တချို့ကျောက်ပြားများ စာမှားရေးထား၏။
ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်များမှာ ရေးထိုးစိုက်ထူထားသည့်စာများကိုမူကား ပညာရှင်များကသာ ဖတ်တတ်ကြပေသည်။
တိုင်းပြည်လွတ်လပ်ရေးရပြီးနောက် ရေးထိုးသည်များကိုမူကား လွတ်လပ်ရေးကျောက်တိုင်ကအစ ကောင်းစွာဖတ်တတ်ပါသည်။ အရေးအသား မှန်ကန်ပါသည်။
တချို့ကျောက်ပြားများ စာမှားရေးထား၏။
လမ်းဘေးရေချမ်းစင်တွေမှာ ပန်းရံဆရာတို့၏လက်ရေး ချွတ်ချော်နေစေကာမူ သောက်ရေမှာမူကား အေးမြလှပေသည်။
ဆရာကြည်အောင်နဲ့ ဆရာအောင်သင်းတို့၏ ကျောက်ပြားများကား သတ်ပုံပျက်ခေတ်ဆိုးကြီးထဲမှာ အထူးခြားဆုံးသော၊ ဂုဏ်ပြုလိုက်သော၊ ဂုဏ်ယူထိုက်သော အရေးအသားများပင် ဖြစ်ပါတော့သည်။ ဆရာနှစ်ဦး၏ ကျောက်ပြားပုံများကို မကြာခဏတင်ပြထားပြီးဖြစ်၍ ထပ်မံမတင်တော့ပါ။
တချို့စာရေးဆရာများမှာမူ ကွယ်လွန်ပြီးမှ စာမှားရေးသားသူဟု ကျောက်ထက်အက္ခရာ အတင်ခံကြရတော့၏။ ကလောင်အမည်တွေ မထည့်တော့ပါ။
ကျောက်ပြားပေါ်မှာ သတ်ပုံမှားရေးထားသည့်စာကို “ကြောက်စာ” ဟု ခေါ်ပါသည်။
"တသက်တာမှာ လမင်းတရာ သာပါစေသတည်း"
ဒေါက်တာတင့်ဆွေ
Comments
Post a Comment