Skip to main content

"ဗိုလ်ချုပ်အိမ်သို့ ဆွမ်းစားကြွခဲ့သော သျှင်ဥက္ကဋ္ဌ နှင့် လူသေလူဖြစ်စာအုပ် ပေါ်လာရခြင်း အကြောင်း"







အကျိုးသည် အကြောင်းက ဖြစ်ပေါ်လာရ၏။ မည်သည့် အမှုကိစ္စ၊ မည်သည့် အရာဝတ္ထုမျိုးမဆို အကြောင်းမရှိဘဲ ဖြစ်ပေါ်မလာနိုင်။ ဤသည်မှာ နိယာမ တရားဖြစ်ပေ၏။ ထိုနိယာမ တရားတိုင်းပင် ကျွန်တော်တို့သည် တောင်တွင်းဆရာတော် သျှင်ဥက္ကဋ္ဌ၏ အဖြစ်ကို ဆင်ခြင်ကြည့်မိ၏။ ဆရာတော်သည် “လူသေလူဖြစ်” စာအုပ်ကိုရေးခဲ့၏။ ဤသို့လူသေ လူဖြစ် စာအုပ် ကိုရေးခြင်းသည်အကြောင်းတရားပင် ဖြစ်လေ၏။ ဤအကြောင်းတရားကြောင့်ပင် ဆရာတော်မှာ အကျဉ်းထောင်တွင်လည်း ကျောင်းအမှတ်ဖြင့် သီတင်း သုံးခဲ့ရလေပြီ။ တရားရုံးမှ ပင့်ဘိတ်ခြင်းများကိုလည်း ခံခဲ့ရလေပြီ။ ပြီးတော့ ဟိုမှသည် မှ ဂ ယက်လှိုင်းထ, သလို ပကာသနိယကံဖြင့် ချီးမြှောက်ကြခြင်းကိုလည်း ခံခဲ့ရလေပြီ။

ကန်တော့ဆွမ်းနှင့် ခဲမိုး

ထို့အပြင် ယခုတိုင်လည်း အချို့ဒေသများက ဆရာတော်ကြွလာမည်ဆိုလျှင် အင်တိုက်အားတိုက် ကြိုတင်၍ ကန်တော့ ဆွမ်းလောင်းကြသည်။ ဆရာတော်၏ တရားပွဲများကိုလည်း အချို့ဒေသမှ အရှင်သူမြတ်တို့က ကြီးစွာသော မေတ္တာ အာနုဘော်တို့ဖြင့် ခဲမိုးဖြိုင်ဖြိုင်သွန်းကြသည်။ ဤသည် တို့မှာ လူသေလူဖြစ်၏ အကျိုးတရားများပေတည်း။

ရေးရသည့် အကြောင်းရင်း

အမှန်တော့ ဆရာတော် သျှင်ဥက္ကဋ္ဌအနေနှင့် အဘယ့်ကြောင့် “ လူသေလူဖြစ် ”စာအုပ်ကို ရေးရသည် ဆိုသည့်အကြောင်း ရင်း တခုရှိရပေဦးမည်။ ဤသို့ အကြောင်းရင်း တခုရှိ၍သာလျှင် ဆရာတော်သည် လူသေလူဖြစ် စာအုပ်ကို ရေးခဲ့ခြင်း ဖြစ်ရမည် မဟုတ် ပါလော။ ထိုအကြောင်းရင်း တခုရှိရဦးမည် ဆိုသည်ကို မူလက သတိမမူမိခဲ့ကြ။ ထည့်သွင်း၍လည်း မစဉ်းစားမိခဲ့ကြ။ ဤလိုနှင့်သာ ကျွန်တော်တို့သည် လူသေလူဖြစ် လှုပ်ရှားမှု ပြဿနာထဲတွင် သူလိုကိုယ်လိုပင်ရော၍ ပါနေခဲ့ကြရလေသည်။

ကျွန်တော်သည် ဆရာကြီးဒဂုန်ဦးလှဖေနှင့်လည်း ပုဂ္ဂိုလ်အရ ဆရာတပည့်လို ရင်းနှီးနေသည်လည်း တကြောင်း။ ပြီးတော့ ဆရာတော် ကြွလာသည်ဟု ကြားရသည်လည်း တကြောင်းကြောင့် တညနေဖက်တွင် ရောက်သွားခဲ့လေသည်။ ထိုအချိန်၌ ဆရာတော်သည် အသားဖြူဖြူ ခပ်ဝဝနှင့် ကော်ကိုင်းမျက်မှန် တပ်ထားသော သတ်လတ်ပိုင်း ကျော်ကျော်လောက်ရှိ လူတယောက်အား “လူသေလူဖြစ် ” အကြောင်းရပ်များနှင့် ပတ်သက်၍ ရှင်းလင်း မိန့်ကြားလျက် ရှိနေ၏။ ထို့ကြောင့် ကျွန်တော်လည်း တိတ်ဆိတ် ငြိမ်သက်စွာ နားထောင်နေမိသည်။

ဆရာတော်သည် အထောက်အထား အချက်အလက်များခိုင်လုံလောက်စွာဖြင့် အတော်ကြာအောင် ရှင်းလင်းမိန့်ကြားပြီး နောက် “အင်း …. ဒီလူသေ - လူဖြစ်စာအုပ်ကို ဘာ့ကြောင့် ရေးရတယ်ဆိုတဲ့ ရာဇဝင်ကို ပြောပြရင် မင်းတို့ တော်တော် စိတ်ဝင်စား ကြလိမ့်မယ်ထင်တယ်” ဟု မိန့်တော်မူလိုက်၏။ထို့ကြောင့် ကျွန်တော်က “မှန်ပါ- အမိန့်ရှိပါအုံးဘုရား” ဟု လျှောက်လိုက်ရာ၊ ဆရာတော်က အောက်ပါ နောက်ကြောင်း ရာဇဝင်ကလေးကို မိန့်ကြားတော် မူလိုက်ပါတော့သည်။

ဆွမ်းစားရင်း

ဆရာတော်သည် ၁၉၄၇ - ခုနှစ် ဂျွန်လ ထဲလောက်က ရန်ကုန်သို့ရောက်နေကာ ဗဟန်းဖက်မှ ပြဿဒ်ကျောင်းတွင် ခေတ္တ သီတင်းသုံး၍ နေခဲ့၏။ ထိုအချိန်တွင် ကျွန်တော်တို့၏အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဆရာတော်အား တာဝါလိန်းလမ်းရှိ သူ၏ နေအိမ်သို့ပင့်၍ ဆွမ်းကျွေးခဲ့လေသည်။ ဆရာတော် ဆွမ်းဘုန်း ပေးပြီးနောက် ဗိုလ်ချုပ်နှင့် အလ္လာပ သလ္လာပစကားများ နှီးနှောကြလေသည်။

ဗိုလ်ချုပ်၏ ရဲသွေးရဲမာန်

ဤသို့နှီးနှောကြရာတွင် ဗိုလ်ချုပ်က ဆစ်လူမျိုးဟု ခေါ်သော ပန်ချာပီ လူမျိုးများမှာ တိုက်ပွဲ၌ ကျည်ဆံနောက်ကျောက မှန်ပြီးသေရလျှင် ငရဲသို့လားသည်။ ရှေ့တည့်တည့်မှ ရင်ညွှန့်ကို မှန်ပြီးသေရမှ နတ်ပြည်သို့ ရောက်သည်ဟု အယူရှိကြ ကြောင်း။ ဂျပန်လူမျိုးများမှာလည်း ထိုနည်းအတိုင်းပင် တိုက်ပွဲ၌ ကျဆုံးလျှင် အသေမြတ်သည် နတ်ပြည်သို့ ရောက်သည် ဟုအယူရှိ ကြကြောင်း၊ ထို့ကြောင့် တိုက်ရဲ သေရဲ ကြကြောင်း ဤသို့ ယုံကြည်အောင် အယူ ရှိအောင်လည်း ယင်းတို့၏ စာပေများ အဘိဓမ္မာများက အကြောင်း ယုတ္တိ ခိုင်ခိုင်လုံလုံနှင့် ရေးသားပြီး ရဲစိတ် ရဲမာန်များ သွင်းပေးထားကြကြောင်း လျှောက်ထားလေ၏။

တမျိုးသားလုံးအတွက်

ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းက အလားတူပင် ဗမာတပ်မတော်သားများနှင့် ဗမာတမျိုးသားလုံး အတွက်လည်း မိမိတို့ တိုင်းပြည်နှင့် လူမျိုးအတွေက် တိုက်ပွဲဝင်ကြသည့် အခါတွင် တိုက်ရဲ သေရဲ အသက်စွန့်ရဲအောင် မကြောက်တရားသွင်း ပေးသည့် စာပေနှင့် အဘိဓမ္မာများအထူးပင် လိုအပ်နေကြောင်း၊ ထို့ကြောင့် ထိုစာပေမျိုး အဘိဓမ္မာမျိုးကို ဆရာတော် အနေနှင့် ရေးသားပြုစုပေးနိုင်မည်ဆိုလျှင် အလွန်တန်ဘိုး ရှိမည် ဖြစ်ကြောင်း ဆက်လက် လျှောက်ထားသည်ဟု ဆိုပါသည်။

လူသေလူဖြစ် စာအုပ်နိဒါန်း စပြီ

ထိုအခါတွင် ဆရာတော်က ရုတ်တရက်ပြန်၍ “လူသေ လူဖြစ် - လူဖြစ် လူသေ - တိုက် ကြ ဟေ” ဟု ရွတ်ဆို ပြလိုက်ရာ ဗိုလ်ချုပ်က အတော် သဘောကျ၍ သွားလေသည်။ ဆရာတော်ကလည်း ဆက်လက်၍ လူသေလျှင် လူပြန်ဖြစ်နိုင်သည့် အကြောင်းကို “ဥပါဒါနပစ္စယာ ဘဝေါ” ဆိုသည့် အပိုဒ်ဖြင့် ဥပါဒါန်ကြောင့် ဘဝ ဖြစ်ရပုံများကို အကျယ်တဝင့် ရှင်းပြရာ ဗိုလ်ချုပ်က များစွာနှစ်သက် လိုလားသွားသဖြင့် ဆရာတော်အား ရန်ကုန်တွင် ဝါဆို၍ ထိုသဘောတရားကို ကျမ်းတစောင်အဖြစ် အပြီးရေးပေးပါရန် လျှောက်ထားတော့၏။ သို့သော် ဆရာတော်ကမူ ရန်ကုန်မှာတော့ ဝါမဆိုလိုကြောင်း၊ တောင် တွင်းသို့သာ ပြန်၍ ဝါဆိုကာ ကျမ်းကို တဝါတွင်းနှင့် အပြီးရေးပေးမည် ဖြစ်ကြောင်း ပြန်လည် မိန့်ကြားခဲ့လေ၏။

ရေးဆဲတွင်

ပြီးနောက် ဆရာတော်လည်း ဂျွန်လကုန်လောက်တွင် တောင်တွင်းသို့ ဝါဆိုမှီ ပြန်ကြွသွားခဲ့သည်။ တောင်တွင်းသို့ ပြန် ရောက် သည့် အချိန်မှ စ၍လည်း ဆရာတော်သည့် ဗိုလ်ချုပ်အလိုရှိနေသော “လူသေ လူဖြစ်” ကျမ်းကို စတင်ရေးသား လေတော့သည်။ သို့သော် မြှော်လင့် သလိုကားမဖြစ်ခဲ့၊ မမြှော်လင့် သလိုသာ ဖြစ်ခဲ့ရလေသည်။ အကြောင်းကတော့ ဂျူလိုင်လ ( ၁၉ ) ရက် နေ့သို့၇ောက်သော အခါ၌ မသမာသူတို့က ဗိုလ့်ချုပ်တို့အား လုပ်ကြံလိုက်ကြသောကြောင့်ပေတည်း။

နှစ်ပေါင်းကြာလေမှ

ထို့ကြောင့် ဆရာတော်မှာ များစွာ စိတ်ထိခိုက် သွားခဲ့၏။ နိုင်ငံ၏ နောင်ရေး အတွက်တွေး၍ ရင်မအေး နိုင်အောင်ဖြစ်သွား ခဲ့၏။ ရေးလက်စဖြစ်နေသော လူသေလူဖြစ် ကျမ်းကိုပင် ဆက်လက် ရေးလိုစိတ်မရှိတော့၊ ဆရာတော်၏ လက်သည် အင်အားများ ကုန်ခမ်းသွားသလို ဖြစ်ခဲ့ရလေသည်။ ကလောင်ကိုပင် ဆက်လက် မနှင်နိုင်တော့။ နောက်မှ တဖြေးဖြေး တရားနှင့် ဖြ ကာပြန်ဆက်ခဲ့ရသည်။ ထို့ကြောင့် မူလက တဝါတွင်းနှင့် အပြီးရေးမည်ဟုအားခဲ၍ ထားခဲ့သော လူသေ လူဖြစ်ကျမ်းသည် ၁၉၅၀- ပြည့်နှစ်မှပင် နိဂုံးကမ္ပတ် အဆုံးသတ်ခဲ့ ရလေတော့သည်။

ဤရာဇဝင် နောက်ကြောင်းကလေးကို ဆရာတော်က ကျွန်တော်တို့အားမိန့်ကြား ပြလေသည်။ ဤရာဇဝင် ကလေးကို ကြားရ တော့မှပင် ကျွန်တော်တို့လည်း အံ့သြကြရခြင်းနှင့် အတူ လူသေလူဖြစ် ကျမ်းစာအုပ်ဖြစ်ပေါ် လာရခြင်း၏ အကြောင်းရင်းကို သိကြရတော့သည်။

ဗိုလ်ချုပ်၏ မျိုးချစ်စိတ်

တဖန်ဗိုလ်ချုပ်အောင်ဆန်းက ဆရာတော်အား လူသေ-လူဖြစ် ကျမ်းစာကို ရေးသားရန် လျှောက်ထား ခဲ့သည်မှာလည်း အကြောင်းရင်းများ ရှိပြန်ပေ သေးသည်။ ဗိုလ်ချုပ်သည် နိုင်ငံကို ပြင်းပြစွာ ချစ်သည်။မျိုးချစ် စိတ်ပြင်းပြသည်။ ထို့ကြောင့် ဒုက္ခအမျိုးမျိုး၊ ဆင်းရဲအမျိုးမျိုး ခံကာ၊ တိုက်ပွဲများကို ဦးဆောင်ဆင်နွှဲခဲ့လေသည်။ နိုင်ငံလွတ်လပ်ရေးအတွက်အမျိုးမျိုး ကြိုးပမ်းအားထုတ်ခဲ့လေသည်။

အထူးသဖြင့် နောင် လွတ်လပ်ရေးရယူပြီးသော အခါ၌ မြန်မာနိုင်ငံအား သူတို့ သြဇာအောက်တွင် ထားလို ကြသော တိုင်းတပါး သား နယ်ချဲ့ လက်သစ်များကို အမျိုးမျိုးရန်စကျူးကျော်၍ ဒုက္ခပေးလာကြမည့်အရေးကို ဗိုလ်ချုပ်က ကြိုတင် တွက်ချက် ထားခဲ့သည်။ ထို့ကြောင့် မြန်မာ တနိုင်ငံလုံးမိမိတို့၏ အချုပ်အချာအာဏာနှင့် လွတ်လပ်ရေးကို တည်တန့်ခိုင် မြဲအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ကြရန် ရဲသွေး ရဲမာန်များ လိုအပ်သည်။ သို့အတွက် တမျိုးသားလုံး ရဲရဲတောက် အာဇာနည်တွေ ဖြစ်လာအောင်အတွေး အခေါ်သစ် အယူအဆသစ်ယုံကြည်ချက်အသစ်များဖြင့် ဇာတ်သွင်း ပေးရမည်ဟု ဗိုလ်ချုပ်ကသိမြင် နားလည်သည်။ ဤသည်တို့ကား တဖက်မှ အကြောင်းရင်းများပေတည်း။

ကြီးမားသော ရည်မှန်းချက်

သို့သော် ကျွန်တော်တို့သည် ဤမျှအထိ နိုင်ငံနှင့်လူမျိုးအတွက် ကြီးမားသော ရည်မှန်းချက် အစီအစဉ်ဖြင့် ရေးခဲ့သည်ဟု မထင်မိ၊ တကယ့်အမျိုးသား ခေါင်းဆောင်ကြီးတယောက်၏ တောင်းဆိုမှုကြောင့် ဖြစ်ပေါ်လာရသည် ဟူ၍လည်း မရိပ်စားမိ။

ယခုတော့ ဆရာတော်ကိုယ်တိုင်က အကြောင်းရင်း ဇစ်မြစ်ကို ဖွင့်ဟမိန့်ကြားလိုက်လေသဖြင့် ကျွန်တော်တို့၏ အထင်များ လွဲခဲ့ ရလေပြီ။ လူသေ-လူဖြစ်ကျမ်း စာကားအကြောင်းမဲ့ ပေါ်ထွက်လာခဲ့သည်မဟုတ် ဆရာတော် သျှင်ဥက္ကဋ္ဌ၏ စိတ်အလိုဆန္ဒ တခုတည်းဖြင့် ရေးသားခဲ့သည်မဟုတ်၊ ကျွန်တော်တို့၏ လွတ်လပ်ရေး ဗိသုကာကြီး လည်းဖြစ်၊ အမျိုးသား ခေါင်း ဆောင် ကြီးလည်းဖြစ်လေသော ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က နိုင်ငံ၏ နောင်ရေးအတွက် တမျိုးသားလုံး၏ သူရသတ္တိ များ ထာဝစဉ်ပြောင်မြောက်လာရေးအတွက် လျှောက်ထားတောင်းဆိုခဲ့သောကြောင့်သာ ထွက်ပေါ်လာရခြင်း ပေတကား။ ရေးသားထုတ်လုပ်လိုက်ရခြင်းပေတကား။။

ဦးမင်းအောင်၊ အိုးဝေဂျာနယ် အမှတ် (၆၃)။ ၁၅၊ ၇၊ ၁၉၇၁။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ