Skip to main content

ကရင်မျှစ်တာလပေါ့ဟင်းချက်နည်း

(ကူးယူတင်ပြခြင်းသာ ဖြစ်ပါသည်။ ကျေးဇူး။ စာရေးတာလည်း သတ်ပုံမှန်လို့ စားကောင်းမည်။ ကွန်ဂရက်ကျူလေးရှင်း။)

မိုးရာသီနဲ့အလိုက်ဖက်ဆုံးဟင်း ရှယ်ဘဲ 

ကရင်တိုင်းရင်းသားများရဲ့ ရိုးရာ အစားအစာ တမျိုးလဲဖြစ်ပါတယ်။ ကျွန်မတို့ ဘယ်လိုပင်ချက်တတ်နေစေကာမူ တိုင်းရင်းသားစစ်စစ်များရဲ့ လက်ရာကို မမှီ‌နိုင်ပေ(မမီနိုင်ပေ)

ဟင်းရဲ့ အဓိက နေရာကို ယူထားသူကတော့ မျှစ် ပါပဲ

ဒီဟင်းကို မျှစ်စိမ်းနဲ့သာ ချက်မှ ပိုပြီး စားကောင်းစေပါတယ်။

ယခု ကာလတွင်မျှစ်စိမ်းများပေါ်ကာစမို့ ရာသီစာ‌လို့ ပြောရင်လဲ မမှာပါဘူးရှင်

ကျွန်မတို့ကရင်ပြည်နယ်ဘက်မှာ မျှစ်အမျိုးစားပေါင်းများစွာရှိသည့်အနက် တချို့မျှစ်များက တာလပေါ့ဟင်းချက်စားလို့မကောင်းတာတွေရှိတတ်ပါတယ်

ဝါးဂုတ်မျှစ်

ကျခပ်မျှစ်

ဝါးဖြူမျှစ်

နှီးဝါးမျှစ်

ဝါးယားမျှစ်

ဝါးပိုးမျှစ်

ထီးဝါးမျှစ်

စသည်ဖြင့် အမှတ်အသားလေးတွေနဲ့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။

နှီးဝါးမျှစ်နဲ့ ဝါးဂုတ်မျှစ်က အချိုဓာတ်ပိုပြီး တာလပေါ့ချက်စားလို့အလွန်ကောင်းလှပါတယ်။

တအိုးစာချက်မည်ဆိုပါက မျှစ် ၅ချောင်းခန့်အသုံးပြုနိုင်ပါတယ်

မျှစ်ကို မချက်မှီ(မီ) ခပ်ပါးပါးလှီးထားပြီး ရေ ၂ နာရီခန့်စိမ်ထားပါ

ရေစိမ်ပြီးသားမျှစ်ကို တရေ ပြုတ်ပြီးသွန်ပေးပါ မျှစ်စိမ်းမှာ ခါးသက်သက် အရသာရှိတတ်လို့ပါ။

ရေ ၂လီတာခန့် ပွက်ပွက်ဆူအောင်တည်ထားတဲ့အထဲကို စပါးလင် ၂ ပင်ခန့် ဓားပြားရိုက်ပြီး ထည့်ပါ မျှစ်ထည့်ပါ။

ဆန်ကို လက်တဆုပ်ခန့် ရေစိမ်ပြီး စကာလေးနဲ့စစ်ပြီး ငရုပ်ဆုံထဲ ထောင်းပြီး ရေအနည်းငယ်ဖျော်ပြီး ဟင်းအိုးထဲထည့်ပါ

ဟင်းခတ် အရသာမှူန့်(မှုန့်) ထမင်းစားဇွန်း၀က်

ဆား လက်ဖက်စားဇွန်း ၂ဇွန်း

မျှင်ငပိ (သို့ )ငပိရည်ကျိုပြီးသားအရည် 

ထမင်းစားဇွန်း၀က်

ပုဇွန်ဆိတ် (သို့ )ပုဇွန်ဘောချိတ် ၁၀သားခန့် 

ရွှေဖရုံညွှန့်  ဗူးညွှန့်  ပဲညွှန့် ရွှေဖယုံသီး 

ဒညှင်းသီး မှိူ(မှို)  အင်ဥ စသည်ဖြင့် မိမိနှစ်သက်ရာ အသီးအရွက်များ ထည့်နိုင်ပါတယ်။

အသီးအရွက်များကျက်လုနီးနီး ဟင်းရည်လေးလဲပျစ်လာပြီးဆို ဆူးပုပ်ရွက်နဲ့ ပင်စိမ်းလေးအုပ်ပြီး ဆွဲလို့ရပါပြီးနော်

အစပ်ကြိုက်ရင် ငရုပ်သီးစိမ်းနဲနဲထောင်းထည့်နိုင်ပါတယ်ရှင်။

ကြက်ကင် /ငါးကင်တို့နဲ့လဲ ချက်စားလို့ရပါတယ်နော်။

ကျွန်မတို့ငယ်ငယ်ကဆို အဖွားက ပန္နဲသီးစေ့ ပါ တာလပေါ့ထဲ ထည့်ချက်တာ စားလို့ကောင်းမှကောင်း

တာလပေါ့ကို မျှစ်တမျိုးထဲနဲ့ပဲချက်လို့ရတာမဟုတ်ပါ

ခရုတာလပေါ့ဟင်း

ပိန္နဲသီး တာလပေါ့ဟင်း

ကန့်ကလာ တာလပေါ့

ကင်မွန်းချဉ်ရွက် တာလပေါ့

ဇင်မြွန်းသီး တာလပေါ့

ကျိန်ဖူး တာလပေါ့

အိုအများကြီး နဲ့ချက်လို့ရပါသေးတယ်

တာလပေါ့ဆိုတာနဲ့ ဟင်းရည်ပျစ်ပျစ်လေးကို လှမ်းမြင်မိမှာပဲ  ဟင်းနာမည်ပဲပြောင်းသွားတာ ချက်နည်းကသိပ်မကွာလှပါဘူး ဆန်ကို ရေစိမ်ပြီးထောင်းထည့်တာတော့ တူတူပါပဲ

သူနဲ့တွဲစားဖို့ ငပိထောင်းနည်းရေးပေးရအုံးမလားကွယ် (Healthy Food Recipe - Thida Lay)

ဒေါက်တာတင့်ဆွေ

Comments