Skip to main content

သည်စခန်းသည်လမ်းကပဲလာရသည်

ကိုမြသန်း (မြသန်းတင့်) အလုပ်လုပ်သော သတင်းစာတိုက်က ဗိုလ်ချုပ်လမ်းပေါ်တွင် ရှိသည်။ သို့ရာတွင် စိန်ပေါကျောင်းကြီးကို ကျော်သည်အထိတော့ လျှောက်ရမည်။ ကျွန်တော်တို့ လျှောက်ကြသည်။ ပလက်ဖောင်းစျေးဆိုင်များဆီမှ ညှော်နံ့တွေက သင်းနေသည်။ ဗိုက်ကို တိုက်ရိုက်ဆက်ဆံလာသောကြောင့် မွန်ရိုး၏ မျက်လုံးပြာများထက် လှုံ့ဆွမှုအင်အား အများကြီးသာ၏။ နေက ပူဆဲ။ ပလက်ဖောင်းတွေကလည်း ပူဆဲ။ တိုက်ပုံအင်္ကျီတွေကို လူရိုသေ ရှင်ရိုသေဖြစ်အောင် ဝတ်လာမိတော့ ချွေးတွေက အလိုက်ကမ်းဆိုးမသိ ထွက်နေသည်။

သတင်းစာတိုက် အောက်ထပ် လက်ထောက် အယ်ဒီတာစားပွဲတွင် ကိုမြသန်းကလည်း လူရိုသေရှင်ရိုသေဖွယ် တိုက်ပုံအင်္ကျီနှင့် ကုန်းကုန်းလေး ထိုင်အလုပ်လုပ်နေသည်။ သူ့မှာက ကျွန်တော်တို့ထက် သာသော လူရိုသေ၊ ရှင်ရိုသေဖွယ် ပစ္စည်းတခုရှိနေသေးသည်။ သူ့မျက်မှန်ကြီး။ သူ့မျက်မှန်ကြီးက တော်တော်ထူသည်။ စာဖွဲ့လောက်အောင်ထူသည်။ အမှန်လည်း သူ့မျက်မှန်ထူကြီးအကြောင်းကို သူငယ်ချင်း စာရေးဆရာ ကျော်အောင်က စာဖွဲ့ပြီးလေပြီ။ သူက တိုးညင်းသာသာ မေး၏။

"ဘယ်က လှည့်လာကြသလဲ"

ခင်မောင်အေးက ဖြေ၏။

"ဒီလိုပဲ"

ကျွန်တော်ကလည်း ခင်မောင်အေး သံယောင်လိုက်ပြီး ဖြေ၏။

"ဒီလိုပဲလေ"

ကျွန်တော်တို့ စကားများကို လုံလောက်သောအဖြေဟု သူ လက်ခံလိုက်ပုံရသည်။ သဘောမနော ကောင်းစွာ မေး၏။

"လက်ဖက်ရည် သောက်ကြမလား"

ဘယ့်နှယ်မေးပါလိမ့်။ဘယ်တုန်းက ငြင်းဖူးကြလို့လဲ။ မြတ်စွာဘုရား။ ယခု ငြင်းသံကြားရသည်။ ငြင်းသူက ခင်မောင်အေး။

"ဟာ... တော်ပြီ၊ တော်ပြီ၊ မလုပ်နဲ့"

ကျွန်တော့်ဗိုက်ထဲမှာက ဆာနေသည်။ ခင်မောင်အေးကို ဒေါပွပြီး ဝင်ပြော၏။

"ကျွန်တော်တော့ သောက်မယ်ဗျာ"

ခင်မောင်အေးက ကျွန်တော့်အား စက်ဆုတ်ရွံရှာသောမျက်လုံးများနှင့် ကြည့်၏။

"ဟေ့ကောင်... မသောက်နဲ့တော့ကွာ"

"ငါ လေနာ မရှိဘူး"

"ဘယ်သူတော့ ရှိလို့လဲ"

မျက်မှန်ထူအောက်မှ မှုန်ရီသော မျက်လုံးများဖြင့် ကိုမြသန်းက ကျွန်တော်တို့နှစ်ဦးကို ကြည့်သည်။ မကြုံတွေ့ဖူးသော ရည်းစားလုနေသည့် ကောင်မလေးနှစ်ယောက်ကို လေ့လာ စူးစမ်းသောအကြည့်များဖြင့် ကြည့်နေ၏။ ခင်မောင်အေးက ကောင်လေးနှင့် အရင်ရည်းစား ဖြစ်ခဲ့သော ကောင်မလေး၏ ရဲရင့်ပိုင်နိုင်မှုဟန်ဖြင့် ပြော၏။

"သူငယ်ချင်းချင်တွေပဲ ရှက်စရာ မရှိဘူး၊

ကျွန်တော် ရှင်းပြမယ်"

ဟိုးမာ၏ ယူးလစ်ဆီးစ်နှင့်ပဲ နှိုင်းအပ်သလော။ ဘန်းယင်၏ ပီးလ်ဂရင်းစ်ပရောဂရက်စ်နှင့်ပဲ နှိုင်းအပ်သလော။ ဇင်အောင်၏ ငပွေး ရွာစဥ် လျှောက်ခြင်းနှင့်ပဲ နှိုင်းအပ်သလော။ တခုခုနှင့်မူ နှိုင်းအပ်ထိုက်စွသော ကျွန်တော်တို့၏ မြို့တွင်းခရီးအကြောင်းကို ခင်မောင်အေးကရှင်းပြ၏။ နိဂုံးချုပ်လိုက်ပုံက ယထဘူတ အလွန်ကျ၏။ 

"အဖြစ်က အဆောင်ပြန်ဖို့ လမ်းစရိတ်မရှိဘူး၊ ခင်ဗျား လက်ဖက်ရည်တိုက်ရင် မုန့်လည်းပါရမယ်၊ ငွေတကျပ် အနည်းဆုံး ကုန်မယ်၊ ဒီတော့ လက်ဖက်ရည်မတိုက်နဲ့ဗျာ၊ ကျွန်တော်တို့ကို ငွေတကျပ်ချေး"

ကိုမြသန်း၏ ပါးစပ်သည် တဖြည်းဖြည်း သိမ်မွေ့စွာပြဲသွား၏။ ရီဝေသော မျက်လုံးကြီးများက မျက်မှန်အောက်မှနေ၍ ကျွန်တော်တို့အား ကြေကွဲစွာ ကြည့်နေသည်။

"အဲဒါမှ ဒုက္ခပဲဗျာ"

"ခင်ဗျာ"

"ကျွန်တော့်လည်း ပိုက်...ပိုက်ဆံ မရှိဘူး"

"နို့... ခင်ဗျား လက်ဖက်ရည် တိုက်မလို့ဆို"

"အဲဒါကတော့ဗျာ"

...

ဝတ္ထုတွင်းမှ ဇာတ်လိုက်ကဲ့သို့ ကိုမြသန်းက မဆုံးသော်လည်း အဓိပ္ပါယ်ပြည့်သော စကားကိုဆို၏။ ပိုမိုအဓိပ္ပါယ်ရှိသော အလုပ်တခုကိုလည်း လုပ်ပြ၏။ သူက လုလင်တဦးကို အမိန့်ပေး၏။

"လက်ဖက်ရည် သုံးခွက် သွားယူကွာ၊ မုန့်လည်းယူခဲ့၊ ငါ မှာတာလို့ ပြော"

ငါ မှာတာ ဆိုသည်မှာ လက်ထောက်အယ်ဒီတာမင်းက မှာတာ။ ဤသို့လည်း အဓိပ္ပါယ်ဖွင့်ဆိုသော်ပိုမှန်မည်။ မဖြစ်နှင့်ဟု တားမရတော့ ဖြစ်သမျှအကြောင်းအကောင်းချည်း။ ဤသို့ စိတ်ကိုယဥ်ကျေးအောင် ဆုံးမရာ၏။ အနည်းဆုံးလက်ဖက်ရည်သောက်၊ မုန့်စားရသည်ကို ဘဝ၏ ကောင်းသောအဖြစ်ဟု ပညာရှိတို့ ယူဆ၍ ရ၏။ အကြံအဖန် ဆက်လုပ်ရန် မရှိသောကြောင့် လက်ဖက်ရည်သောက်၊ မုန့်စားအပြီး၌ လေဆက်မရှည်ကြတော့ပဲ ကျွန်တော်တို့ ထွက်တော်မူ တိုက်က ခွာသည်။ သားသမီးကို မုန့်ဖိုးမပေးနိုင်ပဲ ကျောင်းသို့လွှတ်ရသည့် ဖခင်၏ ညှိုးငယ်သောသဏ္ဍာန်မျိုးဖြင့် ရပ်ကြည့်နေရှာသူ ကိုမြသန်းကို ပလက်ဖောင်းပေါ်ထားခဲ့ပြီး ကျွန်တော်တို့နှစ်ဦး ထွက်လာခဲ့ကြသည်။ (တက္ကသိုလ်ဘုန်းနိုင်)

မူရင်းစာတွေကို ခုခေတ်ပျက်မှာလို မှန်နေတာကို မှားအောင်ပြင်မဘဲ တင်ပေးသူ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...