ရေးထားတာ ၂၀၁၁ ခုနှစ်က။
ဆေးပညာစာလေးတွေ ရေးနေဖြေနေရင်းနဲ့ စာရေးတဲ့အတတ်ပညာ သင်ယူနေရတယ်။ စာမရေးခင် စာသင်ရတယ်၊ စာဖတ်ရတယ်။ သင်ဆရာဆိုတာ (၁ဝ) တန်းအထိ လူတိုင်း တူကြတာများပါတယ်။ ဝိဇ္ဇာရယ် သိပ္ပံရယ် အခွဲခံရသူတွေမှာ မတူတာရှိလာတယ်။ ခုတော့ မပြောတတ်ပါ၊ အရင်ခေတ်က (၁ဝ) တန်းအောင်ပြီး၊ နောက်ထပ် (၂) နှစ်အထိ မြန်မာစာကို သင်ကြရသေးတယ်။ ဆေးကျောင်းတက်နေတာ ဘာလို့ မြန်မာစာက လာသင်ရတာလဲလို့ငေါ့သူတွေ ရှိခဲ့တယ်။ ကျွန်တော်ကတော့ အဲဒီနှစ်အထိ သင်ရလို့သာ အခုလောက်တတ်တာ။
မြင်ဆရာကြားဆရာတွေဆိုတာ အသက်ရလာလေလေ တိုးများလာလေလေပေါ့။ ကျွဲပါးစောင်းတီးဆိုတဲ့ စကားပုံက ရှေးကတည်းကရှိခဲ့တာမို့ အခုခေတ်နဲ့ မဆီလျှော်တော့ဘူးလို့ မပြောထိုက်တာတွေထဲက တခုပါ။ အနားမှာ စာအုပ်တွေ၊ စာအကြောင်း၊ ပေအကြောင်း ဟောသူ၊ ပြောသူတွေ၊ အနမတဂ္ဂ မရေအတွက်နိုင်အောင် များနေပေမဲ့ ကိုယ်နဲ့ မဆိုင်သလို၊ မတူမတန်သလို နေသူတွေလည်း ဖောခြင်းသောခြင်းများတယ်။ အနားမှာမရှိလည်း ယူသော်ရ၏ မဟုတ်ပါလား။
အထက်တန်းစာတွေကို ကောလိပ်ထိသယ်မလာသူတွေ ရှိသလို၊ ကျောင်းသားဘဝက လွတ်ပြီကျွတ်ပြီ၊ ကျောင်းမှာ သင်တာတွေ ကျောင်းမှာသာ ထားခဲ့သူတွေလည်း မနည်းပါ။ ဆေး-စက်မှု ပညာတခုခု အာရုံစိုက် သင်ရသူတွေမှာ မြန်မာစာတို့ သမိုင်းတို့နဲ့ ရှင်ခွဲခွဲလိုက်ကြရသူတွေက များတယ်။ အမြင်မှန်လို့ ပြန်ပေါင်းထုတ်သူတွေလည်း ရှိတာဘဲ။
စာသင်တာမှာ အဲလိုကွာကြသလို စာဖတ်တာမှာလဲ မတူကြပြန်ဘူး။ အကြမ်းပြောရရင် ငယ်တုန်းက ဖတ်ချင်တာ၊ လူပျိုပေါက်-အပျိုရွယ်မှာ စိတ်ဝင်စားတာ၊ အပေါင်းအသင်းကနေ တိုက်တွန်းတာ၊ ဗီဇအထုံအရ အနားက လူတွေနဲ့ မတူ ထူးပြီး၊ ရွေးဖတ်ချင်လာတာတွေဟာ ကြာလေကွဲပြားလာလေ ဖြစ်တယ်။ စာတွေက နယ်ပယ်ကျယ်ပြောလွန်းလှတယ်။ ပင်လယ်ကြီးလို့ တင်စားတာဟာ ကားပြောတာမဟုတ်ပါ။
ကိုယ့်နယ်ကို ကန့်သတ်သူတွေက များမယ်ထင်တယ်။ ဒီလိုင်းကနေ ဟိုလိုင်းမကူးကြဘူး။ အနီလိုင်းသမားတွေက အနီကလွဲရင် အရောင်လို့ မထင်သူက များလွန်းလှတယ်။ ဖတ်တဲ့သူတွေသာ မကပါ။ စာရေးဆရာနာမယ်ပြောတာနဲ့ ဘာလာတော့မယ်ကို မှန်အောင်မှန်းတတ်ကြတာ များတယ်။ ပုံနှိပ်စက်တင်၊ ထုတ်ဝေရောင်းချသူတွေကလဲ လုံးချင်း မဟုတ်ရင် စားသုံးသူကြည့်ပြီး ပစ္စည်းတင်ရောင်းတဲ့ ကုန်စုံဆိုင်လို လုပ်ကြရတယ်။ ထွေးခံလည်းရောင်း၊ ဆေးလည်းရောင်းတာကမှ တော်သေးမယ်။ ငါးမျှားချိတ်နဲ့ သပိတ် တွဲရောင်းတာတော့ ကြည့်ကောင်းပါ။
စာဖတ်သူတိုင်း မဂ္ဂဇင်းကို လှန်ဖြစ်ကြပါတယ်။ မဂ္ဂဇင်းဆိုတာ အင်္ဂလိပ်စကားလုံးကနေ တိုက်ရိုက်ယူထားတာ။ မြန်မာစကားလုံးအစစ်တိုင်းမှာ သူ့အဓိပ္ပါယ်နဲ့သူ ရှိတယ်လို့ မှတ်သားရဘူးတယ်။ သေနပ်ကျည်ကပ်၊ စစ်သင်္ဘောလို ရဲတိုက်လို အဆောက်အဦတွေမှာ ပစ္စည်းသိုလှောင်တဲ့ အခန်း၊ ကင်မရာထဲက ဖလင်ထားတဲ့နေရာ၊ စက်ကြီးတွေမှာ လိုတာထည့်စရာဆိုတဲ့ အဓိပ္ပါယ်ဖွင့်ချက် အမျိုးမျိုးကို လှန်လှော ရှာမနေသူတိုင်းက မဂ္ဂဇင်းဆိုတာ ဝတ္ထု၊ ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ အမျိုးအစားတွေ အစုံပါပြီး ပုံမှန်ထုတ်ဝေတဲ့ စာအုပ်လို့သာ မှတ်ကြမယ်။
မဂ္ဂဇင်းဖတ်ရတာက အမျိုးအစားသာ စုံတာမဟုတ်ဘဲ၊ အနုအရင့်လဲ မတူတာတွေ ရောနှောထားတာမို့ ဘုန်းကြီးဆွမ်းပွဲလို တနပ်ထဲမှာ အမျိုးစုံရောစားရသလို ဖြစ်စေတယ်။ စားပွဲရှေ့ရောက်ကျွေးတဲ့ ဟင်းခွက်တွေကို ကုန်အောင်နှိုက်ကြတာ များတယ်။ အစပ်တည့်တဲ့အခါတော့ မြိန်မှာပေါ့။ တခါတလေ အစာမကျေဖြစ်တာပဲ။ စိတ်တိုသူတွေဆို စားပွဲကို ကန်ပြစ်ချင်ကြတယ်။
စာဖတ်ရင်းနဲ့ ပြောင်းလဲလာတာတွေ သတိထားမိလာတယ်။ အသစ်တွေက ဆန်းလာတာတွေရှိသလို အရင်လောက် သဘောမပေါက်နိုင် ဖြစ်လာတာတွေပါ တွေ့ရတယ်။ သူများကို အပြစ်ရှာတာက မကောင်းပေမဲ့ အတော်လွယ်တယ်။ နမူနာတချို့တော့ ပေးပါရစေ။
၂ဝ၁၁ မေလထုတ်။ ၁၉၃၇ ဒဂုံမဂ္ဂဇင်းပါ သန်းထွန်းကလောင် နာမည်နဲ့ရေးတဲ့ မြန်မာရာဇဝင် လမ်းကွေ့ လမ်းကောက် ကို ပြန်ပြီး ထုတ်ဖေါ်ပေးတာ တန်ဖိုးရှိလှတယ်။ ဒါပေမဲ့ ပဒေသရာဇာ ရေးထန်းတက်သမား အကြောင်း လို့ စာရိုက်ထားတယ်။ ရေးမြို့က ထန်းတက်သမားလို့ ထင်ကြလိမ့်မယ်။ စလေဦးပုည ရေးသော ကဝလ္လိယ တို့အကြောင်း ဆိုတာလည်း ပါသေးတယ်။ အမှန်က ကာကဝလ္လိယသာ ဖြစ်ပါတယ်။ ၂၀၁၁ မတ်လထုတ် မဂ္ဂဇင်းတအုပ်မှာ ဆရာဇော်ဂျီ၏ ပြည်ထောင်စုသမိုင်းပုံပြင်များကိုလည်း ဖတ်ရတယ်။ ကင်းဝန်မင်းကြီးနှင့် သံအဖွဲ့ဝင်များသည် လန်ဒန်တွင် အင်္ဂလိပ် ဧကရီ ဝိတိုရိယ ဘုရင်မင်းကြီးထံသို့ ဝင်၍လို့ စာရိုက်ထားတယ်။ ဝိတိုရိယ ဘုရင်မကြီး သာရှိပါတယ်။ အင်္ဂလန်နိုင်ငံက ယော့ခ်မြို့ကို မြန်မာမှု အဓမ္မပြုလိုက်တာ အက်ဒ်ဝပ်မင်းသား Duke of York ဟာ ယောမြို့စား ဖြစ်သွားတယ်။
ကိုယ်ပိုင် ဘလော့ခ်မှာ ကိုယ့်ဖါသာ ရေးတာမျိုးလို စာပြင်ဆရာ မပါ၊ ဆင်ဆာဗလာမို့ ချွတ်ချော်တာကို နားလည် နိုင်ကြပါတယ်။ ခွင့်လွှတ်ကြပါခင်ဗျာ။
တိုင်းပြည်ထဲမှာ စာအုပ်မှန်သမျှ အဆင့်တွေ အများကြီး ကျော်ဖြတ်ရတယ်။ အရပ်သားပညာရှင်တွေ၊ အယ်ဒီတာတွေ၊ စာပြင်ဆရာတွေ လက်ကနေ ဆန်ခါတင်ပြီးမှ စက်တင်ပုံနှိပ် ထွက်လာရတယ်။ သူတို့ အထက်က အရပ်သားမဟုတ်တဲ့ ဆင်ဆာအဖွဲ့၊ မြန်မာစာအဖွဲ့၊ သမိုင်းအဖွဲ့တွေက ဘာတွေကို ကြည့်ကြ၊ စစ်ကြသလဲမသိပါ။ သတ်ပုံမမှန်တာ၊ အချက်အလက်မှားတာ၊ အကြောင်းအရာလွဲတာ ဘာမှကိစ္စရှိပုံ မရဘူး။
ပညာရှာဆဲလူငယ်တွေကို ကျက်အောင်ချက်မထားတဲ့ ထမင်းဟင်းကျွေးနေကြသလိုပဲ။ ရောဂါတွေမှာ နာတာရှည်က ပိုပြီး ဆေးကုရ ခက်တယ်။ ခေါင်းမကောင်းရင် ကိုယ်လဲမကျန်းမာဘူး။
အခုတော့ ဆင်ဆာမရှိတော့ဘူးတဲ့။ အမှားအလွဲတွေတော့ ဆက်ရှိတယ်။ အဆိုးဆုံးက ပေါ်လစီသတ်ပုံ။ ခေါက်ရိုးသာ မဟုတ်၊ ခါးရိုးကျိုးနေကြသူကများတယ်။ ခါးနာတယ်ဆိုတာ အတော်အကုရခက်တယ်။
Dr. တင့်ဆွေ
Comments
Post a Comment