ဖုံးလွှမ်းသည့် တို့ယာမြေ
ကြည့်စမ်းပအေ။
ငွေသားနှင့် မခြားပေ
ချည်မျှင်ရှည်ဝါဂွမ်း
တို့တတွေ နေကုန်ကောက်ရတယ်
ချွေးပေါက်ပေါက်လွှမ်း။
ချွေးပေါက်တွေ မြေမှာကျရတဲ့
တို့ဘဝ အစွမ်းလေ
သိပါစအေ။
လူသားတို့အတွက်ပေ
ဝတ်ထည်တွေ ရက်ဖို့အရေး။
ချည်မျှင်ရှည် သည်ဝါပေါက်ကို
တို့ကောက်လို့ပေး။
စိတ်လက်ညီ တတပ်တအားနဲ့
လက်စားလိုက် ရွာ့လူကုန်
မြူးလိုက်ကြပုံ။
ရသမျှ တေးအစုံ
အသံကုန် ဟဲသူဟဲ။
၀ါကောက်ချိန် တို့ယာတောမှာ
သာမောသည်ဘဲ။ (မောင်ယဉ်လှိုင်)
ငွေတာရီမဂ္ဂဇင်း (၁၉၇၀ စက်တင်ဘာလ)
Listener's Heaven Audiobooks - အသံစာအုပ်
ကျွန်တော်တို့ငယ်ငယ်က အညာဒေသတွေမှာ ဝါခင်းတွေများပြီး ဝါစက်တွေလည်းပေါတယ်။ တောသူတောင်သားတွေက ဝါစိုက် ဝါကောက်ကြရပြီး ဝါစက်အများစုကို တရုပ်တွေက ပိုင်တယ်။ ကျွန်တော်ဆရာဝန်ဖြစ်တော့ ဝါတွေ သိပ်မစိုက်ကြတော့ပါ။ မဆလ စီမံကိန်းတွေ မအောင်မြင်။ ဝါစက်တွေလည်း ဘဝပြောင်းရတယ်။ ဝါလှန်းတဲ့ ကွန်ကရစ်ခုံပေါ်မှာ တင်းနစ်ကွင်းလုပ်တယ်။ ချည်ထည်တွေလည်း သိပ်မဝတ်ကြ။ ချည်ထည်ကောင်းမှန်း ပြန်သိလာတော့ တရုပ်ပြည်နဲ့ အိန္ဒိယကနေ သွင်းယူကြရတယ်။ ရက်ကန်းသမားတွေ အိန္ဒိယသွား အလုပ်လုပ်ကြရတာ ကနေ့အထိ။
ကဗျာထဲက တို့တတွေစာလုံး ပျက်ပြီ။ တတပ်တအား ပျက်ပြီ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment