Skip to main content

အာပြဲနောင်ကြီး

သစ်ပုတ်ပင်ရှေ့၊ သူ့ကိုတွေ့သည်

မနေ့ကလို ထင်မိသည်။

အရပ်အမောင်း၊ ခပ်ကောင်းကောင်းနှင့်

ဘယ်ကျောင်းဆောင်က ပါလိမ့်လဲ။

အင်္ကျီစိမ်းကုတ်၊ ရွှေနားအုပ်လျက်

ဘုတ်ကလပ်က ထင်ပါရဲ့။

ပါးစပ်ပြဲပြဲ၊ တဟဲဟဲက

ယစ်ဝဲတော့မည့် အတိုင်းပင်။

ဟေ့ ချာတိတ်တွေ၊ အင်းလျားရေမှာ

လှေခတ်လာကြပါလားတဲ့။

တွေ့လျှင်သူ့ကို၊ တို့ကြည်ညိုသည်

အကိုကြီးနှင့် တူလွန်းလို့။

ကညင်ဖြူပင်၊ ပမာသွင်သည့်

ဖြူစင်ဖြောင့်မတ် သူ့စိတ်ဓာတ်။

အင်လျားကန်နှယ်၊ အပြောကျယ်သည်

ချစ်စရာကောင်းသော၊ သူ့သဘော။

နာရေးကြော်ငြာ၊ ခုတွေ့ခါမှ

သူဟာ ရှစ်ဆယ်ကျော်ပြီကို

ပါးစပ်ပြဲပြဲ၊ တဟဲဟဲနှင့်

ဘယ်လည်းနောင်ကြီး မေးလိုက်ချင်။

သစ်ပုတ်ပင်ရှေ့၊ သူ့ကိုတွေ့သည်

မနေ့ကလား ထင်မိမှား။

သူ့ကိုချစ်သည် တို့အများ။

ကောင်းရာရောက်မည် စိတ်ချသွား။

နောင်ကြီးအာပြဲ တကောင်းသား။ ။

မှတ်ချက် - 

ဆရာမင်းသုဝဏ် ၁၉၆၉ ခုနှစ်ကရေးခဲ့တဲ့ကဗျာ။ သစ်ပုပ်လို့ရေးနေတာလည်းတွေ့ရတယ်။ သစ်ပုတ်လို့ရေးတာက ပိုစောမယ်ထင်ပါတယ်။ အင်းယားကို အင်းလျားရေးတာလည်း မမှန်လောက်ပါ။ အမည်ကိုတော့ ကြိုက်သလို စာလုံးပေါင်းတတ်ကြတယ်။ 'တစ်'ဟဲဟဲလို့သာ ရေးတာ မှားတယ်။ 'တစ်' ကောင်းလို့ရေးတာလည်းမှားတယ်။

သစ်ပုတ်ပင်နဲ့ မြန်မာစာ သူဟာ ရှစ်ဆယ်ကျော်ပြီကို။

ဒေါက်တာတင့်ဆွေ

Comments