Skip to main content

စာလုံးပေါင်းသတ်ပုံနဲ့ အချက်အလက်တွေ အမှန်အတိုင်း ထုတ်လို့ရတယ်

ထုတ်ဝေသူတွေလည်း ဇွတ် 'တစ်' ခိုင်းလို့ လိုက် 'တစ်' ကြရတာပါ ဆရာရေ့။ စာပေကင်ပေတိုင်တွေက အလုံးရေနဲ့ ဒဏ်ရိုက်တာဗျ။

ဟုတ်။ အဲလိုပြန်ပြောတာတွေ မကြာခဏ ရပါတယ်။ 'စာပေကင်ပေတိုင်' ခေါ် 'စာပေစိစစ်ရေးအဖွဲ့' ရှိစဉ်က ပြောတဲ့အတုင်း လုပ်ခဲ့တယ်။ စာရေးသူတဦးက 'တ' တလုံးကို ပိုက်ဆံဘယ်လောက်ဒဏ်ရိုက်တယ်လိုပါ အတိအကျ ပြောပြပါတယ်။

စာပေစိစစ်ရေးအဖွဲ့ကို ၂၀-၈-၂၀၁၂ နေ့ကစပြီး ဖျက်သိမ်းလိုက်ပြီးဖြစ်ပါတယ်။  တချို့က အဟောင်းစနစ်အတိုင်းသာ စာအုပ်ထုတ်ဝေရမယ်လို့ အခု (အခုစာရေးနေတဲ့ မိနစ်ပိုင်းအထိ) ထင်မှတ်မှားနေကြတယ်။

ကျွန်တော် ၂၀၁၆ ခုနှစ်က ဆဋ္ဌသံဂါယနာတင် ပါဠိ-မြန်မာပြည် တစုံမှာယူတယ်။ သတ်ပုံတွေကို မှားအောင်မပြင်ဘဲ မူရင်းအတိုင်း ရိုက်ပေးပါတယ်။ 

၂။ ကျွန်တော်ရေးတဲ့ ဆေးပညာစာများ ၃ အုပ်ကို ၂၀၁၆ နောက်မှာ ကျွန်တော့သတ်ပုံမူအတိုင်း အများသူငါလို မှားအောင်မပြင်ဘဲ ပုဂံတ်ိုက်က တအုပ်၊ စိတ်ကူးချိုချိုက ၂ အုပ် ထုတ်ပေးပါတယ်။ 

၃။ အခုဆိုရင် လူထုတိုက်က လူထုဦးလှစာအုပ်တွေကို မှားအောင်မပြင်ဘဲ မူရင်းအတိုင်း ပြန်ထုတ်နေပြီ။

၄။  ဝီကီပီးဒီးယားမှာ စာပေစိစစ်ရေးကပြုတ်ခဲ့တဲ့ ဗိုလ်မှူးတွေ (၃ ယောက်ရှိတယ်) က ဦးစီးနေသလား မသိ။ တင်သမျှ ၈၀% သတ်ပုံတွေ မှားနေတယ်။

Ludu Book Shop - လူထုစာအုပ်ဆိုင်

လူထုထဲက လူတယောက်၊ သာမန်လူတယောက်၊ လမ်းပေါ်က လူတယောက်၊ လမ်းဘေးက လူတယောက်၊ မြန်မာပြည်သူ ၁ဝဝ လျှင် ၈၅ ယောက်မကသော ရိုးရိုးလူစားထဲက လူတယောက်သာလျှင်ဖြစ်သော မောင်ညိုသည် ဘယ်အတွက်ကြောင့် ဤသို့ ထောင်ထဲသို့ တလည်လည် ရောက်နေရပါသလဲ၊ လူငယ်လူရွယ် ပေါင်းများစွာတို့သည်လည်း ထောင်ထဲသို့ မောင်ညိုကဲ့သို့ပင် မကြာခဏ ရောက်နေကြရသည်ပင် မဟုတ်ပါလော၊ အချို့ မရောက်သေးသူပေါင်းများစွာတို့သည် ရောက်စရာများကို လုပ်နေကြသည် မဟုတ်ပါလော။ 

အသက်အရွယ် ၂၅ နှစ်ခန့်အတွင်း ထောင်ထဲသို့ ၁၀ ကြိမ်၊ ၁၂ ကြိမ်မျှ ရောက်ကြသော လူငယ်တို့၏ဘဝသည် မည်သို့ရှိပါမည်နည်း။ 

မောင်ညိုတယောက်တည်း၏ ဘဝလမ်းခရီးစဉ်သည် စင်စစ်အားဖြင့် ကျွန်တော်တို့ အမျိုးသားလူများစုကြီး၏ သုခ၊ ဒုက္ခ၊ ဘဝစံစားမှု ခံစားမှုများဖြင့် ကပ်လျက်ရှိ၏။ တိုင်းပြည်၏ သမိုင်းနှင့်လည်း အနာဂတ်အဖို့တိုင် စပ်နေ ဟပ်နေ၏။ 

လူထုဦးလှ လေနှင့်အတူ တန်ဖိုး - ၆၅၀၀ ကျပ် စတုတ္ထအကြိမ် (၂၀၂၃)

တခြား ဥပမာကောင်းတွေလည်း ရှိသေးတယ်။ စာလုံးပေါင်းသတ်ပုံနဲ့ အချက်အလက်တွေ အမှန်အတိုင်း ထုတ်လို့ရတယ်။ မှားအောင်ပြင်စရာ  မလိုပါ။

ဒေါက်တာတင့်ဆွေ

Comments