စာဖတ်တာ ကောင်းတယ်။ အားပေးတယ်။
ဒါပေမဲ့ -
လူတွေရဲ့ စိတ်ပါဝင်စားမှု မတူကြပါ။ လူတယောက်တည်းမှာ အသက်အရွယ်အရ စာအုပ်ရွေးချယ်မှု မတူပါ။ အခြေအနေအချိန်အခါအရလည်း စာအုပ်ရွေးကြလေ့ရှိပါတယ်။ အဲဒါကြောင့် စာအုပ်စာရင်းဆိုတာ ဘယ်သူ့လက်ဝါးပြပြ ပေးလေ့ရှိတဲ့ လျက်ဆားလို တမျိုးတည်းနဲ့ မသင့်မှန်ပါ။
နမူနာတခု -
ကျွန်တော် ငယ်စဉ်က စာအုပ် မျိုးစုံဖတ်တယ်။ ဘားမာစတားနဲ့ မောဒန်ကာတွန်းက စတယ်။ ကလေး၊ လူငယ်ဂျာနယ်တွေ ဖတ်တယ်။ အိမ်မှာ အကိုကြီးက စာအုပ်စုဝါသနာပါတော့ စာအုပ်အစုံဖတ်ရတယ်။ ဝတ္ထုတွေနဲ့အတူ လက္ခဏာစာအုပ်လည်းပါသေးတယ်။
ရန်ကုန်မှာရှိတဲ့ သံရုံးပေါင်းစုံက စာအုပ်တွေ မှာဖတ်တယ်။ တံဆိပ်ခေါင်း ၁၅ ပြားကုန်ရင်မှာလို့ရတယ်။ လက်ဝဲလက်ယာခေတ်က။ အဖြူအနီမရွေးပါ။
နောက်တော့ ဘာသာပြန်စာအုပ်တွေ၊ စုံထောက်ဝတ္ထုတွေနဲ့ ချစ်ကြိုက်ကွဲညားတွေ များတယ်။ ဥစ္စာစောင့်တို့ သူရဲတို့လည်း နည်းနည်း ဖတ်သေးတာ။ ကဗျာ အဖတ်နည်းခဲ့တယ်။
ဆေးကျောင်းရောက်တော့ အရွယ်အရ စာအုပ်ရွေးဖတ်လာပြီ။ ပြန်စဉ်းစားပြီး ချရေးရင် ရပေမဲ့ စာရှည်သွားမယ်။
အခု -
အိပ်ရာဘေး ခေါင်းရင်းမှာ ဘာသာရေးစာအုပ် တမျိုးတမျိုးတော့ ရှိတယ်။ ကွန်ပြူတာစားပွဲ ဘေးပတ်လည်မှာ စာအုပ်တွေ မျိုးစုံတယ်။ မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာ။ အကိုးအကားအတွက် ထားပါတယ်။ အဘိဓာန်တွေနဲ့ သတ်ပုံကျမ်းတွေက ထိုင်နေတဲ့ နေရာနဲ့ လက်တကမ်းမှာ။
ဘာစာအုပ်တွေ ဖတ်သလဲ။ ကျွန်တော်ကတော့ သတ်ပုံမှန်တဲ့စာအုပ်တွေကိုသာ ဖတ်ပါတယ်။
လူကြီးမင်းတို့လည်း ကိုယ်တိုင်သာ ရွေးဖတ်ပါလေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment