တင်ထားတာတခု ဖတ်ပါတယ်။
ကျွန်တော် သိသလောက် မြန်မာပညာရှိကြီး ဆရာဦးဆန်းထွန်း အကြောင်း တစေ့တစောင်း (Blue Future)
စာရေးတာ သတ်ပုံ မှန်တယ်။ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။
ဦးဆန်းထွန်း ဟောပြောတာ အနည်းဆုံး ၂ ခါ နားထောင်ဘူးသည်။ အာ၀ဇွန်း အလွန်ကောင်းသည်။ အပြောအဟော အလွန်ကောင်းသည်။ စာရေးတော့လည်း သတ်ပုံ မှန်သည်။ တဝမ်းပူကို မလိုအပ်ဘဲ စမသတ်ပါ။
ကျွန်တော်တို့ မန္တလေးဆေးကျောင်း တက်စဉ် (၁၉၆၅-၁၉၇၂) ကာလက မန္တလေးမှာ စာပေ၊ တေးဂီတနဲ့ အနုသုခုမပညာတွေ ထွန်းကားခဲ့တယ်။ သီတင်းကျွတ်တာနဲ့ ရာသီဥတုကလည်း ခြေခင်းလက်ခင်းသာပြီ။ စက်ဘီးတစီးနဲ့ လမ်းမတွေထွက်ပါတယ်။ လမ်းတလမ်းမှာ တီးဝိုင်းတခုခု ရှိနိုင်တယ်။ ဓမ္မာရုံတခုခုမှာ စာပေဟောပြောပွဲတခုခု ရှိနိုင်တယ်။ လမ်းမကြီးတခုခုမှာ အငြိမ့်ရှိနိုင်တယ်။
လူထုဦးလှ၊ ဆန်းထွန်း (မန်းတက္ကသိုလ်)၊ ဦးချမ်းမြ (မြကေတု)၊ ဦးကျော်ရင် စတဲ့ စာတတ် ပညာတတ်တွေ ပြောတာဟောတာ နားထောင်ဘူးတယ်။
မောင်သာနိုး၊ မောင်စွမ်းရည် စတဲ့ လူလတ်ပိုင်းစာရေးဆရာတွေ ပြောတာဟောတာတွေလည်း နားထောင်ဘူးတယ်။
လမင်းတရာ အငြိမ့်ကြည့်ဘူးတယ်။ မြို့မနဲ့ မိုးကေသီ တီးဝိုင်းတွေ နားထောင်ဘူးတယ်။
အဲဒီတုန်းက မြန်မာစာ လမင်းတရာ သာခဲ့တာ စစ်အစိုးရတွေတက်တော့ တိုင်းပြည်သာမက မြန်မာစာနဲ့ ပညာရပ်ဟူသမျှ လငပုပ်ဖမ်းပါတော့တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment