မြန်မာစာကို ဖေါ်မြူလာ ခေါ် ပုံသေနည်းတွေနဲ့သင်တာမှာ ကြီးမားတဲ့ ချွင်းချက်တွေရှိတယ်။ သိရသလောက် ဖေါ်မြူလာ ၅ ခုရှိတယ်။
ဖေါ်မြူလာ ၁ = ရေတွက်လို့ရရင် တစ် - မမှန်ပါ။ ပိုက်ဆံ တပြား၊ တကျပ်၊ တမတ်၊ တဆယ်၊ တရာတန်တွေ တရားဝင်ထုတ်ခဲ့တယ်။
ဖေါ်မြူလာ ၂ = ခငဂဒေပဝ မောက်ချပါ။ ခင်-ငူ-ဂေါ-ဒေါ-ပုံ-ဝ ဝိုက်ချမသုံးရလို့အထိကတော့ မှန်သေးတယ်။ ကျန်တာတွေကို မောက်ချနဲ့ မရေးရသလို ထင်ပြီး မှားနေကြတယ်။
- ကာတွန်း၊ သတင်းခေါင်းစဉ်နဲ့ ကျောက်ပြားစာတွေမှာ အဆင်သင့်တဲ့ ရေးချကို သုံးပါတယ်။
- အဲဒီ (၆) လုံးထဲမှာ (ဓ) မပါ။ နောက်ထုတ် သတ်ပုံစာအုပ်သစ်တွေမှာ (ဓာ) လို့သာရေးခိုင်းတယ်။ မမှန်ပါ။ ဓါတ်ပုံလို့ ရေးလည်း မှန်တယ်။ ဓါ နဲ့ ဓာ မူကွဲသာဖြစ်တယ်။
ဖေါ်မြူလာ ၃ = မ နောက် ဘဲ လိုက်။ မမှန်ပါ။ ပဲ နဲ့ ဘဲ ကို အဆင်သင့်သလိုသုံးနိုင်တယ်။
- ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ အယက်အကန်ခံလို့ ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။ (ဇော်ဂျီ)
- သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည် ခိုင် (တက္ကသိုလ်ဘုန်းနိုင်)။
ဖေါ်မြူလာ ဖေါ်မြူလာ ၄ = ကလေးဗူးမှုတ်တာကလွဲရင် ဘူး - မှားတယ်။ ဗူးဘုရား။ ဗူးသီး။
ဖေါ်မြူလာ ၅ = နှစ်မရှိတဲ့အတွက် တ နဲ့ရေး။ ဥပမာ တယူသန် ဘဲရှိတယ်။ နှစ်ယူသန် သုံးယူသန် မရှိ တဲ့။ မဟုတ်ပါ။ ဟိုအရင်ခေတ်က ကလေးတွေ ကစားရင်းနဲ့ စုံဂဏန်းတွေကို ရေတွက်ကြတဲ့အခါ ၂၊ ၄၊ ၆၊ ၈၊ ၁၀ ကို တပြူး၊ တလံ၊ ညောင်ကန်၊ ထမ်းပိုး၊ အကျိုးလို့ ရေတွက်ကြပါတယ်။ တလံ နောက်မှာ နှစ်လံ၊ သုံးလံ စသည်ရှိပါတယ်။ အဲဒါကြောင့် နှစ်လံမရှိလို့သာ တလံလို့ ရေးရတာ မဟုတ်ပါ။
ဖေါ်မြူလာတွေ မမှန်ပါ။ မြန်မာစာမှာ H2O မရှိပါ။
(ခ)
စာလုံးပေါင်းတွေကို "လောဂျစ်" လို ဒီလိုဖြစ်လို့ ဒါမှန်တယ်အပြောမျိုးက မှန်ကန်ခြင်း မရှိတတ်ပါ။ ဟင်းကောင်းရွေးသလို ဒါကိုကြိုက်တယ်လို့လည်း ပြောရတာမျိုး မဟုတ်ပါ။ ကျွန်တော်ကတော့ ကြက်သားဟင်းကြိုက်တယ်။ ကျမကတော့ မုံ့ဟင်းခါးအသည်းစွဲ လုပ်မရပါ။
(ဂ)
မသွေးတသံတမိန့်နည်းနဲ့ ပြဋ္ဌာန်းလို့ မရပါ။ မြန်မာစာမှာ မူကွဲစာလုံးတွေ ဟိုအရင်ကတည်းက ရှိတယ်။ တင်ပြထားပါတယ်။
မူကွဲစာလုံးများ https://burmese-spelling.blogspot.com/2023/03/blog-post_497.html
(ဃ) ပြန်ထုတ်စာအုပ်အမှားများ
ရသ၊ သုတစာတွေဆိုရင်တော့ ဟံသာဝတီတိုက်ထုတ် မူးရင်းတွေကသာ အသင့်မှန်ဆုံးဖြစ်တယ်။ ပြန်ထုတ်စာအုပ်တွေကို ရှောင်သင့်တယ်။ နည်းနည်းသာမှားနေသူတွေ များများမှားစေမယ်။
တရားစာတွေအတွက် ဆဋ္ဌသံဂါယနာတင် ပါဠိ-မြန်မာ ပိဋကတ်တော် (မူရင်း ပြန်ပြင်ထုတ် မဟုတ်) ကို ကိုးကားရပါမယ်။
(င)
ခေတ်စာလုံးကသာ မှန်တယ်လည်း မဟုတ်ပါ။ ရှေးကသာ မှန်၏လည်း မဟုတ်ပါ။ မြန်မာကို တကယ်တတ်တဲ့ပညာရှင်တွေက အဆင့်ဆင့်တည်းဖြတ် (တည်းပြတ်) သန့်စင်ထားတဲ့ မြန်မာအဘိဓာန်ကိုသာ အားကိုးရမယ်။ မြန်မာအဘိဓာန်ဆိုတာလည်း ကျွန်တော့အမြင်အရ ၁၉၇၈-၇၉-၈၀ ခုနှစ်ထုတ် မြန်မာအဘိဓာန် အကျဉ်းချုပ် ၅ တွဲက အမှန်ဆုံးလို့ ယူဆပါတယ်။ အဲဒီထဲမှာ မပါတဲ့စာလုံးကို ဝဏ္ဏဗောဓနသတ်အင်းမှာ ရှာနိုင်တယ်။ အနည်းဆုံး အဲဒီစာအုပ် နှစ်အုပ်ကို အားကိုးသင့်တယ်။
မြန်မာစာအကြောင်း မတောက်တခေါက်လေးသာ ဖတ်ပြီး ကြီးကြီးကျယ်ကျယ်မှတ်ချက်မျိုး လာရေးနေသူတွေက အတော်ဂွကျတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment