Skip to main content

တို့စာ တို့စကား တို့တိုင်းပြည် (အဆက်)

မှားနေတာကို ပြင်ရမှာပဲ ပေးစာကိုစာလုံးပေါင်းအမှန်လို့ အထောက်အထားမယူနိုင်ပါဘူး ဒေါက်တာသန်းထွန်းလည်း မှားနိုင်တာပဲ ၁ ကို တ လို့ပဲ‌‌ေရးသလားခင်ဗျ
၁။ ဂဏန်းရေးနည်းစာ ၄ ကြိမ်လောက်တင်ပြထားပါတယ်။ One နဲ့ First ဥပမာပေးထားတယ်။ ဗိုလ်နေဝင်းက ကျပ် ၅၀ တန်နဲ့ ၁၀၀ တန်တွေကို တရားမဝင်သိမ်းလို့ ငွေတွေဆုံးရှုံးကြရတဲ့ မိဘတွေရဲ့ သားသမီးမြေးတွေ ရှိပါတယ်။ တရာကျပ်။ သုညနဲ့ ဝလုံး မတူဘူး။ ယူနီကုဒ်မှာ အတူတူလုပ်ထားတယ်။
၂။ သီချင်း၊ ကဗျာ၊ ကာတွန်း၊ သံချပ်၊ ဆောင်ပုဒ်၊ သတင်းခေါင်းစဉ် စတာတွေမှာ အသံ၊ ကာရန်နဲ့ အားအရ ရေးလေ့ရှိကြောင်း။ အဲဒါအားလုံးဟာ စံကိုက်သတ်ပုံအဖြစ်ယူလို့မရတာ တချို့ ပါနေကြောင်း။
၃။ အရင်ထုတ် ပုံနှိပ်စာအုပ်တွေထဲမှာ နောက်ပိုင်း သန့်စင်ထားတဲ့ သတ်ပုံကျမ်းနဲ့ ကွဲလွဲတာတွေ ရှိခဲ့ကြောင်း။
၄။ သတ်ပုံကျမ်းဆိုတာ ဘယ်စာအုပ်တွေကို ခေါ်သလဲ။ စာရင်းနဲ့ တင်ပြထားပါတယ်။ တအုပ်တည်း မဟုတ်ပါ။
၅။ ဆေးပညာစာတွေက သစ်လေ မှန်လေ၊ မြန်မာစာက (၁၉၈၇-၉၁) နောက်ပိုင်း) သစ်လေ မှားလေ။
၆။ စကားပြောသလို စာရေးနည်းမှာ အားသာချက်တွေရှိသလို မသင့်မှန်တာနည်းနည်းလည်း ပါကြောင်း။ နမူနာတွေ တင်ပြထားတယ်။
၇။ မြန်မာစာမှာ မူကွဲစာလုံးတွေ ရှိတယ်။ မူကွဲဆိုတာ ၂ မျိုးလုံး သုံးနိုင်တာ။ တလုံးတည်းကို တသွေး တသံ တမိန်နဲ့သာ ရေးရမယ်လို့ ညွှန်ကြားတာဟာ ပညာမဆန်။ 'တခု၊ တကောင်၊ တယောက်' ကို စသတ်ခိုင်းတာက မူလွဲ။
၈။ မူရင်းရေးသူက 'တ' လို့ရေးတာကို 'တစ်' လို့ မပြင်အပ်။ မူလစာအုပ်ထဲမှာ 'ပဌမ' လို့ရေးထားတာကို 'ပထမ' လို့ မပြောင်းအပ်ကြောင်း။ လွတ်လပ်ရေးကျောက်တိုင်မှာ ‘သမတ’ လို့ရေးထာပြီး ၂၀၀၈ ဖွဲစည်းပုံမှာ ‘သမ္မတ’ ဖြစ်နေတာကို သတိပြုကြစေချင်တယ်။
၉။ ပြန်ပြင်ထုတ်စာအုပ်တွေကြောင့် မြန်မာစာပျက်စီးစေတယ်။ 
၁၀။ ပညာကိုအားမပေးကတည်းက ပညာရေးသာမက လူတွေရဲ့ တွေးခေါ်စဉ်းစားမှုနဲ့ အမှန်အမှား ဆုံးဖြတ်ရာမှာ လွဲကုန်စေတယ်။
၁၁။ ဝေါဟာရတွေကို နိုင်ငံရေးလုပ်လို့လည်း မြန်မာစာ ပျက်စီးစေတယ်။ 
၁၂။ မြန်မာစာ ဘာ့ကြောင့် မှန်အောင်မရေးကြသနည်းစာတပုဒ် ၂ ကြိမ် တင်ပြပြီးပြီ။
၁၃။ (ထပ်တိုးတာ) အရင်နာမည်ကြီးစာရေးဆရာ ဆရာမတွေ၊ ပညာရှင်တွေ၊ ဆရာတော်တွေ ရေးတိုင်း ၁၀၀% မှန်ချင်မှ မှန်တယ်၊ အဲဒါကြောင့် ငါသာမှန်တယ်လို့ ကောက်ချက်ဆွဲရင် လွဲတယ်။
၁၄။ ကျွန်တော်က မြန်မာစာဆရာမဟုတ်ပါ။ မြန်မာစာ ထောက်ပြသူသာ ဖြစ်ပါတယ်။ မြန်မာစာနဲ့ အင်္ဂလိပ်စာကို ၁၂ တန်း (ဆေးကျောင်း ၂ နှစ်) အထိသာ သင်ယူခဲ့ရတယ်။ စာတော့ ဖတ်ပါတယ်။ 
၁၅။ မြန်မာစာအမှားတွေကို ထောက်ပြနေတာ ၉ နှစ်ထဲရောက်လာပြီ။ ရေးစ ၇ နှစ်လောက်အထိ ပိုမှန်လာတာတာ မရှိခဲ့ပါ။ အဆဲခံရတယ်။ ဆရာဝန်က မြန်မာစာရေးရကောင်းလားလို့ ဘလော့ရတဲ့ထိ ကြမ်းကြမ်းတမ်းတမ်းရေးသူ ၁၀ ယောက်နီးပါးရှိပြီ။ 
၁၆။ ကနေ့အခြေအနေကတော့ ရသလို့ ခေါင်းစဉ်တပ်သူတွေက ပိုမှားကြတယ်။ ကင်ဆာမေးခွန်းနဲ့ ဆတူ မှားနေကြတာ။ တရားစာလည်း အတော်ကို မှားရေးနေကြတယ်။ အခုတော့ တနေ့တခြား မှန်အောင်ရေးသားသူ အရေအတွက် တိုးလာနေတယ်။ ကျွန်တော်တဦးတည်းကြောင့် မဟုတ်ပါ။ မြန်မာစာကို လေးစား ချစ်မြတ်နိုးသူတွေရှိတယ်။ သတ်ပုံမှန် နမူနာပုံတွေ ပို့ပေးလာကြတယ်။ ကျွန်တော်ရေးတာ မှားနေရင်လည်း ယဉ်ယဉ်ကျေးကျေး ပြင်ပေးသူ ၂-၃ ယောက်ထိ ရှိလာတယ်။ ၅၀၀၀ ထဲမှာ ၂-၃ ယောက်ပါတာ အားရှိစရာ။ မြန်မာစာနေကောင်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ