ဆရာက ဆရာဝန်စာရေးဆရာလားဟင်။ ဆရာ့ဘလော့တွေ အလကား ဖတ်ခွင့်ရတာ ကံကောင်းလိုက်တာ။ ဆရာနဲ့ ထိတွေ့ခွင့်ရအောင် ဖန်တီးပေးတဲ့ ဒီဆိုက်လေးကိုရော စေတနာထားတဲ့ ဆရာ့ကိုရော ကျေးဇူးတင်ပါတယ်။ စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ ဘယ်အချက်က အဓိကကျသလဲဆိုတာ ဆရာအားမယ်ဆိုရင် ဆွေးနွေးပေးဖို့ တောင်းဆိုပါတယ်ရှင်။
ဆရာဝန်တော့ ဟုတ်တယ်။ ဆေးစာတွေလည်း ရေးပါတယ်။ ဘလော့ခ်မှာသာ ရေးတာပါ။ နိုင်ငံရေးကိုတော့ ပုံနှိပ်တာရော၊ အင်တာနက်စာမျက်နှာတွေမှာပါ ဖေါ်ပြကြတာတော့ ရှိတာပေါ့။ မြန်မာလိုမရေးရတာများတယ်။ ကိုယ်ဖတ်စေချင်တာက တခြားလူမျိုးတွေ ဖြစ်နေကြလို့ပါ။
စာတွေဖတ်ပါတာ ငယ်ငယ်ကတည်းကနေ အခုထိပါ။ သာသာရပ်လဲ အမျိုးအစား မနည်းလှပါ။ သုတ၊ သမိုင်း၊ ဘာသာရေး၊ ဗမာလိုရေးတာ အင်္ဂလိပ်လိုရေးတာ အစုံပါ။ သိစရာတွေက ကြာလေများလေ။ ဒီတော့ ဖတ်တာ မများသေးဘူးလို့ သိသိလာတယ်။
ဆေးစာတွေကို ရေးတာမှာ ထူးခြားတာရှိတယ်။ ဆေးပညာက တိုးတက်ပြီး၊ အသစ်တွေ သိလာနေတာမျိုးထဲမှာ ပါတယ်။ အရင်ကရေးထားတာကို ပြန်ဖတ်ရင်း ပြန်ချောနေမှ၊ ပြန်ပြင်နေမှ စာကလတ်ဆတ်နေပြီး၊ အမှန်နဲ့ ပိုနီးစပ်မယ်။ ဆေးပညာ စာတပုဒ်ဟာ နှစ်လရှည်ကြာ မခံပါ။ ဂန္တဝင်ဖြစ်မှာ မဟုတ်ပါ။
ဒုက္ခသည်တွေကိုဆေးကုရာမှာ လာကူသူတွေကို စာသင်ပေးဘို့ အင်္ဂလိပ်လိုသာရှိတဲ့ ဆေးစာတွေကို နားလည်လောက်မဲ့ အဆင့်လောက်မှန်းပြီး၊ ဘာသာပြန်ရတာကနေ ဆေးစာဆိုတာတွေ စရေးဖြစ်ခဲ့ပါတယ်။ နားလည်လောက်မယ့် ဆိုတာကို မှန်းဆရတာ ပညာတခုပါ။ ရေးဖန်များရင် အရေးစွမ်းရည်တတ်သူတွေရှိပေမဲ့ အခုလို ဆေးစာမှာ သိပ်သွက်လို့ မကိုက်ဘူး။ လူအများကို ခြုံမိနိုင်အောင် ကြံဆရတယ်။ အလင်္ကာတွေပါရင် ဘာတွေလဲ သိကြမှာ မဟုတ်ပါ။ စကားဖလှယ်ရတာကို အခြေခံ၊ မှန်ယုံနဲ မပြီးပါ။ ဖတ်ရင်လည်း သဘောပေါက်၊ နောက်ပါ မှတ်မိနေမှ။ အသုံးအနှုန်းကလဲ ယဉ်လောက်မှာ ရှာရတော့ တခြားစာတွေကို ရေးရတာထက် တာဝန်ပိုတယ်။ ဖတ်တဲ့သူကို ဆေးကုတာမျိုးလိုဖြစ်နေတော့ ရသမြောက်ရေးထက် ရောဂါသက်သာရေးက ဆေးစာရေးသူရဲ့ ဦးတည်ချက် ဖြစ်ရတယ်။
နေတဲ့နေရာက ကျည်လွတ်နယ်မြေမှာ လွတ်လပ်ပါတယ်။ အထဲမှာတော့ ဆင်ဆာဆိုတာ ဆန်ခါသလိုမဟုတ်ဘဲ၊ ရောဂါရနေတဲ့ ကျောက်ကပ်နဲ့ ပိုတူတယ်။ အသုံးကျမှာတွေကိုပါ စွန့်ထုတ်ပြစ်တော့ ဆင်ဆာလွတ်တာသာ ဖတ်ရသူတွေဟာ တခါတခါ အခွံအကာသာ စားကြရတာမို့ မြန်မာပြည်မှာ စာအာဟာရချို့တဲ့သူတွေ မနည်းပါ။
စာနဲ့ဆေးကုရရင်လဲ ကောင်းမှာဘဲလို့ အကြံရလာပြန်တော့ မေးတာလေးတွေ ပြန်ဖြေဘို့ ရေးရတာ ဖြစ်လာပြန်ရော။ ပညာပေးတွေ အတော်အသင့် ဖတ်ဘူးခဲ့တယ်။ ကျန်းမာရေးပညာပေးမှာ အပေးခံရဘူးသလို ပေးဘူးတာတွေပါရှိတယ်။ ထိရောက်တယ် မထင်တာကများတယ်။ ကျောင်းသားဘဝမှာ သင်ပေးတဲ့စာကို နားမလည်တာ၊ နားမစွဲတာတွေ ရှိဘူးတာချည်း ထင်ပါတယ်။ ကိုယ်ကသင်ပေးရတဲ့ဘဝရောက်တော့ အဲလိုမဖြစ်အောင် ကြိုးစားမှု ပိုကြရပါလိမ့်မယ်။
စာရေးဆရာ၊ ကဗျာဆရာများ ဈာန်ဝင်မှ စာရေးကြတယ်လို့ ဖတ်ဘူးတယ်။ ဆေးပညာစာကို ရေးတော့ အဲလို ဈာန်ရဘို့ မလိုတာဘဲထင်ပါရဲ့ မေးတဲ့သူရှိရင် ရေးထွက်နေရတယ်။ ဒါပေမဲ့ စေ့ဆော်မှုနဲ့ လေ့လာမှု နှစ်ခုရှိရပါတယ်။
ဖန်တီးမှုလို့တော့ မခေါ်ထိုက်ပေမဲ့ စာတပုဒ်ကို တည်ဆောက်ယူရပါတယ်။ ဒီရောဂါ ဒါ့ကြောင့်ပါ၊ ဒါသောက်၊ ဒါရှောင်၊ ဒါဆောင်၊ ၁၊ ၂၊ ၃၊ ၄ ရေးလဲ ဖြစ်တော့ဖြစ်ပါတယ်။ တခါတလေလဲ အဲဒီပုံသေနည်း သုံးရပါတယ်။ ဖုတ်ပူ-မီးတိုက် သိချင်နေသူတွေအတွက် အဲလို ဆေးညွှန်းစာရေးသလိုမှ ကောင်းတယ်။ တကိုယ်လုံး ယားယံနေပါတယ်ဆိုမှ ဆရာဝန်က ခြေဆင်းတွေရှည်၊ ကာရံတွေရှာနေရင် ဝေဒနာတာရှည်နေမှာပေါ့။
စကားပြောတာဖြစ်ဖြစ်၊ စာရေးတာဖြစ်ဖြစ် ပင်ကိုယ်ဟန်တွေ ကိုယ်စီရှိတတ်ကြတယ်။ ကျွန်တော်က မြောက်တာ မမြောက်တာထား၊ ဟာသလေး နှောလိုက်ချင်တယ်။ တချို့က သရော်စာထင်ပြီး သရော်စာမမြောက်ဘူးလို့ ဝေဖန်တာ ခံရဘူးတယ်။ အဓိပ္ပါယ်ဖွင့်တာ သေခြာကြည့်ပါ Satire ဆိုတာ လူတဦးဦး အကြောင်းအရာတခုခုကို ဆဲရေးတိုင်းထွာ၊ ရှုတ်ချတာကို ခေါ်တယ်။ Humor ဆိုတာက ပျော်စေပျက်စေ၊ ကလက်စေသဘောသာ ဖြစ်ပါတယ်။
ဘာကိုရေးရေး ကလောင်နာမည် မသုံးတတ်ပါ။ မိဘနှစ်ပါးပေးတဲ့နာမည်၊ အစိုးရဂေဇတ်ပါ နာမည်အတိုင်း ရေးပါတယ်။ တချိန်ကျရင် ဒါဘယ်သူ့လက်ရာ သိကြမှာပါဘဲ။ ဒီတော့မှ ချီးမွမ်းစရာဆိုထားပါ။ ထောက်စရာ ငေါက်စရာ တွေ့ရင် ဒါ ဘယ်သူ့သားသမီးလဲ၊ ဘယ်ဆရာ့တပည့်လဲဆိုရင် ကိုယ့်အတွက်နဲ့ မိဘတွေ၊ ဆရာတွေပါ ထိခိုက်နေမယ်။ ဘယ်ပါတီကလဲအထိ ပြောတယ်။
တချို့စာရေးဆရာတွေက နုတ်တိုက်ချပြောပေးတာနဲ့ ပုံနှိပ်စာအုပ် ဖြစ်နိုင်ကြတယ်။ တချို့ဆရာတွေက ကိုယ်တိုင် လက်နဲ့ရေး၊ ဒါမှမဟုတ် လက်နှိပ်စက်နဲ့ ရိုက်ကြတယ်။ ခုခေတ်မှာ ကီးဘုတ်ဖြစ်လာသလို၊ အသံဖမ်းစက်နဲ့ ဒစ်တိတ် လုပ်ကြတာလဲ မြင်ဘူးတယ်။ စာတအုပ်ဖြစ်လာအောင် အယ်ဒီတာလို ကြွမ်းကျင်သူတွေက ဝိုင်းကူဖြည့်ဆီးပေးကြတော့ အကောင်းစားတွေ ထွက်လာတော့တယ်။ ဆေးပညာစာတွေက အဲလောက်ကံမကောင်းဘူး။ ကိုယ်ရေးတာ ကိုယ်တိုင် စာရိုက်၊ ပရုဖ်ဖတ်၊ သတ်ပုံပြင်ရပါတယ်။ စာလုံးတိုင်းကို ကိုယ်တိုင် ကီးဘုတ်မှာ ရိုက်ရတာမို့ စာရိုက်ဆရာဝန်သာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment