(စ) ၁၉၆၀ ပြည့်လွန် နှစ်များက အထက်တန်းကျောင်း တကျောင်းရဲ့ လက်တွေ့ သိပ္ပံစမ်းသပ်ခန်း science lab တခုရဲ့ အခြေအနေကို မြင်ရတာ လက်ရှိအနေအထားနဲ့ အတော်ကွာဟသွားပြီ။ ခေတ်မီလာပြီးမှ ဘာမှမရှိတော့တာ (ဆုံး)
ကျွန်တော်က တောလို့ပြောနိုင်တဲ့ မုံရွာက အထက ကျောင်းမှာသာ စာသင်ခဲ့ရတာ။ ၁၉၅၉ ကနေ ၁၉၆၅ ခုနှစ်အထိ။ ခေတ်ကလည်း အတော်နောက်ကျသေးတယ်။ အလယ်တန်းရောက်တော့ အထွေထွေသိပ္ပံစသင်ရတယ်။ စိတ်ဝင်စားတယ်။
တရက်တော့ အိမ်နောက်ဖေးမှာထိုင်ပြီး၊ ပယ်ရီစကုပ်လုပ်ဘို့ ကြိုးစားတာ၊ ၅ တန်း ကျောင်းသားဘဝမှာပေါ့။ မှန်ဝိုင်းလေး ၂ ချပ်ရှာ၊ အင်သားပြားတွေကို လေးဒေါင့်ပုံးလုပ်။ သံကိုဖြောင့်အောင်က မရိုက်တတ်။ လွှနဲ့လည်း ကောင်းကောင်းမဖြတ်တတ်။ အဲဒီတုန်းက မှန်ဝိုင်းလေးတချပ် ၁၅ ပြားပေးရတယ်။ တံဆိပ်ခေါင်းတန်ဖိုးနဲ့ အတူတူ။
၆ တန်းရောက်တော့ သူငယ်ချင်းတွေနဲ့ စွပ်ကျယ်အင်္ကျီအနီမှာ "လောကဓါတ်" လို့ စာရိုက်ကြတယ်။ စွပ်ကျယ်အောက်မှာ ကွမ်းရွက်ခံပြီး အပေါ်ကနေစာကို သံချွန်နဲ့ ရေးရတယ်။
ခုနစ်တန်းရောက်တော့ ကျောင်းပွဲတော်က သိပ္ပံခန်းမှာ မီးတောင်နေရာ တာဝန်ယူရတယ်။ ဆရာမက သင်ပေးတယ်။ ရွံ့ရုပ်မီးတောင်လုပ်။ ထိပ်ဝမှာ နို့ဆီဗူးခွံ အဖြတ်လေးတပ်ထားတယ်။ ပိုတက်ဆီယမ်ပါမက်ဂနိတ် အမှုံ့တဇွန်းလောက်ထည့်ထားပြီး၊ လူတွေလာကြည့်ရင် အလှဆီလေးနည်းနည်း လောင်းထည့်ပြတော့ မီးခိုတွေအူပြီး မရမ်းရောင်မီးတောက်လာတယ်။ မောင်ကျောင်းသားက ဓါတ်ပုံထဲကလိုဘဲ ခပ်ပြုံးပြုံး။ ပိုတက်ဆီယမ် ပါမက်ဂနိတ်ဆိုတာ အောက်စီဂျင်ထုတ်တဲ့ဓါတ်ပစ္စည်းတခုဖြစ်တယ်။ ဘရိတ်ဆီနဲ့ ရောရင်လည်း မီးတောက်စေတယ်။
အခုတော့ သိပ္ပံမပြောနဲ့ လောကဓါတ်၊ ဓါတုဗေဒ၊ ဓါတ်ခွဲခန်းလို့ ရေးတာကို မောက်ချတာ မှားတယ်လို့ သင်နေတဲ့ ခေတ်ရောက်နေပြီ။
မြန်မာပြည်ကို ပယ်ရီစကုပ်နဲ့ပဲ လှမ်းကြည့်နေပါတယ်။ သင်္ဘောက ရေအောက်မှာသာရှိသေးတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment