၁။ စစ်ကိုင်းက ကိုယ့်တိုင်းဖြစ်လို့ စိတ်ဝင်စားတယ်။
၂။ ‘ဒေသကြီး’ ဆိုတဲ့ လျှာရှည်တာ မပါလို့ သဘောတူတယ်။
ကျွန်တော်က စစ်ကိုင်းတိုင်း၊ အောက်ချင်းတွင်းခရိုင် (ယခင်အခေါ်)၊ ပုလဲမြို့နယ်က ရွာလေးတရွာမှာ မွေးပြီး မုံရွာမှာ နေထိုင်ခဲ့သူဖြစ်တယ်။ ဆရာဝန်အလုပ်ကို မုံရွာ၊ မြို့သာ (အဲဒီတုန်းက စစ်ကိုင်းတိုင်းထဲမှာ)၊ စစ်ကိုင်းနဲ့ ပုလဲဆေးရုံတွေမှာ တာဝန်ကျခဲ့တယ်။ ၁၉၉၀ ကျတော့လည်း ပုလဲကနေ အရွေးခံခဲ့သေးတယ်။
‘ဖိုရမ်’ စာလုံးအပြင်၊ ‘ဖက်ဒရယ်ယူနစ်’ လည်း တွေ့ပါတယ်။ အဲလိုညှိနှိုင်းကြ၊ ဆွေးနွေးကြတာတွေ ကောင်းပါတယ်။ ဒါပေမဲ့ မတူတာတွေရှိတိုင်းတော့ ရန်မဖြစ်ကြနဲ့။ ၂၄ နှစ်တာအတွေ့အကြုံတွေအရ တင်ပြတာ။
နောက်ပြီး ခုကာလက ကျွန်တော်တို့ လုပ်ခဲ့စဉ်ကနဲ့ အတော်ကို မတူပါ။ အရင်ကဆိုရင် ညီလာခံတွေ၊ အစည်းအဝေးတွေမှာ ခမ်းမထဲမှာ ညှိမရသေးတာကို နေ့လယ်စာ၊ ညစာစားချိန်မှာ ရင်းရင်းနှီးနှီး ပြောကြရပါတယ်။ ရတဲ့အခါ ရတယ်။
အခုလုပ်နေကြရသူတွေက ‘ဇူးမ်’ ပိတ်ပြီး အ်ိပ်ကြရတော့တယ်။ လူချင်းက တကြိမ်တခါမှ မတွေ့ဘူး မမြင်ဘူးတွေလည်း ပါနေနိုင်တော့ တဦးသဘောတဦး နားလည်ယူရတာ ပိုခက်တယ်။
စိတ်ရှည်ခြင်း၊ အမြင်ကျယ်ခြင်းတွေကို ထားနိုင်တာ၊ ထားနေကြတာထက် ပိုပြီးထားပေးကြစေလိုပါတယ်။
ရန်သူက ခြေဝင်ရှုတ်တာကိုလည်း တစက်ကလေးမှ သတိမလွတ်ကြစေချင်ပါ။
တခြားတခြား ‘ဖိုရမ်’ တွေကိုပါ ဆိုလိုပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment