၂၆ နှစ်ကြာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ကပ်ဆိုးကြီးအတွက် အဓိက တာဝန်ရှိသူဟာ ဦးနေဝင်း ဖြစ်တယ်။ ဒါပေမဲ့ ဦးနေဝင်းဟာ သမိုင်းကပေးတဲ့ ပြစ်ဒဏ်ကို လှလှပပ ခံစားကာ သမိုင်းဇာတ်သိမ်းခဲ့ပါပြီ။ ဒီ မြန်မာ့ဆိုရှယ်လစ် ခေတ်ဆိုးအတွက် သမိုင်းတရားခံက ဦးနေဝင်း တယောက်တည်း မဟုတ်ဘူး။ သူ့ကို ဝိုင်းဝန်းထောက်ခံ မ,ခဲ့ကြတဲ့ နိုင်ငံရေး ခေါင်းဆောင် အမည်ခံ ဗကပပျက်၊ အလံနီပျက်၊ ဆိုရှယ်နီပျက် ရာဇဝင် လူဆိုးလူလိမ်ကြီးတွေနဲ့ အလီဘာဘာ ခိုးသားအပေါင်း (မဆလပါတီ ဝင်သွားသူတွေ) ဖြစ်တယ်။ မဆလ ပါတီ ဝင်ခဲ့တယ် ဆိုကတည်းက သမိုင်း တရားခံ ဖြစ်သွားတာပါပဲ။ သမိုင်းတရားခံ မဖြစ်လိုသူများ မဆလထဲ မဝင် ခဲ့ကြဘူး။
ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဘကောင်း အသက် ၈၂ နှစ်မှာ ကွယ်လွန်ခဲ့တော့ သူ့အကြောင်း ပြောပြသူ မိတ်ဆွေ တဦးက ကိုဘကောင်းဟာ ကျောင်းသုံးစာအုပ် ရွေးချယ်ရေးအဖွဲ့လို နိုင်ငံ့ဝန်ထမ်းဌာနတွေမှာ တာဝန်တွေ ထမ်းဆောင်ခဲ့သော်လည်း သေဆုံးတဲ့ အထိ မဆလပါတီထဲ မဝင်ခဲ့ဘူးလို့ ပြောသွားတယ်။ ဒါဟာ ကိုဘကောင်းအဖို့ ဂုဏ်ပုဒ်တွေ အမျာကြီးထဲက ဂုဏ်ယူစရာ အကောင်းဆုံးဂုဏ်ပုဒ် ဖြစ်ပါတယ်။
ဒီ မဟာ့မဟာ ဂုဏ်ပုဒ်ကို နောက် တပ်ဆင်ပေးရမယ့် ကျွန်တော်တို့ မိတ်ဆွေကြီး တဦးကတော့ ကဗျာဆရာ တင်မိုးပါ။ ကျွန်တော်က သူ့ရုံး (တက္ကသိုလ် ဘာသာပြန်နဲ့ ထုတ်ဝေရေးအဖွဲ့)ကို အားတိုင်း ရောက်နေသူပါ။ ပါတီဝင်လျှောက်ဖို့ သတိပေးစာတွေ အကြိမ်ကြိမ် ရောက်နေလည်း ကိုတင်မိုးက ဘေးပစ်ချထားတာချည့် တွေ့ရတယ်။ အရေးကို မလုပ်။ ဒါကို ကြည့်လိုက်တာနဲ့ ‘သူကား ခေသူမဟုတ်'လို့ စိတ်ထဲ မှတ်ချက်ချမိတယ်။ ခေသူတွေ၊ ကိုယ့်တန်ဖိုး ကိုယ်ဖျက်သူအလကားလူတွေသာ မဆလထဲ ဝင်ကြတာကိုး။
ကျွန်တော့်မိတ်ဆွေ ရခိုင်အမျိုးသား နေရပ်ဒေသက ပြန်လာတော့ သူ့ဦးလေးနဲ့ တွေ့ခဲ့ရပုံကို ပြန်လည်ပြောပြတယ်။ သူက အဲဒီအချိန်က သူ့ အပေါင်းအသင်းတွေထဲ ရေပန်းစားနေသလို မဆလထဲ ဝင်ရ ကောင်းမလား စဉ်းစားမိတယ် ပြောပြတော့ ဘယ်နိုင်ငံရေးပါတီမှ မပါဖူးပေမယ့် ဘေးက စောင့်ကြည့် လေ့လာတတ်သူတဦးဖြစ်တဲ့ သူ့ဦးလေးက “မင်း ဂန်းဒူလား၊ ဂန်းဒူမှ လမ်းစဉ်ပါတီထဲ ဝင်လို့ရမယ်ကွ” လို့ ပြောပြလိုက်ပါသတဲ့ ‘ဂန်းဒူ’ ဆိုတာ ယောက်ျားပြည့်တန်ဆာကို ဗန်းစကားနဲ့ခေါ်တာကို ရခိုင်သံနဲ့ ရွတ်ဆိုတာပါ။
ဆွေးနွေးပွဲတခုမှာ သူ့ကိုယ်သူ မြန်မာစာပေနှံ့စပ်တယ်လို့ အခြောက်တိုက် ဘဝင်မြင့်နေတဲ့ ဦးနေဝင်းက အကြောင်းတခုကို မှားယွင်း ပြောပြတယ်။ မှားမှန်းသိရက်သားနဲ့ ဘယ်သူမှ ထပြောမပြကြဘူး။ ဘယ်သူ မှ မထကြတော့ ဆရာမင်းသုဝဏ်ကထပြီး အမှန်ကို ရှင်းပြတယ်။ ဦးနေဝင်း ဒေါသမာန်ထပြီး နောက်နေ့မှာ ဆရာမင်းသုဝဏ်ကို မကျက်တကျက် ပေါင်မုန့် ဘာညာ အမနာပ ပြောတော့တာပဲ။ ဆရာ မင်းသုဝဏ်ခမျာ သူ အထင်ကြီးခဲ့မိတဲ့ ပုဂ္ဂိုလ်ကြီးက ခုလိုနှိမ်လိုက်တာ ရင်နာရှာလွန်းလို့ လမ်းပေါ်ထွက် ကားကြိတ်ခံမယ်တောင် ကြံမိပါသတဲ့။
ကိုးနဝင်းကို အင်မတန် ယုံကြည်တဲ့ ဦးနေဝင်းဟာ ကမ္ဘာ့ အစိုးရ၊ ဘယ်ဘဏ်ကမှ ကြံကြီးစည်ရာ မလုပ်ဖူးတဲ့ ထုံးစံမဟုတ်တဲ့ ၄၅ ကျပ်တန်၊ ၉၀ တန်တွေကို ထုတ်ဖူးတယ်။ သက်ဆိုင်ရာ စီးပွားရေး ငွေရေး ကြေးရေး ဌာနတွေမှာ မင်းသုဝဏ်လို ပုဂ္ဂိုလ်က မရှိခဲ့ဘဲ ရခိုင်ဦးလေးကြီး ပြောတဲ့ 'ဂန်းဒူ’ တွေသာ တာဝန်ယူနေကြလေတော့ ကမ္ဘာ့အလယ်မှာ မြန်မာပြည်ဟာ ‘ငပေါနိုင်ငံ’ ဖြစ်ခဲ့ရတယ်။
ဦးနေဝင်းနဲ့ သူ့တပည့်ကျော် သမိုင်းတရားခံတွေအကြောင်း စဉ်းစားကြည့်ရင် စတာလင်နဲ့ သူ့တပည့်တွေ၊ မနေ့တနေ့က သေသွားတဲ့ ကင်ဂျုံအီလ်နဲ့ သူ့ ဗောင်းတော်ညိတ် စိတ်တော်သိတွေကို သတိရမိတော့တယ်။ တချို့က ဝမ်းတထွာအတွက် ဖားနေရပုံ ရှိပေမယ့် တချို့က တကယ် အထင်ကြီးပြီး ပုဂ္ဂိုလ်ကိုးကွယ်မှု ဖြစ်နေတာ တွေ့ ရတယ်။ ပါမောက္ခအဆင့်တော့ မဟုတ်တဲ့ တက္ကသိုလ်ဆရာတဦးက ‘ကျုပ်တို့ ဥက္ကဋ္ဌကြီးက တချို့ ကမ္ဘာ့သမိုင်း အချက်တွေဆို ကျုပ်တို့ထက် သိသေးတာဗျ’လို့ ပြောတာ ကြားဖူးတယ်။ 'ဒါဖြင့် ခင်ဗျား တော်တော်ညံ့တာပေါ့'လို့ ပြောလိုက်ချင်ပေမယ့် ကိုယ့်ထက် အသက်ကြီးနေသူမို့ ဘာမှ မပြောလိုက်ပါဘူး။
တခါတော့ ကိုတင်မိုးဟာ အဲသလိုပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ပညာရေး ဆွေးနွေးပွဲတခု တက်နေရတယ်။ လူမစုံသေးခင် ငနဲကြီးတွေ တိုင်ပင် နေကြပုံ ကိုတင်မိုးက ပြန်ပြောပြတယ်။ တိုင်းပြည် ကယ်တင်ရမယ့် ကိစ္စကြီး တခုကို တော်လှန်ရေးသတိနဲ့ ကြိတ်ဝိုင်းလုပ်နေတဲ့ ပုံစံမျိုး။ ဗကပ ပျက်ကြီးတွေ၊ အလံနီပျက်ကြီးတွေ၊ ဆိုရှယ်နီပျက်ကြီးတွေ။
“ဒါ အဘိုးကြီး မသိသေးဘူးဗျ။ အဘိုးကြီး အမြန်ဆုံး သိအောင် ကျုပ်တို့ လုပ်ရမယ်”
“ကို …၊ ခင်ဗျား ခုရက် အဘိုးကြီးနဲ့ တွေ့ စရာရှိတယ် မဟုတ်လား”
“အင်း ...၊ တနင်္လာနေ့ တွေ့ရမယ်”
“အဲ .. တွေ့တဲ့အခါ ခင်ဗျား အသေအချာ တင်ပြလိုက်ဗျာ၊ အဘိုးကြီး ဟိုကောင်တွေ ချက်ချင်း ခေါ်ကြိမ်းလိမ့်မယ်”
သူ့ခမျာများ ဦးနေဝင်းက မမှန်တာကို မကြိုက်ဘူး၊ လက်အောက် ငယ်သားတွေကသာ မဟုတ်တာ မမှန်တာ လုပ်နေကြတာ၊ ဦးနေဝင်းသာ သိခဲ့ရင် ဒီ မဟုတ်တာ မမှန်တာတွေ တားနိုင်လိမ့်မယ် ယူဆနေရှာကြတာကိုး။ ဦးနေဝင်းကိုယ်တိုင်က မမှန်တာလုပ်နေတာလို့ ခံယူချက်မရှိ၊ လူမှန်ကြီး လူတော်ကြီးလို့သာ ပုဂ္ဂိုလ်ကိုးကွယ်မှု အမှောင်ထုက လွှမ်းမိုးခံနေ ရတာကိုး။
ဒီလိုနဲ့ မိခင် ပါတီတွေကိုစွန့်ကာ သူရဲကောင်းကြီး ဦးနေဝင်းရဲ့ လုပ်ရပ်ကို ခွေးကတက်က နေရနေရ ထောက်ခံကြ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြီးကို ဟုတ်လှချည့်ဆိုပြီး ပိုက်ပွေ့ခဲ့ကြတယ်။ (ဒီလောက် အတွေးအခေါ် ချာတူးလန်တဲ့ ငနဲကြီးတွေ ဒီပါတီကြီးတွေမှာ ဘယ်လို လုပ်ပြီး ဥက္ကဋ္ဌတွေ၊ ဗဟိုကော်မတီတွေ၊ ဖြစ်ခဲ့ပါလိမ့် မတွေးတတ်အောင် ရှိတော့တယ်။ တိုင်းပြည်ရဲ့ကံကြမ္မာပဲ အောက်မေ့ရတော့မှာပလေ)
ဒီလိုနဲ့ တိုင်းပြည်ဖျက်တဲ့ ကိစ္စကြီးမှာ သမိုင်းတရားခံတွေ ဖြစ်ကြတော့တယ်။ သူတို့လောက် ပါတီအသီးသီးမှာ အကောင်မကြီးသူတွေလည်း သမိုင်းတရားခံ ၂၃၊ ၂၄၊ ၅၅ တွေ ဖြစ်ကုန်ကြတယ်။ ကျွန်တော်နဲ့ ကျောင်းသားလှုပ်ရှားမှုတွေ အတူလုပ်ဆောင်ခဲ့သူတွေလည်း သမိုင်းတရားခံ ၃ဝ၂၊ ၆၇၈၊ ၁ဝ၆၉ တွေ ဖြစ်ကုန်ကြတယ်။ ဗကသ ခေါင်းဆောင် ဘဝကနေ မဆလဖြစ်၊ အသုံးလုံး လှုပ်ရှားမှုမှာ ထိပ်တန်းက ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့သူ သမိုင်းတရားခံ ၁၀၀၆ က အဲဒီနှစ် နိုင်ငံ့ဂုဏ်ရည် စာရင်းထဲ သူ့နာမည်မပါလို့ ချုံးပွဲချငိုပါသတဲ့။
အခု သရုပ်ဖော်ခဲ့တဲ့ လူတွေနဲ့ ဝန်ထမ်းမို့ မဆလ ဝင်ရသူ (အရပ် ဘက်၊ စစ်ဘက် ဝန်ထမ်း) တခြားစီပါ။ တနေ့တော့ ကျွန်တော် မန္တလေး ဈေးချိုက ကျော်လှိုင်ကဖေးမှာ အပေါင်းအသင်းတွေနဲ့ ထိုင်နေစဉ် အဲဒီတုန်းက မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် တက္ကသိုလ်ဘုန်းနိုင်နဲ့ ဆရာချစ်ဆွေ(အခု ဩစတြေလျ) လက်ဖက်ရည်ဆိုင်ဆီ လာနေကြတယ်။ ဆိုင် နားနီးလာတော့ ကျွန်တော်ထပြီး ဆရာသမားများကို ခရီးဦးကြို ပြုလိုက်တယ်။ ဆရာဘုန်းနိုင်က ကျွန်တော့်လက်ကိုဆွဲကာ အားရပါးရ ဆုပ်ကိုင်တဲ့ပြီး ‘ကိုသာနိုး၊ Congratulations ဗျာ၊ ခင်ဗျာ့ ရဲဘော်ရဲဘက်ကြီးတွေ ဘာဌာနမှူးကြီး၊ ညာရေးရာမှူးကြီးဆိုပြီး ကောင်းစားနေကြချိန် ခင်ဗျားက ကိုယ့်ပညာလေး အားကိုးပြီး အေးအေးကုပ်ကုပ် ကျူရှင်ဆရာ လုပ်ကိုင် စားသောက်နေတာ ချီးကျူးတယ်၊ ဂုဏ်ယူတယ်ဗျာ'တဲ့။ ဒါ ဝန်ထမ်းမို့ မဆလထဲ ဝင်ရသူက ကျောင်းသားလှုပ်ရှားမှုထဲ ပါခဲ့ပေမယ့် သမိုင်းမှာ အစွန်းအထင်း မခံ၊ မဆလထဲ မဝင်သူကို ချီးကျူးတဲ့စကားပါ။
တက္ကသိုလ်ဘုန်းနိုင်ရဲ့အဲဒီစကားလေးတခွန်းဟာ ကျွန်တော့်ဘဝမှာ အမှတ်တရအရှိဆုံး၊ ဂုဏ်ယူမဆုံး စကားလေးတခွန်းပါပဲ။
မောင်သာနိုး
သမိုင်းတရားခံများ၊ မောင်သာနိုးရဲ့ နိုင်ငံရေးအမြင်။
နှစ်ကာလများ၊ ပထမအကြိမ်၊ ၂၀၁၈။
တင်ပေးထားသူ ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment