မူရင်း မိခင်မြန်မာစာ မြန်မာစကားမဟုတ်တဲ့ စာလုံး၊ စကားလုံးတွေကို စာလုံးပေါင်းရာမှာ အတိအကျ ရခဲတယ်။ ကွဲလွဲနေတာကို မှားတယ်လို့ ပြောရမှာလည်း ခက်တယ်။ အနီးစပ်ဆုံးသာ ယူကြရလေ့ရှိတယ်။ အရင်ကတည်းက မြန်မာမှုပြုရာမှာ အဆင့်စာလုံးတွေနဲ့ ခန့်အောင်လုပ်လေ့ရှိတယ်။ တချို့စာလုံးတွေကို ကျွန်တော်က တယ်သဘောမကျပါ။ သူများဘုရင်ကို ကိုယ့်ဘုရင်ထင်စေတယ်။ သူများရာဇဝင်ကို ကိုယ့်ရာဇဝင် ထင်စေမယ်။ ၅၅၀ ဇာတ်တော်တွေအားလုံးက မြန်မာပြည်မှာ ဖြစ်ခဲ့တာတွေ မဟုတ်ပါ။ ထောက်ပြစရာတွေ အများကြီး။
မြန်မာပြည်ကစာတွေထဲက စာဏကျဆိုတာ အိန္ဒိယနိုင်ငံက အမတ်ကြီးဖြစ်ပါတယ်။ Chanakya ချာနကျလို့လည်း ခေါ်တယ်။ Kautilya နဲ့ Vishnu Gupta လို့လည်း ခေါ်ပါတယ်။ သူဟာ (c. 370–283 BC) တုန်းကပေါ်ထွန်းခဲ့တဲ့ အိန္ဒိယ ဘုရင့်သုခမိန်တဦးဖြစ်ပါတယ်။ ရှေးခေတ်တက္ကသီလာမှာ စီးပွါးရေးပညာပါမောက္ခဖြစ်တယ်။ တက္ကသီလာဟာ ကနေ့ ပါကစ္စတန်မှာရှိတယ်။ စာဏကျဟာ မောရိယအင်ပါယာ Chandragupta ချန္ဒရဂုပတားထံမှာ အမှုတော်ထမ်းတယ်။ နောက်မင်းဖြစ်တဲ့ Bindusara ဗိန္ဓုသာရဆီမှာလည်း ဆက်ပြီးတာဝန်ယူရတယ်။ ဗိန္ဓုသာရမင်းဟာ Ashoka အာသောကရဲ့ အမည်းတော်ဖြစ်ပါတယ်။
ချာဏကျအကြောင်းပြောရင် Realpolitik ရီးယဲလ်ပိုလစ်တစ်လည်း သိရမယ်။ လက်တွေ့နိုင်ငံရေး၊ တကယ့်နိုင်ငံရေး၊ စစ်မှန်တဲ့နိုင်ငံရေး စသဖြင့် ခေါ်တယ်။ သံခင်းတမန်ခင်းလုပ်ဆောင်ရာမှာ ကျင့်သုံးတဲ့ စည်းမျဉ်းတရပ်ဖြစ်တယ်။ ဆုံးဖြတ် ဆောင်ရွက်ရာမှာ ဖြစ်ပေါ်နေတဲ့ အရှိတရား၊ စစ်မှန်တဲ့အချက်အလက်တွေကိုသာ အခြေခံရမယ်။ အတွေးအခေါ်တွေကို ဘေးချိတ်ထားမယ်။ လိုအပ်ရင် ကျင့်ဝတ်တွေ၊ အစဉ်အလာတွေကိုပါ မျက်ကွယ်ပြုရမယ်တဲ့။
သမိုင်းမှာ ရီးယဲလ်ပိုလစ်တစ်နဲ့ တွဲမှတ်ထားနိုင်တဲ့ပုဂ္ဂိုလ်တွေရှိခဲ့တယ်။
• Thucydides သူစီဒိုက်စ် ခေါ် ဂရိသမိုင်းပညာရှင်၊
• Chanakya ချာနကျ ခေါ် အိန္ဒိယအမတ်ကြီး၊
• Ibn Khaldun ခါလ်ဒန် ခေါ် အာရတ်သမိုင်းပညာရှင်၊
• Sun Tzu ဆွန်ဇူး ခေါ် တရုပ်စစ်ပညာရှင်၊
• Han Fei ဟန်ဖိုင် ခေါ် တရုပ်ပညာရှင်၊
• Niccolò Machiavelli မက်ချ်ဗီလီ ခေါ် အီတလီ ဖီလော်ဆော်ဖါ၊
• Cardinal Richelieu ရစ်ချ်လီယူ ခေါ် ပြင်သစ်ခေါင်းဆောင်၊
• Thomas Hobbes သောမတ်စ် ဟော့ဖ် ခေါ် အင်္ဂလိပ်ဖီလော်ဆော်ဖါ၊
• Frederick the Great ဖရက်ဒရစ် ခေါ် ပရပ်ရှားဘုရင်၊
• Otto von Bismarck ဗစ်စမတ် ခေါ် ပရပ်ရှားခေါင်းဆောင်၊
• Henry Kissinger ဟင်နရီကစ်ဆင်ဂျာ ခေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊
• Charles de Gaulle ချားလ်စ်ဒီဂေါလ် ခေါ် ပြင်သစ်သမတ၊
• Mao Zedong မောစီတုန်း ခေါ် တရုပ်ခေါင်းဆောင်။
ချာဏကျအမတ်ကြီးစီရင်ရေးသားတဲ့ Nitishastra နီတိသျှတ္တရကို Chanakya Neeti စာနကျနီတိလို့ မြန်မာပြည်မှာလည်း ဖတ်ကြရပါတယ်။ သူက Arthasastra အာသာသျှတ္တရ ခေါ် စီးပွါးရေးကျမ်းကြီးကိုလည်း ပြုစုခဲ့ပါတယ်။
စစ်ပွဲအောင်နိုင်ရေးအတွက် ဘယ်နည်းလမ်းမဆိုသုံးရမယ်။ ရန်သူခေါင်းဆောင်တွေကို သုတ်သင်တာ၊ ရန်သူထိပ်ပိုင်း သဘောကွဲလွဲအောင် လုပ်ဆောင်တာ၊ စစ်ဗျူဟာအတွက် အယောင်ဆောင် ယောက်ျား မိန်းမတွေကို အသုံးချတာ၊ ရန်သူအင်အားချိနဲ့ပြီး စိတ်ဓါတ်ပျက်ပြားစေအောင် အယူသီးမှုတွေ သွတ်သွင်းပေးခြင်းနဲ့ ဝါဒဖြန့်ချိခြင်း၊ ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းတိုက်ခိုက်တာ။
ဘုရင်ဟာ အင်ပြည့်အားပြည့်လုပ်ကိုင်သူဖြစ်ရင် သူ့တိုင်းသူပြည်သားတွေလည်း အလားတူဖြစ်မယ်။ ဘုရင်က ဆောက်တည်ရာမရဖြစ်နေရင် သူ့တိုင်းသူပြည်သားတွေလည်း အလားတူဖြစ်မယ်။ ဆောက်တည်ရာမရတဲ့မင်းဟာ ရန်သူရဲ့စက်ကွင်းကို အလွယ်တကူကျရောက်လိမ့်မယ်။ အဲတာကြောင့် မင်းတို့မည်သည် အမြဲနိုးကြားနေရမယ်။
စာအုပ်တွေဟာ မျက်မမြင်အတွက် ကြေးမုံမှန်လိုပဲ။
လူတဦးရဲ့ ကြီးမြတ်ခြင်းဟာ သူလုပ်တဲ့အလုပ်ကြောင့်ဖြစ်တယ်။ မွေးကတည်းဖြစ်လာတာ မဟုတ်ပါ။
ကျွန်ုပ်တို့ဟာ အတိတ်ကို ကြောင့်ကျမနေသင့်။ အနာဂတ်ကိုလည်း စိုးထိတ်မနေသင့်။ ပစ္စုပ္ပန်ကိုသာရင်ဆိုင်ပါ။
အဆိပ်မရှိတဲ့မြွေပင်လျှင် အဆိပ်ရှိချင်ယောင်ဆောင်တတ်တယ်။
စိုးရိမ်စိတ်ဆိုတာ နီးကပ်လာပြီဆိုတာနဲ့ တခါတည်း အပြတ်ရှင်းသုတ်သင်လိုက်ပါ။
လူတယောက်ဟာ သိပ်ရိုးလွန်းနေလို့မရ။ ဖြောင့်လွန်းတဲ့သစ်ပင် အရင်ခုတ်လှဲခံရတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment