာတိထီ ပြည့်သော ရက်နေ့၌ ယှဉ်သည်ကိုသာ အစွဲးပြုသင့်သည်။

တန်ခူး စိတြ၊ ကဆုန် ဝိသာခါ၊ နယုန် ဇေဋ္ဌ၊ ဝါဆို အာသုဠ၊ အစရှိသည်ဖြင့် ရာသီယှဉ် နက္ခတ်ကို ခေါ်ဝေါ်ကြသည်။ ထင်ရှားဖြစ်လျက် အရိုးအစဉ် သိသာသည်ကို ဖျက်၍့ မယူသင့်။ ဇေဋ္ဌ ဆိုသည်မှာ ကြယ်နဂါးချက်၊ နယုန်လပြည့် ပုဏ္ဏာတိထီနှင့် ယှဉ်သော နက္ခတ်ပင် ဖြစ်သည်။

`လရထားသည် နဂါးနီးပြန်ခဲ့တကား' ဆိုသည်ကို `နီးသာနီးသည်၊ တရာသီတည်း မဟုတ်' မယူသင့်။ တောင်ငူမင်းဆိုသော အထက်စကားများကို ထောက်သင့်သည်ကား လကို ရာဟုဖမ်း၍့ ထပ်လျက် နေသည်ကိုပင် `လရထားနှင့်၊ နတ်သားနီးကြ၊ သောကာလဝယ်' ဟူ၍့၎င်း၊ `လပြာသာဒ်နှင့်၊ ရန်နတ်နီးခိုက်၊ သောစဉ်ကြိုက်ဝယ်' ဟူ၍့၎င်း ဆိုသည်ဖြစ်၍့ ကြယ်နဂါး ဇေဋ္ဌနက္ခတ်နှင့် ပုဏ္ဏာတိထီပြည့်သည်၊ နေ-လ ပြိုင်ယှဉ်သည့် နယုန်လ ဟူ၍့ အမှန်ယူသင့်သည်။

ထိုသို့ မဟုတ် ဝါဆိုလမှာ ကြယ်နဂါး ဇေဋ္ဌနက္ခတ်နှင့် စန်းပယှဉ်သည် ယူပြန်လျှင် ဝါဆိုလ ပြုဗ္ဗာသာဠ် နက္ခတ်နှင့် စန်းယှဉ်သည်၊ ပုဏ္ဏာတိထီနေ့ ဝါကပ်သင့်သည် ဆိုသော ဝိနည်းတော်ကျမ်းလာ စကားကို နောက်ယှက်ရာကျသည်။ ၎င်းဒုတိယပိုဒ်၌ `မုလေး စပယ်၊ နံ့ကြွယ်ပြိုင်ပြည်း၊ မိန့်မည်နည်းခဲ့' ဟု ထပ်၍့ နယုန်လ ရာသီပန်းကို စပ်ဆိုလျက် ပါသည်များကိုလည်း ထောက်သင့်သည်။ စာဆိုတဦးနှင့်တဦး ကွဲပြားအောင် ဉာဏ်ရှာ၍့ စပ်ဆိုသည့် အရာလည်း ရှိသည်။ တဦးတည်းဆိုသော လင်္ကာတွင်ပင် စာတစောင်နှင့် တစောင် အဓိပ္ပာယ် မတူအောင် စပ်ဆိုသည့် အရာလည်း ရှိသည်။ ရှိကြောင်းကား ရှင်မဟာသီလဝံသ စပ်ဆိုသည့် ပါရမီခန်းတွင်-

`ဝေးမြောက် စကြာဝဠာ၊ ခြားရာမှာလည်း

မကြာမားမား၊ ကိုယ်တိုင်သွား၍

တရားညွတ်နူး၊ ချွတ်ဖူးသည်ချည်း

သင်္ချေပြည်း၏့'

ဟုစပ်သည်။ ၎င်းစပ်ဆိုသည့် တံတားဦးတည်တွင်-

`ကိုယ်ပွားဆောင်ဆောင်၊ သိန်းရာထောင်တည့်

စေ့အောင်ဣဒ္ဓိပါဒ်၊ တန်ခိုးလွှတ်၍

အကျွတ်ရလှာ၊ တိုက်ဝေးမှာသို့

ဝါသနာဖြစ်စေ၊ သဂြိုဟ်ပေ၏့' ဟုစပ်သည်။

ထိုသို့ ကိုယ်တော်တိုင် သွား၍့ချွတ်သည်၊ ကိုယ်တော်ပွား သွား၍့ချွတ်သည်၊ အဓိပ္ပာယ်ပင် ကွဲးပြားသည်ကို ကျမ်းဂန်စကား လင်္ကာဖြစ်၍့ မကွဲးပြားအောင် ယူလျှင် ပါရမီခန်းမှာ ကိုယ်တော်တိုင် သွား၍့ချွတ်သည်ကိုသာ ရည်၍့ စပ်သည်။ တံတားဦးတည်မှာ ကိုယ်ပွားတော် ဆောင်၍့ ချွတ်သည်ကိုသာ ရည်၍့ စပ်ဆိုသည်။

`ကိုယ်တိုင်လည်း သွား၍့ချွတ်၏့၊ ကိုယ်ပွားလည်း သွား၍့ ချွတ်၏့' ယူလျှင် သင့်သည်။ ကျမ်းဂန်နှင့်လည်း ညီသည်။

ထိုမှတပါးလည်း ၎င်းတံတားဦးတည်တွင်ပင်-

`နှစ်ကျိပ် သုံးယောက်၊ နှောင်းပြီးနောက်လည်း

ရွှေမှောက်နှင်နှင်၊ ဘိသိက်တင်၍့

အသင်္ချေပေါင်း၊ လေးကြိမ်လောင်းမှ

အသောင်းဆယ်ထပ်၊ မဟာကပ်တိ'

ဟု နှစ်ကျိပ်သုံးဆူသော ဘုရားနောက် ဗျာဒိတ် ဘိသိက်တင်၍့ လေးအသင်္ချေနှင့် ကမ္ဘာတသိန်းကဲ့သို့ စပ်ဆိုသည်။ ထိုမှတပါး ရှင်အဂ္ဂသမာဓိလည်း ဘုံခန်းတွင်-

`သကျဝတ၊ ကုမ္မာရ' ဟု အစပုဒ်တွင် သကျသာကီဝင် မင်းမျိုးနောက်မှ နေမိမင်း ဖြစ်သကဲ့သို့ စပ်ဆိုသည်။

ဗျာဒိတ်ဘိသိက်ကား အလျင်၊ နှစ်ကျိပ်သုံးဆူ ဟူသောဘုရား၊ လေးအသင်္ချေနှင့် ကမ္ဘာတသိန်းကား နောက် မှန်၏့။

နေမိမင်းကား အလျင်၊ ကပ္ပိလဝတ်ပြည် တည်မှတွင်သော သကျသာကီဝင်မင်းတို့ကား နောက် မှန်၏့။

သို့သော်လည်း အစပ်မှားသည် အပြစ်မတင်သင့်။ လင်္ကာ ဆိုသည်မှာ ရှေ့ကိုနောက်၊ နောက်ကိုရှေ့၊ အစပ်အဟပ်သင့်ရာ သာယာအောင် စပ်ဆိုရသည်။ နှစ်ကျိပ်သုံးယောက် နောက်ကပြန်၍့ ရေလျှင်လည်း လေးအသင်္ချေနှင့် ကမ္ဘာတသိန်း အစတွင် ဗျာဒိတ် ဘိသိက် တင်သည်ပင်။ သကျသာကီဝင်မင်းတို့က ပြန်၍့ ရေလျှင်လည်း နေမိမင်းကို အမျိုးမပြတ် တွေ့သည်ဖြစ်၍့ ဗေဒင်ဂဏန်းတို့မှာလည်း ရှေ့က ချသည့် ဂဏန်းလည်း ရှိသည်။ နောက်က ပြန်၍့ချသည့် ဂဏန်းသင်္ချာလည်း ရှိသည်။

အနုလောမ၊ ပဋိလောမပင် သင့်သည်။ လျော်အောင်သာ ယူသင့်သည်။ ထိုမှတပါးလည်း လင်္ကာတွင် ဖြည့်သွင်း၍့ ယူသင့်သည့် အရာလည်း ရှိသည်။ နုတ်ချ၍့ ယူသင့်သည့် အရာလည်း ရှိသည်။

ဖြည့်သွင်း၍့ ယူသင့်သည့် အရာကား ရှင်သီလဝံသ စပ်ဆိုသည့် ပါရမီခန်းတွင်-

`မရှိအံ့သည်၊ တမည်သာပင်၊ ကြည့်ကမြင်သို့' ဟု စပ်ဆိုသည်မှာ မဖြည့်မစွက်ဘဲး ယူလျှင် `မရှိသည် တမည်ကိုသာ ကြည့်က ဘုရားသခင် မြင်တော်မူသည်၊ ရှိသမျှကို မမြင်တော်မူသကဲ့သို့' ဆိုကြရာသည်။ ဖြည့်သွင်း၍့ ယူမူကား `မရှိအံ့သည် တမည်ကိုသာ ခြွင်းချန်၍့ ရှိသမျှပင် မြင်တော်မူသည်' ဟု ယူမှ သင့်သည်။ ရှင်သီလဝံသလည်း သည်ကိုရည်၍့ စပ်သည်။

ထိုမှတပါးလည်း `ဓမ္မသတ်လည်း မတတ်စရာ' ဆိုသော စကားသည်လည်း `မတတ်စကောင်း၊ မတတ်စရာ၊ တတ်သည်' ဟု ယူမှ သင့်သည်။ ထိုမှတပါးလည်း `မုန်းဘွယ်မများ တောင်းကိုလည်း' ဆိုသည်မှာ `မုန်းဘွယ်၊ မများစတောင်း များသည်' ဟု ဖြည့်သွင်း၍ ယူမှ သင့်သည်။ နုတ်ချ၍့ ယူသင့်သည်ကား `မဟာသဟဿိ၊ သိန်းကောဋိဖြင့်' စပ်ဆိုသည်မှာ မဟာသဟဿိလည်း သိန်းကောဋိပင် ဖြစ်သည်။ သိန်းကောဋိလည်း မဟာသဟဿိပင် ဖြစ်သည်။ အာဏာခေတ် ကုဋေတသိန်းချည်းပင် ဖြစ်သည်။

`ခ ကားဆဲ့နှစ်၊ အစ် ကားတခု

ရုံးစုသင်္ချာ၊ ခေတ်အာဏာ'

ဟု ဆိုသည်မှာလည်း ခ-ဟူသော သုည ဆဲ့နှစ်နှင့် အစ်-တခုကို အာဏာခေတ်၊ ကုဋေတသိန်းပင် ဖြစ်သည်။ ခေတ်အာဏာတွင် ဆိုလျှင်လည်း ကုဋေတသိန်းပင် ဖြစ်သည်။ အဓိပ္ပာယ် အာဏာခေတ် ကုဋေတသိန်းပင် ဖြစ်သည်။

ထိုမှတပါးလည်း `တိမ်တောင်တက်၍့ မိုးအုံ့သည်' အဓိပ္ပာယ်ကိုပင်-

`ငွေရည်သဏ္ဌာန်၊ ရေတံခွန်လည်း

စီးဝှန်မြူသွယ်၊ ဆန်းတကြယ်နှင့်

အံ့ဘွယ်ထွေလာ၊ တိမ်ရိပ်ခြာက

ဘယ်ညာပတ်ခြုံ'

ဟု မိုးရွာသည့်အဟန် ဆိုပြီးမှ

`ရွာစရုပ်နှင့်၊ မှိုင်းအုပ်လည်ကာ၊ မလင်းကြာသော်'

ဟု ရွာရုပ်ဆောင်၍့ မရွာဘဲး အုံ့နေကြောင်းကို ဆိုသည်။ အဓိပ္ပာယ်မှာ- မှိုင်းအုပ်၍့ လှည့်ကာလည်ကာ နေသည်ကိုသာ ဆိုသည်။

ထိုကဲ့သို့ အစရှိသည်ဖြင့် စာဆိုဆရာတို့ ဉာဏ်ကစား၍့ လင်္ကာ ဝေဝေဆာဆာ သာယာနာချင်ဘွယ် ရှိအောင် ကိရိယာ တန်ဆာဆင်၍့ ရှေ့နောက်ပြန်လှန် အဓိပ္ပာယ်ခြားဟန် နုတ်ချ ပိုမို၍့ စပ်ဆိုသော လင်္ကာလည်း ရှိသည်။ စာဆို တဦးနှင့်တဦး စိတ်သဘော မတူကွဲးပြားသည့် အရာလည်း ရှိသည်။ စာဆိုတဦးဦး ပမာဒလေခ၊ သိန္ဓောခွာလိပ်သည် ဆိုသကဲ့သို့ အမှားလည်း ရှိရာသည်။ ထို့ကြောင့် တဦးဆိုသော လင်္ကာအရကို မထင်မမြင်နိုင်သေးလျှင် ၎င်းဆိုသော စာမှာပင် အလားတူ ရှိသည် မရှိသည်ကို ရှာကြံ၍့ လင်္ကာ အသွားအလာတူနှင့် အဓိပ္ပာယ်ကို ထောက်တောသင့်သည်။ ၎င်းစာရှင် ဆိုသောစာတွင် အလားတူ ထောက်တောရန် မရှိမှ အခြားဆရာဆိုသော စာကို အဓိပ္ပာယ်ကုန်အောင် လင်္ကာ အရိပ်အခြည်ကို ကြည့်၍့ အလားတူနှင့် ထောက်သင့်သည်။ အပျော်အပါးဆိုသော လင်္ကာကို နက်နက်နဲးနဲး ကျမ်းဂန်နှင့် ရှာကြံ၍့ ဖြေယူသောကြောင့် ချွတ်ယွင်းသည့် အရာလည်း ရှိသည်။ နက်နက်နဲးနဲး ကျမ်းဂန်အရ စပ်ဆိုသော လင်္ကာကို ပေါ့ပေါ့ယူ၍့ ဖြေဆိုသောကြောင့် ချွတ်ယွင်းသည်လည်း ရှိရာသည်။ ထို့ကြောင့် လင်္ကာစာဆို၏့ စိတ်သဘော အရိပ်အခြည်ကို အသိနှလုံး လိုလှသည်။

စာဆို မင်းနဝဒေးကြီးလည်း `ရတုညောင်ရေ၊ ခါလိုက်နွေဖြင့်' ချီသော ရတုမှာ ကဆုန်လတွင် ကိုးချက်နာရီနှင့် တီးသော၊ ဝါဆိုလကဲ့သို့ စပ်ဆိုသည်များလည်း ရှိသည်။ ထိုရတုကိုလည်း စဉ်းစားစေလို၍့ ရေးလိုက်သည်။

`ရတုညောင်ရေ၊ ခါလိုက်နွေဝယ်

ညနေချမ်းခါ၊ တင်မြူတာနှင့်

နံ့သာဖြိုးပြည့်၊ ပန်းစုံတည့်မှ

ပတ်လှည့်လကျာ်၊ မြတ်ဇိနာဝယ်

သဒ္ဓါကြည်ဆွ၊ သွန်းမည်ညကို

ပြပြအာကာ၊ တသောင်းတာက

သံဝါရိုက်ကြည်း၊ နတ်ထင်ရည်းလျက်

ဥဒည်းနာရီ၊ ကိုးချက်စီလျှင်

ပါဒ်ဗီလှမ်းပြီး၊ တချက်တီးက

သန်နီးရောက်စင်၊ ပစ္စုံဆင်သည်

ရွှေရင်နွဲ့ကြူး စုံမူးမူး။ ။

ထိုမှတပါးလည်း ဇေယျရန္တမိတ်ဆို `ပုရစ်ဖြာစီ' ချီသည့်ပိုဒ်၌-

`ပုရစ်ဖြာစီ၊ ချိန်သင့်မှီလျက်

ရာသီတပေါင်း၊ ပြောင်းအံ့မူးမူး

သန်ဦးအစွန်း၊ နွေသစ်ဆန်းက' ဟု၎င်း၊

`မူးသိမိန့်မြွက်၊ သန်သို့ညွတ်က' ဟု၎င်း၊ တပေါင်း တန်ခူး နွေကာလကို `သန်' ဟု စပ်ဆိုသည်။

ရှင်သံခိုဆို `လျှံဝင်းမဉ္ဇူ' ပိုဒ်၊ `စံခင်ရည်တူ' ပုဒ်တွင်-

`ဂိမ္မာသနစ်၊ ကာလဖြစ်ဟု

မှိုင်းရစ်ဝေဝေ၊ မင်းလွှင်ခြွေ၍့

တောင်လေပြင်းထန်၊ ငါးကြင်းဆန်က' ဟု၎င်း၊ တပေါင်းတန်ခူးကို `ဂိမ္မာန်' ဟုစပ်သည်။

ပါဠိတော်တွင်လည်း `ပဌမသ္မိံ ဂိမှေ' ဟုရှိသည်။ အခြားဆရာတို့ မူကား နွေကို ဂိမ္မာ၊ မိုးကို ဝသန်၊ ဆောင်းကို ဟေမန်ဟုသာ ဥတုသုံးပါးကို ဆိုကြသည်။

ထိုအစပ်များသည် ပမာဒလေခ၊ သိန္ဓောခွာလိပ် ယူသင့်သည်။ ထိုသို့ စပ်ဆိုချက်များနှင့်လည်း အမှန်အကန် စပ်ဆိုသည့် စာများကို မထောက်မတောသင့်။

မြသီးတင်ဘုရာမှာ တော်သလင်းလကို မဉ္ဇူပန်းဦး မင်းကိုယ်တိုငိ တင်လှူကြောင်းကို မင်းရဲးနရာဧချင်းတွင်-

`မင်းလည်းနတ်ပြီ၊ အောင်ရေသီနှင့်

ရွှေညီလှော်မြောက်၊ စွန်းစွန်းရောက်က

စံမြောက်ယှက်ဆိုင်၊ မဉ္ဇူခိုင်ကို

ကိုယ်တိုင်အာသာ' ဟု စပ်ဆိုသည်။ ။

ကျန် နှစ်ပိုဒ်-

ကမုတ်ရွှေကြာ၊ ချပ်တရာမှ

ရောက်လှာပြိုင်ဘော်၊ သခင်သော်လည်း

တွေးခေါ်မည်ပင်၊ လူမျိုးထင်လိမ့်

မြသွင်လိုလို၊ ရွှေကိုယ်ရှိမ်းရှိမ်း

ပြစ်ယိမ်းကင်းနေ၊ သွယ်ခွေရွက်ညို့

မြမြိတ်စို့လည်း၊ နားသို့သွယ်ညွတ်

မလွတ်လောက်သေး၊ ထွန်းရိပ်ပြေးရှင့်

မုလေး စမ္ပယ်၊ နံ့ကြွယ်ကြိုင်ပြည်း

မိန့်မည်နည်းခဲ့၊ နတ်လည်းနိုးခဲ

ခဝဲပွင့်သော်၊ ရိုက်ဆော်မိုးသား

မကြားအောင်မျှ၊ ကြာမောလှ၏့

ပန်းလျဆန်းသာ၊ စိတ်မှာဖြေခက်

ဝါရက်ဝယ်ပင်၊

စုံလျှင်ခန့်ရည်၊ လျှောက်ပါသည်ကို

သွန်းကြည်စံလှော်၊ နှောင်းစွန်းမြော်သည်

နားတော် ငြီးပြန် ခဲ့တကား။ ။

အဓိပ္ပာယ်မှာ -

သမုတ်ပြေဝါ၊

စိမ်းပြာညိုမြ၊ ခြည်စုံလှသို့

ညွန့်ပ မမြန်း၊ ထွေထွေစွန်းသား

ရေပန်းမြစ်ထိပ်၊ ပွင့်မျောရိပ်က

နတ်အိပ်ခဲ့သေး၊ ရင်းမာမွှေး၍့

ငှက်ကျေးနှုန်းပုံ၊ ပျော်ချင်တုံလည်း

ပေါင်းရုံမြရက်၊ လင့်မည်ခက်ခဲ့

သည်ထက်ကြာဘိ၊ မေးဘွယ်ရှိ၏့

မျက်စိစိတ်ပျံ့၊ မကြိုးဝံ့တည့်

နူးညံ့သံချို၊ ဆိုသည်ပီပီ

နှင့်မညီသော်၊ ကုံးသီမြဝတ်

လွတ်မလွတ်ကို၊ ချစ်ထွတ်တင်သာ

သနားပါအောင်၊ လက်ဆောင်အသက်

နှင်းဆက်ချင်ချင်၊ ဝါလုံးစင်သည်

လွမ်းအင် ကြီးပြန် ခဲ့တကား။ ။ (နတ်ရှင်နောင်)

(ဆီမီးခုံရွာစား မဟာမင်းလှမင်းခေါင်ကျော် ဦးရွှန်း)

ရှေးစာကဗျာများ ကျေးဇူး။

 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ