Skip to main content

'နေဝင်မြင်သည် ဝရွှေပြည်' ရတု

နတ်တော်ဆန်း၍၊ ထွန်းလျှံရောင်ဝါ

သူရိယာလျှင်၊ အဝါ မမူ၊ အဖြူ အနီ

စုံစီခြယ်လွင်၊ ပြင်ထပ်တင်၍

နေဝင်မြင်သည်၊ ဝရွှေပြည်ကား

ဆည်းရည် ပတ်ချုပ်၊ မှိုင်းအုပ်ပျပျ

ပုညတောင်ဆီ၊ ရီလျက် မလင်း

မဝင်းအုံ့မှိုင်း၊ စစ်ကိုင်းတဖက်

သန်လျှက်ပေါ်ထွန်း၊ ကျွန်းမျာ့း တံခွန်

နန်းဗိမာန်သည်။   ။ လေသွန်ဖြည်းလှည့်လိမ့်တကား။

သုံးထောင်သင်္ချာ၊ ဟေမာဝန္တ

တောရပ်ကသည်၊ ပုညထွတ်တင်

ဘုရားရှင်တောင်၊ ယဉ်မြောင်မဝေး

စိမ့်အေး ညင်းညင်း၊ ဆောင်းသက်နှင်းနှင့်

ပင်းကြသောထွေ၊ ဧသန်လေလည်း

စုံခြေဆိုင်းဆိုင်း၊ စစ်ကိုင်း ဥယျာဉ်

ချိုချဉ် ပင်စုံ၊ ပန်းမျိုးပုံသည်

ပွင့်ထုံကြိုင်မြူး၊ ဖက်ဆွတ်ဦးကို

သုတ်ဖြူး ဆော်သွေး၊ ဖြည်းဖြည်းပြေးလျက်

အေးအေး အလွှံ့၊ နှလုံးပျံ့သည်။   ။ ရနံ့ချည်း

လှည့်လိမ့်တကား။

ကျောက်တိခံ၍၊ မင်းဝံချက်မ

ဒေသမင်္ဂလာ၊ သာသနာ ထွန်းစည်

ပြည်၏တံခွန်၊ နန်းဗိမာန်၌

ဆင်းကြန်နိကာယ်၊ ကြီး ငယ် ရွယ်လတ်

ဆင်မှတ် ထွေပြား၊ ဝတ်စား နတ်နှိုင်း

သင်တိုင်း ရွှေပြောက်၊ စိန်ကျောက်လည်မာ

သူဇာ ယိုးဖွယ်၊ ပျိုရွယ် ရုပ်သွင်

နဖူးပြင်ဝယ်၊ ရည်ရှင်ဇောတ

တပ်ကြငြိရွှန်း၊ မှန် စက်ဝန်းနှင့် 

ရွှေပန်းရွှေဖြီး၊ ညီးရရီးတည့်

မဏိကိုးပါး၊ ဦးကြား ကြယ်ပြောင်

ခရုချောင်နှင့်၊ ရွှေတောင်ထက်တွင်

နတ်သဘင်သို့။   ။ မွမ်းဖြင်ပည်းလှည့်လိမ့်တကား။

ဦးချမ်းမြ။ (၁၉၆၁)။ ကဗျာယဉ် စာယဉ် လက်ရွေးစင်။ မန္တလေး၊ လှခင်အင်ဆန်း စာပုံနှိပ်တိုက်။ စာမျက်နှာ ၃၇-၃၈ မှ ကူးယူဖော်ပြပါသည်။

ရှင်ထွေးနားသိမ်ဟာ မြန်မာသက္ကရာဇ် ၈၂၅ နဲ့ ၈၇၅ ကြား (ခရစ်နှစ် ၁၄၆၃ နဲ့ ၁၅၁၄ ကြား) ပေါ်ခဲ့တဲ့ စာဆိုတစ်ဦး(တဦး)ခန့်မှန်းထားကြပါတယ်။ အင်းဝ ရွှေနန်းကြော့ရှင် ဘုရင် နရပတိလက်ထက် သက္ကရာဇ် ၈၆၃ ခုနှစ်၊ နတ်တော်လထဲမှာ နန်းတွင်းရေးကြောင့် ရှင်ထွေးနားသိမ်တို့ အင်းဝကနေ တောင်ငူကို ပြေးဝင်ခိုလှုံခဲ့ကြရတယ်လို့ မှတ်တမ်းဖော်ပြကြပါတယ်။ ခု ဖော်ပြထားတဲ့ ရတုကို စာဆို အင်းဝကနေ ထွက်လာခဲ့ပြီး တောင်ငူရောက်မှ စပ်ဆိုတယ်လို့ ကောက်ချက်ချကြပါတယ်။ ရှင်ထွေးနားသိမ် ကွယ်လွန်တဲ့အချိန် တောင်ငူ မြို့တည်မင်း မင်းကြီးညို ကိုယ်တော်တိုင် လာရောက် ကြည့်ရှုတော်မူရာမှာ ဒီရတုကို ရှင်ထွေးနားသိမ်ရဲ့ခေါင်းအုံးအောက်ကနေ ရတယ်လို့ မှတ်တမ်းတွေ့ရပါတယ်။ (riend Bookshop)

'ဦးချမ်းမြ'

မန္တလေး တက္ကသိုလ် မြန်မာစာဌာန ကထိက (၁၉၅၁)၊ ၁၉၅၈ တွင် မန္တလေး တက္ကသိုလ် မြန်စာဌာန ပါမောက္ခ ဖြစ်ခဲ့ပြီး ၁၉၇၃ တွင် အငြိမ်းစား ယူခဲ့သည်။ ၉၃ဝ ပြည့်လွန် နှစ်များ ကတည်းက 'မြကေတု' ကလောင် အမည်ဖြင့် ကဗျာ၊ ဆောင်းပါးများ စတင်ရေးခဲ့သည်။ တောင်ငူရာဇဝင် အကျဉ်းချုပ်နှင့် ဘုရားသမိုင်း (၁၉၆၂)၊ ယုဇနမာလာကဗျာများ (၁၉၆၅)၊ နန်းဓလေ့ မှတ်တမ်း (၁၉၆၆)၊ စာပေတန်ဆောင် (၁၉၆၇)၊ အချုပ်တန်း ဆရာဖေ (၁၉၇၇)၊ သီလရှင်ထိပ်သား (၁၉၇၉)၊ နတ်ရှင်နောင် ဘဝနှင့် ပတ်ဝန်းကျင် (၁၉၈၅)၊ တက္ကသိုလ် စာပေတန်ဆောင် (၁၉၉၄)၊ နှောင်းခေတ် တက္ကသိုလ် မှတ်တမ်းများ (၁၉၉၅) စသည် တို့ကို ရေးသားခဲ့သည်။

'ဦးချမ်းမြ' အမည်ရင်းဖြင့် မြန်မာနိုင်ငံ သုတေသနအသင်း အတွက် နတ်ရှင်နောင် ရတုများ (၁၉၄ဝ)၊ ဦးယာ၏ ဆယ့်နှစ် ရာသီ လူးတား (၁၉၄၁)၊ ကဗျာယဉ် စာယဉ် လက်ရွေးစင် (၁၉၅၈ - ၁၉၆၁) စာအုပ်များကို တည်းဖြတ် ပြုစုခဲ့သည်။ ကလောင် အမည်ခွဲ တခုမှာ 'ယုဇန' ဖြစ်၏။ ၁၉၈၁ တွင် နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ရရှိခဲ့သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ