တမြန်နေ့က ဒါးတလက် သင်္ကန်း။ ကနေ့ ဒါးတချောင်း ထပ်တွေ့တယ်။ ပါတိတ်။
မြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန် (၁၉၉၁ စက်တင်ဘာလ) ထုတ်မှာ ဒ၊ ဒါ ပြီးတော့ ဒါး မပါတော့ဘဲ ဒိ လာတယ်။ ပ အောက်မှာ ပြဒါးလို့တော့ ပါတယ်။
ကျွန်တော်တို့ ငယ်ငယ်ကတည်းက ဒါးတံဆိပ်မီးခြစ်ဆိုတာ ရှိခဲ့တယ်။ ဆေးကျောင်းရောက်တော့ မန္တလေး ဒါးတန်းက သူငယ်ချင်းသစ်တွေ တွေ့တယ်။ ဆရာဝန်ဖြစ်တာ့ ခွဲစိတ်ဒါးကိုင်ရတယ်။ နိုင်ငံရေးရောက်ပြီး တိုင်းပြည်ကထွက်ရတော့ ဒါးပျောက်သွားတယ်။ ဓားတဲ့။ ဓါးလို့ရေးတာတောင် မမှန်ဘူးတဲ့။
ဒါး စာလုံးကို မထည့်တာ ဘာကြောင့်လဲ။ ကျွန်တော်သံသယရှိတာ တခုရှိတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းစက ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေကို ဗိုလ်နေဝင်းက ဒါး ဒါးချင်း၊ လှံ လှံချင်း ဆိုင်ဘို့သာ ရှိတယ်လို့ ပြောစကား ၉-၇-၁၉၆၂ နေ့ထုတ် ရန်ကုန်သတင်းစာမျက်နှာဖုံးမှာ ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်က ဒါးကြိမ်း မကြိမ်းသလို သမိုင်းကို ဖျောက်လိုသလား ထင်နေတယ်။
သတ်ပုံစာအုပ်သစ်ထုတ်ပြီးတော့ နီးရာဓါးကြောက်နေသူတွေက ရှိသမျှဒါးစာလုံးတွေကို ဓားလို့သာ ပြင်ရေးလာကြတယ်။ ဓားကိုလည်း ဓါးလို့ရေးရင် မှားတယ်ထင်နေကြတယ်။ မင်းဆွေရေးတဲ့ ဒါးစာအုပ်ကို ဓားလို့ရေးမှသာ ထုတ်ဝေခွင့်ပေးတယ်။
အခုတော့ နီးရာဒါး မရှိတော့ပေမဲ့ ဝေးရာဒါးကြောက်နေကြသူတွေက ၉၅% လောက်ရှိတယ်။
မြန်မာစာ သတ်ပုံတွေ မှားလာခြင်းဟာ အကြောက်တရားကြောင့် ဖြစ်တယ်။ အမှန်ကို သိလာလည်း မပြင်ရဲကြပါ။
ကျောင်းသားဘဝ ခဲတံချွန်ဒါး၊ ဆရာဝန်ဘဝ ခွဲစိတ်ဒါး၊ အခုလည်းနှုတ်ခမ်းမွေးရိတ်တဲ့ဒါး၊ အမေ့မီးဖိုချောင်ကနေ လက်ရှိမီးဖိုခန်းထဲမှာ ၄-၅ ချောင်းထာတဲ့ဒါးတွေ ရှိပါသည်။ ဒါးလှီးမုံ့တော့ မမြင်ရ မစားရတာကြာပြီ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment