ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
စေတီ စပါးများလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တဝမ်းတစိတ် ညီစေသတည်း။ ။ (ဇော်ဂျီ - ကြီးပွားရေးမဂ္ဂဇင်း ၁၉၃၅)
ဆရာဇော်ဂျီရေးတာ
"တစ်ဝမ်းတစ်စိတ်" မဟုတ်ပါ။
"တစ်ဝမ်းတစိတ်" မဟုတ်ပါ။
"တဝမ်းတစ်စိတ်" မဟုတ်ပါ။
တစ်ညှိုးညှိုးနှင့် လို့သာရေးရင်၊ တစ်မွဲမွဲနှင့် လို့သာရေးရင်၊ တစ်ဝမ်းတစ်စိတ် လို့သာရေးရင် ကဗျာပြိတ္တာဖြစ်သွားမယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment