Skip to main content

မဟာမင်းလှမင်းခေါင်ကျော်၏ အတ္ထုပ္ပတ္တိ

ငယ်မည်ကား ဦးရွှန်းတည်း။ ဦးရွှန်း၏ ဖွားရာဇာတိကား အဝမြို့တွင်းမှာ ဖွားသတည်း။ ၎င်းနောက် အမရပူရမြို့ နန်းတော်အနောက်တောင်ထောင့်ရွှေလင်းပင်ဘုရားအနီးမှာ အာဝါသပြုလုပ်၍ အမှုတော်ထမ်းရသတည်း။ ထိုဦးရွှန်းမှာ ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော်လက်ထက် ဘွဲ့ငါးရပ်ဖြင့် ချီးမြှင့် သည်ကို ခံရသတည်း။ ထိုဘွဲ့ငါးရပ်တွင် နောက်ဆုံးဘွဲ့မှာ မဟာမင်းလှမင်းခေါင်ကျော် ဟူ၍ခံယူရသတည်း။ ရာထူးကား ဆီမီးခုံရွာ သာထွန်းရွာ ငနန်းရွာ မြစ်ကိုင်းရွာများကို ရွာစား အသနားတော်ခံရကာ ပညာရှိအရာ ခန့်ထားသည်ကိုလည်း ခံရသတည်း။ ၎င်းပြင် လက်ရုံးဘက်မှာလည်း လိမ္မာကျွမ်းကျင် သတ္တိ ဗျတ္တိ ရှိသောကြောင့် ပုဂံမြို့ဝန်အရာ ပုဂံစီရင်စုအတွင်း သေနတ်ဗိုလ်အရာများကို ခန့်ထားသူကောင်းပြုခံရသူလည်းဖြစ်သည်။ ပညာရှိမျိုး ရိုးရာ ဆင်းသက်အပ်သော အဌကုလိကာ အမတ်မျိုးလည်း ဖြစ်သတည်း။ ၎င်းဦးရွှန်း၏ အဘကား လေးထပ် ရွှေကျောင်းတော်ကြီးနှင့်တကွ ဘုရားကြီး ဒါယကာ သူရမနုဘွဲ့ခံ လွှတ်တော်အမိန့်ရပေတည်း။ ၎င်းဦးရွှန်း၏ ဘိုးကား အဝဆင်ဖြူရှင်လက်ထက်တွင် အနောက်ဘက်တိုက်ဝန် ပုခန်းကြီးမြို့စား မင်းကြီးမဟာရာဇသင်္ကြံ ပေတည်း။ ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော်မင်းတရား နန်းက ဆင်းတော်မူပြီးနောက် ရွှေဘိုမင်းတရား လက်ထက်သို့ရောက်သည့်အခါမှာလည်း မဟာမင်းလှမင်းခေါင်ကျော်ဘွဲ့နှင့် ပညာရှိစာဆိုအရာနှင့်တကွ သားမယားအခြွေအရံများပါ ဝတ်စားနေထိုင်ရေးအတွက် ဆက်လက် သူကောင်းပြုသည်ကို ခံရသတည်း။ 

ရွှေဘိုမင်းသားတော် ပုဂံမင်းလက်ထက်မှာလည်း ရွှေဘိုမင်းနည်းပင်ချီးမြှင့် သူကောင်းပြုသည်ကို ခံရသတည်း။ 

ထိုဦးရွှန်း၏ဖွာနှစ်ကား ကြတ္တိကာနှစ်အမည်ရှိသော ၁၁၂၇ ခု နှစ်ဖွားတည်း။ ၎င်းဦးရွှန်း၏ ကွယ်လွန်သောနှစ်မှာ သေချာစွာမသိနိုင်။ စပ်ဆိုင်ဆီလျော်ရာ ယူလိုက ၁၂၁၁ ခုနောက်မှကွယ်လွန်သည်ဟူ၍ယူနိုင်သော သဘောလမ်း ဖြောင့်တန်းသတည်း။ အကြောင်းမူကား စာဆို ပညာရှိများစာရင်းအတွင်း ပုဂံမင်းလက်ထက်မှာသာ ဦးရွှန်း အမည်ပါရှိ၍ ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီး လက်ထက် ပညာရှိစာဆိုသူတို့စာရင်းတွင် ဦးရွှန်းအမည် ရှာမတွေ့၍ ဖြစ်သတည်း။ 

၎င်းပြုစုသော ဥမ္မာဒန္တီပျို့ အပါအဝင် ရတု ဧချင်း ပျို့ ကျမ်းမှာ ၁၆ စောင်ရှိသတည်း။ 

၁။ တောင်ငူဆိုရတုအဖြေ

၂။ ဘကြီးတော်၏သားတော်နားတော်သွင်း ဧချင်း

၃။ ၎င်းသမီးတော်ဧချင်း

၄။ မဟာသုတသောမပျို့

၅။ မဟော် ဥမင်ခန်းပျို့

၆။ မဟော်ပြဿနာခန်းပျို့

၇။ သရဘင်္ဂပျို့

၈။ အာယုဒီဃ ဆေးကျမ်းလင်္ကာ

၉။ မဟာသာမဗေဒဋီကာ

၁၀။ တဘက်ပြသတ်ပုံ

၁၁။ ဘုရားတိုင်အတွက် ရတု

၁၂။ အဘိဓမ္မတ္ထသင်္ဂြိုဟ် ဘုံစိတ်အကျဉ်းရတု

၁၃။ ဂါမဏိစန္ဒပျို့

၁၄။ မဟာဇနက္ကပျို့

၁၅။ ဥမ္မယဒန္တီပျို့

၁၆။ ဓမ္မဓဇပျို့

ဥမ္မာဒန္တီပျို့ မှ ထုတ်နှုတ်ပါသည်။ (Myint Swe) ဆီမီးခုံ အ.ထ.က ကျောင်းသူ/ကျောင်းသားများ ကျေးဇူး။ 

ဆီမီးခုံမြို့သည် မြင်းခြံမြို့နယ်ရှိ မြို့ဖြစ်သည်။ ယခင်က ဆီမီးခုံကျေးရွာဖြစ်ပြီး ၂၀၁၈ခုနှစ် ဩဂုတ်လ ၁၀ရက်နေ့တွင် မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ဆီမီးခုံဟုဆိုသော်လည်း ဆမိတ်ခုံဟု ခေါ်ဝေါ်ကြသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ