ကျွန်တော့အတိတ်မှာ ခြေရာတွေနဲ့အတူ ခေါင်းဆောင်းစရာတွေလည်း ပါတယ်။ လူရည်ချွန်ဦးထုပ် မဆောင်းရဘူးပါ။ ဆေးကျောင်းရောက်တော့ ခွဲခန်းမွေးခန်းတွေမှာ ခွဲစိတ်ခန်းသုံးကက်ပ် သုံးရတယ်။
ဖေါင်ကြီး သင်တန်း ၄ လတိတိ စစ်သုံးသံခမောက်နဲ့။
၁၉၉၀ တုန်းက နယ်တွေသွားတဲ့အခါ ဝါးခမောက်ဆောင်းဖြစ်တယ်။ တိုင်းပြည်ကနေ ထွက်ပြေးရတော့ လမ်းမှာ မန်းကီးကက်ပ် ဆောင်းရသေးတယ်။
တနေ့က အသက်သိပ်မကွာသူတယောက်ကို ပြောဖြစ်တယ်။ နံပြားဦးထုပ်ခေါ် ဂျင်းတဲလ်မင်းတွေလို ဦးထုပ် ပြားပြား မဆောင်းပါလို့။
ကျွန်တော်က ကက်ပ်ဦးထုပ်ဆောင်းတာ ဝါသနာ။ အခုဆို လေးငါးခြောက်လုံးရှိတယ်။ ဆောင်းတွင်းတိုင်းမှာ အိမ်ပြင်ထွက်တိုင်း ကက်ပ်ဦးထုပ်ဆောင်းတယ်။ ခေါင်းစွပ်ကို အလွန်အေးမှသာ သုံးတယ်။
၂၀၁၈ အလည်ပြန်စဉ်က တယောက်ကလက်ဆောင်ပေးလိုက်တဲ့ အဝတ်စနဲ့ချုပ်တဲ့ ဦးထုပ် ပျော့ပျော့လေးလည်း တခါခါ ဆောင်းပါတယ်။ မြို့နယ်ဆရာဝန်ဘဝ တင်းနစ်ရိုက်တုန်းက ဆောင်းခဲ့ဘူးတာမျိုး။
မြန်မာသဘာသာပြန်ဆရာလုပ်စဉ်က စပိန်စကားပြော ကျောင်းသူကျောင်းသားစုံတွဲကပေးတဲ့ အင်္ဂလိပ်လို ဒေါက်တင့် အမည်ပါ ကက်ပ်ဦးထုပ်လည်း တခါတခါဆောင်းဖြစ်တယ်။ ဆိုင်းဘုတ်နဲ့ ဦးထုပ်။
မောင့်ကျက်သရေခေါင်းပေါင်းဇာတာ ပါမလာ။ လွှတ်တော်အနားမကပ်ခဲ့ရပါ။
အနာဂတ်ကောင်းကင်မှာ အတိတ်ခြေရာ မင်နဲ့ရေးဘို့ရာ ကြိုးစားခဲ့တာ အတိတ်နံရံမှာ မှန်ဘောင်သွင်းစရာတွေ ရှိရှိလာတယ်။
နောက်တလှမ်းရွေ့တိုင်း ရပ်နေတဲ့အောက်မှာ ထင်ကျန်ရစ်တာ ကိုယ့်ခြေရာ။ တခါတခါ ဖေါ့နင်းထားလို့ မထင်မရှား။ ရွံ့ဗွက်ထဲအသွား ခြေမ ကုပ်ထားရတာမို့ အထင်းသား။ မြက်ပင်ကြား ကားဖိနပ်နဲ့သွား၊ ဆူးလေပင်ကြား ခုံဖိနပ်နဲ့ ကစား။ (ကားဖိနပ် = ကားတာယာကို ကြိုးလုပ်ထားတဲ့ ဖိနပ်)
ဆေးရုံ ဆေးခန်းတွေမှာ ကတ္တီပါသည်းကြိုးတပ် သားရေဖိနပ်။ သပ်သပ်စီးစရာ ခွဲစိတ်ခန်းထဲအဝင်မှာ အပြင်က စီးလာတာကို ချွတ်။ နံပတ်က ဘာဖြစ်ဖြစ်၊ အရောင်က ဘာနေနေ၊ အဆင်ပြေတယ်လို့သာ အောက်မေ့ရတယ်။
ဆရာဝန်အဖြစ်ကနေ နိုင်ငံရေးထဲအရောက် ဖိနပ်ပေါက်တယ်။ အသစ်စီးရတာမို့ပါ။ တခါတခါ ခြေဗလာ၊ တခါတလေမှာ ရှူးဖိနပ်ပါ။ နင်းစရာ ကြမ်းခင်း၊ ကွန်ကရစ်ခင်း၊ ကော်ဇောခင်း၊ မြက်ခင်း။
နိုင်ငံရေးသည်လည်း ဆေးမင်ရည်စုပ်ထိုး နောင်ပြင်ရန်ခက်သည့်အမျိုး။
နိုင်ငံရေးမြင်ကွင်းမှာ အရောင်ပြောင်းကြသူတွေ ရှိတယ်။ ကျွန်တော့မှာ စုစုပေါင်းတရံတည်းသာ၊ အတိတ်နံရံမှာ မှန်ဘောင်သွင်းစရာ မောင့်ကျက်သရေ မပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment