Skip to main content

လက်ဖက်ရည်ဆိုင် အသုံးစကား

မုံရွာက ဆရာဝန်တယောက်က တင်ထားတာ။
(စ) အေးချမ်းမေ လ္ဘက်ရည်ဆိုင်လေး ရန်ကုန်မှာ ကျနော်မုံရွာသား ရောက်သွားပြီဗျာ။ နာမည်လေးက လှလိုက်တာ။ ရန်ကုန်ဝါရင့် သူငယ်ချင်းတွေက မေးပြီ မင်းဘာစားမလားတဲ့ သိပ်မဆာပါဘူးကွာ အဆင်ပြေတာ တခုခုမှာလိုက်ကွာ ကိုယ်က အညာသား ဘုမသိ ဘမသိ မမှာတတ်။ သူတို့မှာလိုက်တာက "တစစီ ၅ ပွဲ" တဲ့ အဲဒါမှ ဒုက္ခ မစားဘူးတာ မစားတတ်ရင် ရှက်ရမှာ အခုတော့ ပျင်းတောင်ပျင်းသေး မုံရွာ အားမာန် လ္ဘက်ရည်ဆိုင်မှာ စားနေကျ ပလာတာ ရိုက်ဖွလေးပါဗျာ။ (ဆုံး)
သြော်။ 
အခုခေတ်မှာ ‘လက်ဖက်ရည်ဆိုင်’ လို့ရေးကြပြီး၊ အရင်ကတော့ ‘လ္ဘက်ရည်ဆိုင်’ နဲ့ ‘လဘက်ရည်ဆိုင်’ လို့လည်း ရေးကြတယ်။
‘စိတ်တိုင်းကျ’ လို့ ရေးထာတာကို ‘စိတ်တိုင်းဂျ’ လို့ ဖတ်ရ၊ ပြောရတယ်။ ‘ကျ’ သံထွက်ရင် စိတ်ဓါတ်ကျတာ။
‘ချိုဆိမ့်တခွက်’။ ‘ချိုစိမ့်’ လို့ရေးတော့ ပန်းကန်က အက်နေလို့ဖြစ်မယ်။
‘ထပ်တရာ’ ကို စသတ်နဲ့ရေးရင် မျိုချလို့မရတာဖြစ်မယ်။ 
‘မုန့်ဟင်ခါး’ မှန်ပါတယ်။ အရင်က ‘မုံ့ဟင်ခါး’ လို့သာရေးတာ။ ‘မုံ့ဟင်းငါး’ လည်း ရေးတာရှိတယ်။
‘ပေါက်ဆီ’ ကို အခုလူတွေက ‘ပေါက်စီ’ တဲ့။ စကားမပီသလိုဘဲ။ 
‘စထောဘယ်ရီ’ ကို ‘စတောဘယ်ရီ’ လို့သာ ရေးနေကြတယ်။ အဲဒါလည်း အတိအကျ မမှန်ပါ။
ဆိုင်လာစားသောက်သူတွေကို ‘စားသုံးသူ’ လို့ ပြောရင် စာဆန်တယ်။ အရင်က ‘ဧည့်သည်’ လို့လည်း ပြောတယ်။ ‘ဖေါက်သည်’ လို့လည်းပြောတယ်။ အခုခေတ်မှာ ‘ကပ်စ်တမ်မာ’ လို့ပြောကြတယ်။
တချို့နေရာတွေမှာ ဘိုလိုပြောတာက ပိုထိရောက်တယ်။ ‘တူးတီးဝမ်းကော်’။
‘လာနေကျ’ အကိုတို့လာပြီ။ ‘အစ်ကို’ ဆိုရင် လည်ပင်းဖေါင်းအစ်နေသူ။ ‘လာနေကြ’ မမှန်။ ‘လာနေကျ’ လူတွေ ‘လာနေကြပြီ’။
‘ဘာသုံးဆောင်မလဲ’။ ‘သုံးစောင်’ လို့ရေးရင် ထီလက်မှတ်။
‘ဘယ်လောက်ကျ’ လဲကို ‘ဘယ်လောက်ကြလဲ’ ဆိုရင် ဆိုင်ရှင်ကို ဘာသောက်ကြမလဲ မေးသလိုလို။
စားစရာတင်တာကို ‘စားပွဲ’ လို့ရေးပြီး၊ စာရေးတာကို ‘စာပွဲ’ လို့လည်း ရေးကြတယ်။
‘အဘ’ ထိုင်ပါရှင့်။ ဆိုင်လာစားသူက စစ်ယူနီဖေါင်းနဲ့တော့ မဟုတ်။ လူမြင် ‘အဘ’ ခေါ်တဲ့ ‘မယဉ်ကျေးမှု’ ကို စစ်အစိုးရ ဒုတိယမျိုးဆက်က သွတ်သွင်းထားတာ။
‘သမီး’ ရေနွေးကြမ်း ပေးပါဦးလို့ပြောတဲ့သူက အိမ်ထောင်မရှိ။ တွေ့တဲ့မိန်းကလေးတိုင်းက သူ့သမီးတွေတဲ့။
မနက်ကလည်း ဒီမြို့က ရန်ကုန်ရောက်တယ်။ လက်ဖက်ရည်ဆိုင်အမည်။ ဆိုင်ရှင်က ချင်းပြည်နယ်သူ။ ဗမာလိုလည်း ရေလည်၊ ဘိုလိုလည်း ရတယ်။ လက်ဖက်ရည် ချိုပေါ့ ၃။ အီကြာကွေး တချောင်း။ တို့ဟူးသုပ် ၂၊ အချိုမှုန့် မပါ။ အငန်လျှော့။ ‘နိုးစပိုက်စီး’။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ