ထိုင်ဝမ်ရောက်မြန်မာမိသားစု များအဖွဲ့
(ကူးယူတင်ပြတာ ဖြစ်ပါတယ်။)
(၁)
ထိုင်ဝမ်ရှိ မြန်မာတန်းမှာ ကျွန်တော်တယောက်ထဲ လက်ဖက်ရည်သောက်နေသည်။ ဒီနေ့က ပိတ်ရက်ဆိုတော့ (ဝှားရှင်းကျဲ) မှာ လူစည်ကားနေ သည်မှာ မဆန်း...
တချို့က ညဆိုင်း၊ တချို့က နေ့ဆိုင်းဆိုတော့ ဆုံကြဖို့ရာ သိပ်မလွယ်...
ကျွန်တော့်အာရုံထဲမှာ လူတယောက်က အကဲခပ်နေသည် ဟု ထင်နေသည်။ ခါးဆန့်ပြီးနောက် လှည့်အကြည့်မှာ မြင်ဖူးသော လူတယောက်က ပြုံးပြသည်။ သိပ်မမှတ်မိတော့...
"ကိုမောင် ... ကျွန်တော့်ကို မမှတ်မိတော့ဘူးလား"
"အေးဗျာ...စဉ်းစားနေတာ ဘယ်သူများပါလိမ်လို့"
ထိုသူက ခပ်ငိုက်ငိုက် ဆောင်းထားသော ဦးထုပ်ကို ချွတ်လျက်... " အောင်ကြီးလေဗျာ...
ခင်ဗျားနဲ့ အတူတူ လွန်ခဲ့တဲ့ ၈ နှစ်လောက်က သုံးလလောက် အလုပ် တူတူ တွဲလုပ်ခဲ့ဖူးတယ်လေ"
"ဟုတ်သားပဲ...စိတ်မရှိပါနဲ့ဗျာ...
မှတ်မိပါပြီ...အခု ဘယ်မှာလုပ်နေလဲ"
"XXX ဆိုင်မှာပါ..."
"ဆရာကြီး ဖြစ်ပြီလား"
"မဖြစ်ပါဘူးဗျာ...တဆိုင်ပြီး တဆိုင် ပြောင်းလဲလက်ထောက်ပါပဲ ...မိန်းမနဲ့ ကလေးတွေလည်း မခေါ်နိုင်သေးဘူး...ဒီလိုပဲ လုပ်လုပ် စားစား ဘ၀ပါပဲ...
"သားတွေရော...တက္ကသိုလ်ပြီးသွားပြီလား
"တက်နေတုန်း ကျောင်းက ပိတ်သွားလို့တန်းလန်းကြီးဖြစ်နေတယ်
"ဟုတ်လား...စိတ်မကောင်းပါဘူး"
(၂)
သူက ရန်ကုန်သား၊ ကျွန်တော်က အင်းသား၊ အလုပ်တခုထဲမှာ ဆုံဖူးခြင်းဖြစ်သည်။ ထိုစဉ်ခါကတည်းက သူက လက်ထောက်အကြော်ဆရာ...ကျွန်တော်က အောက်ခြေသိမ်း ပန်းကန်ဆေး, ထမင်းချက်, ကြက်ကြော်၊ငါးကြော် (ဆီကန် ကိုင်) အောက်ဆုံးအဆင့်။ သူနှင့် ကျွန် တော်ကြားမှာ ဓားကိုင် ဆိုတဲ့ အဆင့်တဆင့် ရှိသေးသည်။ဓားကိုင် အဆင့်က ဟင်းသီးဟင်းရွက် လှီး၊ ကြက်သားပါးပါးလှီး၊ ပြည်ကြီးငါးကို အကွက်ဖော်တတ်ရသည်။အကြော်ဆရာတွေအတွက်ဟင်းပွဲပြင်ပေးရသည်။ ကိုအောင်ကြီးကစကားပြောလျှင် အပေါ်စီးက အမြဲပြောသည်။ တဖက်သားကိုအမြဲအထင် သေးသည်။
ဒါပေမယ့်သူ ဘာပြောပြော ကျွန်တော် သည်းခံခဲ့ပါသည်။တနေ့ စကားစပ်မိ ယင်းကျွန်တော်က ဆိုင်ဖွင့်ချင်သည့်အကြောင်း ပြောတော့ သူက ရီသည်။
"ရီစရာ ဟာသတခုပါပဲဗျာ...ဆိုင်ဖွင့်တာ သိပ်လွယ်တယ်ထင်လို့လား... ခင်ဗျား ဘာလုပ်တတ်လို့လဲ... အသက်က (၄၀) ကျော်နေပြီ... ကျွန်တော်က ခင်ဗျားထက် (၃)နှစ်ကြီးတယ်... လက်ထောက်အကြော်ဆရာ လုပ်နေတာ (၅)နှစ်ရှိနေပြီ...ဒါတောင် ဆိုင်ဖွင့်ဖို့ စိတ်တောင်မကူးရဲသေးဘူးဗျ...ဟား ဟား ဟား ..."
ကျွန်တော့် ဒေါသတွေ အလိပ် လိပ်တက်လာသည်။ ဘေးက သားလှီးဓားလက်ကိုင်ကို ဆတ်ကနဲ ဆုပ်ကိုင်လိုက်သည်။ ဗိုက်ကို ထိုးပြီး မွှေလိုက်ရန်ဖြစ်သည်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကို လာပြီး ဟားတိုက်တာကိုး ...
ထိုအခိုက်မှာ သတိက အမြန်ဝင်လာသည်။ ဘာမဟုတ်သည့် ကိစ္စတခုနဲ့ ကိုယ့်ဘ၀ရဲ့ ရည်ရွယ်ချက်ကို အပျက်မခံနိုင်။ သို့သော် တခုတော့ လေးလေး နက်နက် ပြန်ပြောလိုက်ပါသည်။
"ကျွန်တော့် အဘိဓမ္မာမှာ မဖြစ်နိုင်တာ မရှိဘူး၊ မဖြစ်သေးတာပဲရှိတယ် ကိုအောင်ကြီး"
အဲဒီအချိန်က ကျွန်တော်တလကို နှစ်သောင်းခွဲရသည်။ကိုအောင်ကြီးက ၃သောင်းခွဲ။ ကျွန်တော်က ခရီးစားရိတ်နှင့် အမေ့ကို ထောက်ပံ့သည်မှလွဲ၍ ကျန်ငွေကို ကျစ်ကျစ်ပါအောင် စုသည်။ တဒေါ်လာမှ အပွန်းမခံ ...
ကိုအောင်ကြီးက ကွမ်း တရက် ၂၀၀ ဖိုးစားသည်။ အားလျှင် ဆေး လိပ်သောက်သည်၊ ညအိမ်ပြန်ရောက် ယင် ဘီယာ အကန့်အ သတ်မရှိ သောက်သည်။ ထီဆိုင်မှာ လောင်းလို့ရတာ အကုန်လောင်းသည်။
(၃)
တအောင့်နေတော့ ကိုအောင်ကြီးက လက်ဖက်ရည်ခွက်ကို မ လာ၍ ကျွန်တော့် ခုံဆီ ကူးလာသည်။
"ခင်ဗျားရော ... အခု ဘယ်ဆိုင်မှာ လုပ်နေလဲ... ထမင်းချက်၊ ပန်းကန်ဆေးတုန်းပဲလား"
ကျွန်တော်က ပြုံးလျက် အိတ်ထဲမှ ကျွန်တော့်ဆိုင်လိပ်စာကဒ်ပြားလေးထုတ်၍ ပေးလိုက်သည်။
"ဒါကျွန်တော့်ဆိုင်ပဲ... အား ယင်လာလည်ပါဦးဗျာ"
သူက လိပ်စာကဒ်ပြားလေးကို တလှည့် ကျွန်တော့်ကို တလှည့် မယုံချင်သလိုကြည့်သည်...
"Inle Thai Cuisine"
"Fb မှာတော့ ကြော်ငြာတာ တွေ့ဖူးတယ်... ခင်ဗျားဆိုင်မှန်းတော့ မသိဘူး"
"ကျွန်တော်က အင်းသားပဲဗျာ... ဒီတော့ ဆိုင်နာမည်ကို အင်းလေး လို့ ပေးတာပေါ့၊ထိုင်ဝမ်မှာ အင်းလေးနာမည်နဲ့ ဒီတဆိုင်ပဲရှိပါတယ်...
"ဒါနဲ့ နေပါဦး... ခင်ဗျား ပိုက်ဆံတွေ အများကြီး ဘယ်ကရတုန်း”
"ပွင့်ပွင့်လင်းလင်းပြောရယင် ခင်ဗျား စိတ်မဆိုးနဲ့နော်..."
"မဆိုးပါဘူးဗျာ ပြောစမ်းပါ"
"ကောင်းပြီ... ခင်ဗျား တရက်တရက် ဆေးလိပ်ဖိုး ကွမ်းဖိုး ဘီယာဖိုးလောင်းကစား ထီတွေနဲ့ အချိန်ကုန်နေတဲ့အချိန်မှာ ကျွန်တော်က ပညာစု' ပိုက်ဆံစုတယ်ဗျာ... .လိုအပ်တဲ့ နဲနဲပါးပါးတော့ ဘဏ်ကနေချေးတယ်ဗျာ...
ချေးငွေတွေက တနှစ်အတွင်း ကျေသွားပါပြီ... အခုဆိုင်ဖွင့်တာ (၆) နှစ်ကျော်သွားပြီ..."
"ခင်ဗျားရဲ့ ပြောတဲ့စကားတွေကို ကျွန်တော်က မခံချင်စိတ်စွမ်းအင် ပြောင်းပစ်လိုက်တာဗျ... ကျွန်တော်ပြောတယ် မဟုတ်လား မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး...မဖြစ် သေးတာပဲရှိတယ်ဆိုတာလေ"
"ဟုတ်တယ် ဟုတ်တယ်... မှတ်မိပြီ ကိုမောင် ..."
"ပြီးတော့ ခင်ဗျားပြောသေးတယ် ကျုပ် USA သွားမလို့ ဆို"
"ဟုတ်ပါတယ်ကို အောင်ကြီးရေ ကျွန်တော်ပြောတဲ့ USA ဆိုတာ United State 0f America မဟုတ်ပါဘူး ...
You Start Again ဆိုတဲ့ (USA) ပါဗျာ...
ဘယ်နိုင်ငံရောက်ရောက် ဘဝဆိုတာ တစ်ကနေ ပြန်စကြရတာမ ဟုတ်လား ..."
ကျွန်တော်က ဆိုင်ရှင်ကို လက်ပြလိုက်သည်။
"အကိုရေ... ကျွန်တော်နဲ့ ကိုအောင်ကြီ: ...မုန့်နဲ့ လက်ဖက်ရည်၊ ဆေးလိပ် ဖိုး ဘယ်လောက်ကျပါသလဲခင်ဗျာ
"၂၅၀ ပါ"
"ဟုတ်ကဲ့ အကို..."
ကျွန်တော်က ၅၀၀ တန် တရွက်ထုတ်ပေးလိုက်ပြီး
"ပိုတာ ပြန်မအမ်းပါနဲ့တော့ဗျာ"
"ကဲ... ကိုအောင်ကြီး... ကိစ္စရှိလို့ သွားလိုက်ဦးမယ်... နောက်မှ တွေ့ကြသေးတာပေါ့"
ကျွန်တော် ဟဲလမက်ကို ဆောင်း၍ ဆိုင်မှထွက်လာခဲ့သည်။ ကိုအောင်ကြီး ကျွန်တော့်ကျောကို မျက်စိတဆုံး ငေး ကြည့်နေမည်မှာ မလွဲ...
ကြိုးစားပါဦးမည်... (ဆုံး)
ကူးယူတင်ပြတာ ဖြစ်ပါတယ်။ တိုင်ဝမ်မှာနေသူက မြန်မာစာကို မှန်အောင်ရေးတတ်လို့။ ကွန်ဂရက်ကျူလေးရှင်း။
ကျွန်တော် နယူးဒေလီမှာနေစဉ်က ကိုယ်ဝန်ဆောင်မေးခွန်းတခု ရပါတယ်။ စာလုံးပေါင်းသတ်ပုံတွေ မှန်တယ်။ ယဉ်လည်း ယဉ်ကျေးတယ်။ မေးခွန်းမေးသူက တိုင်ဝမ်မှာနေတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment