Skip to main content

“သူနှင့်ကျွန်တော်”


မ‌မြှော်မလင့်

သူနှင့်ကျွန်တော် ၊ခွဲရသော်လည်း

ကျွန်တော်ထားရာ၊ ချစ်မေတ္တာသည်

ပမာသူ၏ အရိပ်သို့။

သူထားခဲ့ရာ၊ ချစ်မေတ္တာလည်း

ပမာကျွန်တော့် အရိပ်သို့။

သူဖွင့်ပေး၍

မှေးမှေးမှုန်ရီ၊ မျက်လုံးသည်လည်း

ကြည်လင်တောက်ပ၊ မြင်ခဲ့ရပြီ

လောကတခွင်၊ ပတ်ဝန်းကျင်မှ

သစ်ပင်စိမ်းစို၊ တောကို၎င်း။

ကြယ်ပေါင်းပွင့်ရာ၊ အာကာကို၎င်း။

သောင်းပြောင်းပြောကျယ်၊ ပင်လယ်ကို၎င်း။

သူဖွင့်ပေး၍

ရောထွေးမကြည်၊ နားတို့သည်လည်း

ကြည်လင်ပီသ၊ ကြားခဲ့ရပြီ

လောကတခွင်၊ ပတ်ဝန်းကျင်ရှိ

သစ်ပင်မြင့်ထက်၊ ကိုင်းအခက်က

သစ်ရွက်လေလှန်၊ လှုပ်သံကို၎င်း။ 

နွဲ့ပျောင်းဆိုဟန်၊ ရေသံကို၎င်း။

ငြိမ့်ညောင်း ခွန်းဆက်၊ လည်ချင်းရှက်သည့် 

ကျေးငှက်မောင်နှံ၊ မြူးသံကို၎င်း။

သူဖွင့်ပေး၍

လေးတွဲ့ မပီ၊ ကျွန့်နှုတ်သည်လည်း 

ပီပီသသ၊ ပြောဆိုရပြီ 

လောကတခွင်၊ ပတ်ဝန်းကျင်၌ 

ကျင်လည်သွားလာ၊ လူတကာနှင့် 

သူငါကြားလို၊ စကားကို၎င်း။ 

နွဲ့ပျောင်းသံချို၊ တရားကို၎င်း။ 

ငြိမ့်ညောင်းလွှင့်ပျံ၊ တေးသံ၎င်း။ 

သူဖွင့်သွားသည့်

နှုတ် နား မျက်စိ၊ ကျွန့်တွင်ရှိလည်း 

ဖွင့်သည့်နှုတ်ဖြင့်၊ စကားသင့်အောင် 

နိမ့်မြင့်ရပ်ခွင်၊ ပတ်ဝန်းကျင်တွင် 

အဆင်ပြေစွာ၊ပြောနိုင်ပါလည်း

ခွဲခွာသွားသူ၊ ချစ်သောသူနှင့် 

ခွန်းကြူ မပြော နိုင်ပါတကား။

ဖွင့်သည့်နားဖြင့်

နီးပါးရပ်ခွင်၊ ပတ်ဝန်းကျင်မှ

စုံလင်စကား၊ ကျွန်တော်ကြားလည်း

နှုတ်ဖျားချိုသာ၊ သူ့သံဝါကို

ထပ်ကာမကြား နိုင်ပါတကား။

ဖွင့်မျက်လုံးဖြင့်

မဆုံးရပ်ခွင်၊ ပတ်ဝန်းကျင်မှ 

သစ်ပင်ပန်းမာလ်၊တွေ့ရပြန်လည်း 

ပြုံးဟန်ရွှင်ပျ၊ သူ့ အလှကို 

ခဏမမြင် နိုင်ပါတကား။

တက္ကသိုလ်-မင်းမော်

ငွေတာရီမဂ္ဂဇင်း (၁၉၆၃ ဖေဖော်ဝါရီလ)

Listener's Heaven Audiobooks - အသံစာအုပ် 

တက္ကသိုလ် မင်းမော်သည် လောကတခွင်ကို လောကတခွင်လို့သာ မှန်အောင်ရေးပါသည်။


ဒေါက်တာတင့်ဆွေ


နှစ်ဆန်းတရက်


အရှေ့ဘက်ဆီ၊ လင်းရောင်ခြည်လျှင်

နှင်းဆီ ပျိုမ၊ ရှက်ရွံ့လှ၍

ပွင့်ရလိမ့်လား၊ ငုံရံ့လားဟု

ဝေဝါးရစ်နှောင်၊ ဖြစ်သယောင်လျှင်

တိမ်တောင်ပြာညို၊ ပန်းသွေးစိုသည်

လေချိုမြနှင်း တသင်းသင်း။ ။

လင်းအရုဏ်အောက်၊ ရွှေရည်သောက်သည့်

ပိတောက်မယ်လျ၊ ငယ်နုစွလည်း

လောကသဘော၊ စော‌ကြောဝေဖန်

သိလိုဟန်ဖြင့် 

ဝတ်ဆံငုံမှည့်၊ ခေါင်းပြူကြည့်သည်

ခြယ်သည့်ရွှေဆင်း တဝင်းဝင်း။ ။

"ဖူးလော့အရုဏ်၊ အို… အရုဏ်" ဟု

"ထုံလော့ ပိတောက်၊ အို ... ပိတောက်” ဟု

မိုးသောက်လေစ၊ ခွန်း‌ခြွေဟလျက်

မြငှက်ညိုညို၊ ဥဩပျိုလည်း

နွေကိုမြတ်နိုး၊ တေးသစ်ပျိုးသည်

ရိုးပြတ်လယ်ကွင်း မြိုင်အတွင်း။ ။

နှစ်ဆန်းတရက်၊ နွေမနက်တည့်

ခန်းစက်ရာဆီ၊ လေပြေသီ၍

ချိုကြည်ဆေးလေး၊ နွေဦးတေးက

လူလေးထဘိ၊ ထပါဘိဟု

နိုးသည့်ခဏ၊ အိပ်နိုးထ၏

သို့ထမိစဉ်၊ ဘုရားစင်ဝယ်

စိတ်စဉ်ညွှတ်နူး၊ ကြည်ရွှင်မြူးအောင်

ငုံဖူးစို့ညှောက်၊ ရွှေပိတောက်ကို

ကြိုင်လှောက်ထုံဝေ၊ မြင်ရချေသည်

မွေးမေ ပူဇော်ခဲ့ပြီကို...။ ။

မွှေးမေ့ ကောင်းမှု၊ အကျွန်ရှယင်း

ညံ့နု သဒ္ဓါ၊ ဖြူစင်စွာဖြင့်

နှုတ်လွှာဖူးသစ်၊ ဆုခြွေဖြစ်သည်

နှစ်သစ်အခါ၊ မင်္ဂလာဝယ်

သူငါပျော်ရွှင်၊ တာသဘင်၌

ပါဝင်နိုင်ကြ ပါစေသောဝ်။ ။

နှစ်သစ်အခါ၊ မင်္ဂလာဝယ်

သူငါနိုးထ၊ ကြိုးပေကြ၍

မြန်မာ့လူ့ဘောင်၊ တို့လူ့ဘောင်လျှင်

အောင်တိတ်အောင်ဟိတ်၊ အောင်နိမိတ်ဖြင့်

အောင်ရိပ်ဓွန့်ရှည် ပါစေသောဝ်။ ။ (မြင်းမူ မောင်နိုင်မိုး)

ရှေးစာကဗျာများ

မြင်းမူ မောင်နိုင်မိုးသည် နှစ်ဆန်းတရက်ကို နှစ်ဆန်းတရက်လို့သာ မှန်အောင်ရေးပါသည်။

ဒေါက်တာတင့်ဆွေ

Comments