လာ၍နှိုးသည်
မြတ်နိုးချစ်ခင်၊ သက်လှယ်သျှင်ကြောင့်
ငါလျှင်လျောင်းစက်၊ မှိတ်မှေးလျက်မှ
ပြူးမျက် ကျယ်၍ နိုးခဲ့ပြီ။
စောစောကမူ
ချမ်းပူအေးမြ၊ သောကမသိ
စက်မိစက်ရာ၊ သစ်ရိပ်သာဝယ်
ဘယ်ညာလွန့်လူး
မေ့ မူးပျော်လျက်၊ အိပ်မက် မက်ခဲ့။
တော၏ဆိတ်ညံ၊ စိမ့်မြိုင်ယံဝယ်
ကျေးသံငှက်သံ၊ ရေစီးသံနှင့်
ပန်းမာလ်သစ်ပင်၊ စိမ်းစိုလွင်ကို
ကြည်လင်ပျော်မြူး၊ စိတ်ညွတ်နူးဖြင့်
ဆွတ်ခူးပန်ဆင်၊ ထောင်နားတင်၍
ချို ရွှင်ကြည်မြ၊ ငါ့ဘဝကို
အားရ ကျေနပ် မိပါ၏။
အဖော်မလို၊ မယ် တကိုယ်လျှင်
နားခိုနေလိုက်၊ လျှောက်သွားလိုက်ဖြင့်
ပျော်ပိုက်ကာသာ၊ နေခဲ့ပါ၏။
များစွာသစ်သီး၊ ဆွတ်စားပြီး၍
ရေစီးသံသာ၊ ကမ်းသာယာဝယ်
လျောင်းကာမှေးက၊ တရေးရ၏။
နိုးထတဖန်၊ မြရိုးတံဝယ်
ရွှေလျှံငွေပွင့်၊ လှဆုံးတင့်ကို
အသင့်ဆုတ်ချေ၊ ပန်ပြီးလေမှ
ငှက်ဆွေကျူးရင့်၊ သူ့တေးနှင့်လျှင်
လိုက်သင့်ခုန်ဆွ၊ ငါလျှင် က၏။
နွမ်းလျပန်းသော်၊ သဲခုံပေါ်ဝယ်
စွယ်တော်စံကား
ချယားခွာပြာ၊ ပန်းရွှေဝါတို့
ကြဲကာဖြန့်လျက်၊ ပန်းဖြေစက်၏။
ယခုသော်မူ
ချစ်သူမောင်က၊ “ပျိုလေး-ထ”ဟု
ယုယတီးတိုး၊ လာ၍နှိုးသည်
တမိုး သောက်လု ပါပြီကော။
နိုးကာထ၍
ဟိုမှ သည်မှာ၊ ဝဲယာလှည့်ကြည့်
လှမ်းမျှော်မိသော်
ပျော်တိပျော်ဘွယ်၊ ရှေ့မှာခြယ်သည်
ရွာငယ် တခု ပါတကား။
ကြေးစည်သံလည်း
ဝဲပျံလေဝယ်၊ မောဖြေဘွယ်တည့်။
ဆန်ဖွပ် မောင်းထောင်း
နွားကျောင်း ယာထွန်၊ လုပ်ငန်းဝန်လည်း
အားသွန်ကြိုးကာ၊ ဆောင်ဘို့သာတည့်။
ကောင်းဆိုးတိုင်ပင်၊ မှုစီရင်၍
ချစ်ခင်နှီးရင်း၊ အချင်းချင်းလျှင်
ပေါင်းသင်းဆက်ဆံ၊ ပျော်ဘို့ဖန်တည့်။
ဪ ဪ...လူ့ဘုံ ၊ ဤရိပ်မြုံကား
ခိုလှုံချင်ဘွယ်၊ ပျော်ကြောင်းဆွယ်တည့်
ကြီးငယ်တာဝန်၊ အတန်တန်လည်း
ကျေပွန်ရွက်ဆောင်၊ ငါလျှင်အောင်လိမ့်
တောရောင်ကိုဖျောက်၊ ဤမိုးသောက်ဝယ်
ဝမ်းမြောက်စိတ်ဖြူ၊ အားသစ်ထူသည်
တောသူ ရွာဝင် ခဲ့ပြီတကား။ (ငွေတာရီ)
ငွေတာရီမဂ္ဂဇင်း (၁၉၆၆ ဒီဇင်ဘာလ)
(Listener's Heaven Audiobooks - အသံစာအုပ်)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment