Skip to main content

နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း

ညသည်

အလှလျှို့ဝှက်၊ အရှက်ကြီးစွာ

ကြာပန်းနှင့်ကွယ်၊ တိတ်ခိုးရယ်သော

မိန်းမငယ်ကဲ့သို့။

ညပျိုခင်သည်

ကြယ်စင်တစု၊ အလင်္ကာပြုလျက်

ခရုပတ်လမ်း၊ လူ့စခန်း၌

ဖြတ်သန်းသွားစဉ်။

ခြေကျင်းတခတ်၊ လျှပ်စစ်တသံ

ကာရန်တကျော့၊ ခြေတဖော့နှင့်

ဝန်းကော့နက်ရှိုင်း၊ သက်တန့်ကိုင်းက

စက်ဝိုင်းခြမ်းပုံ ပေါ်လာ၏။

အလင်းရောင်တန်း၊ ခပ်လှမ်းလှမ်း၌

စမ်းဝါးစမ်းဝါး၊ လမ်းသလားစဉ်

ညကား အဓိပ္ပါယ်လောင်းဖြည့်လျက်။

မှောင်အားကကြီး၊ လင်းအားနည်းဟု

ညည်းရှိုက်သံများ၊ လေမှာတွားလျက်

ဝါးပင်ရုံထက်၊ ငှက်တို့အနီး

ဆီးပွင့်သင်းသင်း၊ တောတွင်းအနှံ့

သတင်းဖြန့်လျှင်

အလန့်တကြား၊ တတန့်နားရ။

ညများဖြစ်ပေါ်၊ မှောင်ပါသော်လည်း

ဘော်ရောင်တစ၊ မိုးကမ်းစ၌

တွန့်ရွကွေးကွေး၊ အနားရေးတည့်။

ငှက်ကလေးထောင်သောင်း၊ ဤသစ်ခေါင်း၌

အောင်းကြရံခါ၊ ပျော်စရာပင်

ယာစပ်လယ်စပ်၊ ဆူးချုံစပ်၌

ငှက်တပ်ကျက်စား၊ တလွှားလွှားတို့

နားလိုနေလို၊ အမှောင်လို၏

ညကို ကျေးဇူးတင်ဦးအံ့။

ဆရာတင်မိုးရဲ့ဒီကဗျာက အတော်ရှည်ပါတယ်။ ၁ ကနေ ၁၅ အထိ။ မူရင်းသတ်ပုံမှန်အတိုင်းတင်ထားတာကနေ ကူးယူတာပါ။ ကျေးဇူး။ 

ကြယ်စင်တစု၊ ဘော်ရောင်တစ၊ 

ခြေကျင်းတခတ်၊ လျှပ်စစ်တသံ

ကာရန်တကျော့၊ ခြေတဖော့နှင့်

အလန့်တကြား၊ တတန့်နားရ

ဘော်ရောင်တစ၊ မိုးကမ်းစ၌

ရောင်းတန်းစာအုပ်တွေနဲ့ အွန်လိုင်းမှာတင်ထားတာတွေက ပေါ်လစီသတ်ပုံတွေနဲ့။ ဖတ်မကောင်းတော့ပါ။ ဆရာတင်မိုးကို နည်းနည်းလောက်တော့ အားနာကြဘို့ကောင်းပါတယ်။ ကိုယ်တတ်ရင် ကိုယ်သတ်ပုံနဲ့ရေးတာ ပြောရန်မရှိပါ။ 

ဒေါက်တာတင့်ဆွေ

၂၈-၂-၂၀၁၉

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ