မြန်မာပြည်မှာနေပြီး မြန်မာစာက အမှားဆုံးပဲဆိုတာကို ဖတ်ရလို့ ဒီစာကို ရေးပါတယ်။ စာလုံးပေါင်းသတ်ပုံတွေ မှားနေကြောင်း အကြိမ်ပေါင်း တထောင်ကျော်လောက်ပြီ။ တချို့က ဘာ့ကြောင့် မှားသလဲကို တချက်တည်း၊ တခုတည်းသာ ကြည့်ပြီး ဘာ့ကြောင့်လို့ ပြောကြတယ်။ ဘာ့ကြောင့်မှားကြသလဲ စာတပုဒ်မှာ လက်ညှိုးပေါင်း တဒါဇင်လောက် တင်ပြထားပါတယ်။
ကျန်းမာရေးမေးတာတွေကို ဖြေနေတာ ဖေ့စ်ဘွတ် မပေါ်ခင်ကတည်းက။ ဖေ့စ်ဘွတ်ပေါ်လာမှ အဲလောက်ထိ သောက်သောက်လဲ မှားရေးနေကြမှန်း သိတော့တယ်။
နောက်ထပ်သိလာတဲ့ အချက်တခုကတော့ ပြည်ပရောက်နေသူတွေက စာကိုပိုပြီးမှန်အောင် ရေးတတ်ကြသလိုလို။ လေ့လာဆန်းစစ်မှုတော့ မဟုတ်ပါ။ နဝတ ခေတ်က စာပေစိစစ်ရေးနဲ့ စက်ကွင်း လွတ်ကင်းကြတော့ သတ်ပုံ အမှားတွေကို မသိကြပါ။ အဲတော့ မှန်အောင်ရေးကြတယ်။
ပြည်တွင်းမှာ အများစုက မှားအောင်ပြင်ထားတာကို အမှန်လို့ ထင်နေကြတယ်။ တရားဝင်လို့တဲ့။ အစိုးရက ရေးခိုင်းထားလို့တဲ့။ နောက်ဆုံးပေါ်တဲ့။
နဝတခေတ်မှာ ပြည်ပကနေထုတ်တဲ့ ဥပမာ ကြေးမုံဦးသောင်းစာအုပ်တွေနဲ့ ဘန်ကောက်ကနေထုတ်တဲ့ ခေတ်ပြိုင်ဂျာနယ် အကုန်မှန်တယ်။ ဦးနုရဲ့ တာတေစနေသားစာအုပ်ကို နယူးဒေလီမှာ ပဌမအကြိမ် ထုတ်တော့ သတ်ပုံတွေမှန်ပြီး၊ ပြည်တွင်းမှာပြန်ထုတ်တော့ သတ်ပုံမှားတွေနဲ့။
နမူနာ ၅ ခုသာတင်ပြမယ်။
- လယ်တီဒီပနီပေါင်းချုပ်
- ရွှေဥဒေါင်းရေးတဲ့ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
- သခင်ဘသောင်းရေးတဲ့ တထောင့်တည
- မင်းဆွေရေးတဲ့ ဒါး
- နိုင်ဝင်းဆွေရေးတဲ့ နွေတည
ပြည်တွင်းက ပြင်ပြန်ထုတ်စာအုပ်တွေဟာ သူများအဝတ်အစားကို ခိုးဝတ်ထားသူတွေလို။ ဆောရီး + ကန်တော့။ နောင်ဆိုရင် မြန်မာစာအမှန်ကို ဖတ်လိုသူတွေ ပြည်ပကနေ တင်သွင်းရမလိုလို။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment