Skip to main content

ဖိုးမောင်လာပြီ

မှိုင်းညို ညဉ့်ရိပ်၊ လူခြေတိတ်၌

ရေဆိပ် အနား၊ ရွာတံခါးမှ

ဂုပ်ကျား ကျယ်လောင်၊ ဆီးကြို ဟောင်သော်

ဖိုးမောင်လာပြီ ဆိုကြသည်။ ။

ဟောင်သံ ရပ်၍

ထက်ကြပ် ပေါ်လာ၊ အသံမှာကား

ညခါ ငါးထောင်၊ မောင်ဖိုးမောင်သည်

ရွာတောင် ချောင်းက ပြန်ခဲ့ပြီ။ ။

ဖိုးမောင်သံကြား၊ ကင်းသမားက

တံခါးကြီး အောက်၊ မလွယ်ပေါက်ကို

တယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်

ယာတွင် အုပ်ဆောင်း၊ ဝဲတက်ချောင်းနှင့်

ခါးစောင်း ကိုယ်ကိုင်း၊ ငါးပလိုင်းကို

လွယ်သိုင်းပြီးလျှင်၊ ရွာကို ဝင်သည်

လူပင် လေလား တစ္ဆေလား။ ။

တစ္ဆေ မကြောက်၊ မြွေ မကြောက်ပဲ

တယောက်တည်းပင်၊ ညဥ့်မှောင်တွင်၌

သူလျှင် ငါးရှာ၊ မကျွေးပါက

ထိုရွာသူသား၊ လူအများတို့

ငါးစို ငါးစိမ်း ငတ်ပေလိမ့်။

ဆောင်းတည၌

ချမ်းမြ စိမ့်အေး၊ လခြမ်း ကွေး၍

ရွာဘေး ကျီပျက်၊ မှောင်နက်နက်မှ

ဇီးကွက်က အော်၊ တောက်တဲ့ ကြော်စဉ်

ရွာပေါ် လွမ်းအောင်၊ ဂုပ်ကျား ဟောင်သည်

ဖိုးမောင် လာချိန်ပါတကား။ ။

သို့ဖြစ်သော်ငြား၊ ခါတပါးသို့

တံခါး ဝင်လို၊ သူ မဆိုပဲ

မောင်းကို ထုပါ၊ လူစုပါဟေ့

ရွာကို ဘေးမှ၊ ကာကွယ်ကြလော့

ဒမြ ငါ့အား၊ ဖမ်း၍ထား ဟု

စကား မဆုံး၊ ဟစ်အော်တုန်းတွင်

ဒိုင်း ဒုန်းဒိန်းသံ၊ ရွာလုံး ညံသည်

ချောင်းယံပဲ့ထင် ထပ်သတည်း။ ။

ဖိုးမောင့် နိဂုံး၊ ဤတွင် ဆုံးလည်း

ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍

ပဲ့ထင်ထပ်ကာ၊ ဟည်းလျက်ပါတည့်

ဘယ်ခါ မဆို၊ ဆီးလင့်ကြိုသို့

မှိုင်းညို ညဉ့်ရိပ်၊ လူခြေတိတ်၌

ရေဆိပ် အနား၊ ရွာတံခါးမှ

ဂုပ်ကျား ကျယ်လောင်၊ ရမ်းရော် ဟောင်သော်

ဖိုးမောင် လာပြီ ဆိုဆဲပင်။   ။ (မင်းသုဝဏ် - ၅၊ ၁၂၊ ၆၂။)

ဒီကဗျာကို ကူးတင် ကူးထုတ်သူတွေက မူရင်းကဗျာပါ စာသားနဲ့ သတ်ပုံတွေကို မှားအောင်ပြင်ထားကြတယ်။ မှန်အောင်သာ တင်ကြ ထုတ်ကြစေလိုပါတယ်။

တစ်ယောက်ဝင်သာ မဟုတ်ပါ။

တစ်ယောက်တည်းပင် မဟုတ်ပါ။

ဆောင်းတစ်ည၌ မဟုတ်ပါ။

ခါတစ်ပါးသို့ မဟုတ်ပါ။

မြန်မာစာရွာမှာ ဒမြတိုက်ခံခဲ့ရပါသတည်း။

ဒေါက်တာတင့်ဆွေ

Comments