ပံသုကူပစ်ပွဲသည်လည်း တန်ဆောင်မုန်းလ၏ ပွဲတပွဲဖြစ်သည်။ ပွဲတပွဲဟုဆိုရသော်လည်း အခြားပွဲများကဲ့သို့ လူစုလူဝေးများဖြင့် ထင်ထင်ရှားရှား ကျင်းပပြုလုပ်သော ပွဲမျိုးမဟုတ် လူအများကွယ်ရာတွင်ဖြစ်စေ ညမှောင်ချိန်တွင်ဖြစ်စေ သင်္ကန်းစသည့် သံဃာ့ အသုံးအဆောင် ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းကြသော ပွဲမျိုးတည်း။ အခမ်းအနားဖြင့်ကျင်းပသော ပွဲမျိုးမဟုတ်စေကာမူ ရှေးအခါက ပံသုကူပစ်၍ လှူဒါန်းသူအလွန်များသဖြင့် အများပြုလုပ်သည်ကိုစွဲ၍ ပံသုကူပစ်ပွဲဟု ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်သည်။
ပံသုကူပစ်ပွဲသည် ဗုဒ္ဓဘာသာ၏ ကျင့်စဥ်ဓမ္မများဖြစ်သော ဓုတင် -၁၃ပါးတွင် တပါးအပါအဝင်ဖြစ်သည့် ပံသုကူဓုတင်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ပွဲဖြစ်သည်။ ပံသုကူဓုတင်အကျင့်ဆိုသည်မှာ ဒကာ ဒကာမများက တိုက်ရိုက်လှူဒါန်းသည့် သင်္ကန်းကိုပယ်၍ အမှိုက်ပုံစသည်၌ လူတို့စွန်ပစ်ထားသော အဝတ်များကို ကောက်ယူစုဆောင်းပြီး ချုပ်စပ်ထားသည့် သင်္ကန်းကိုသာ ဝတ်ရုံခြင်းဖြစ်သည်။
ပံသုကူ၏ မူလအမည်မှာ ပံသုကူလဟူသော ပါဠိပုဒ်ဖြစ်၏။ ယင်းပါဠိမှ ပံသုကူဟု၄င်း ပံ့သကူဟု၄င်း မြန်မာမှုဖြစ်လာပါသည်။ ပံသုကူဟူသောမူလနာမည်၏ ရင်းမြစ်အဓိပ္ပါယ်မှာ မြေမှုန့် ဖုန်မှုန့်များအပေါ်၌ မြစ်ကမ်းသဖွယ်မြင့်တက်နေသည့် အဝတ်ပိုင်းဟု ဆိုလိုပေသည်။ (ပံသု = မြေမှုန့် ဖုန်မှုန့် + ကူလ = မြစ်ကမ်းသဖွယ်မြင့်တက်သည့် အဝတ်ပိုင်း) ကမ်းသည် မြစ်ရေအထက်တွင်မြင့်တက်နေသကဲ့သို့ ဤအဝတ်ပိုင်းသည်လည်းကုန်း မြေအထက်တွင် မြင့်တက်နေလေရာ မြင့်တက်ပုံချင်းတူသဖြင့် မြစ်ကမ်းနှင့် ဥပမာပြုထားခြင်းဖြစ်သည်။ တနည်းအားဖြင့် မြေမှုန်ဖုံမှုန့်များ လိမ်းကပ်နေသောကြောင့် မြေမှုန့်ဖုံမှုန့်များပမာ စက်ဆုပ်ရွံရှာဖွယ်ရာအဖြစ်သို့ ရောက်နေသောအဝတ်ပိုင်းဖြစ်သည်ဟုလည်း ဖွင့်ဆိုကြပေသေးသည်။
(ပံသု = မြေမှုန့်ပမာ + ကု = စက်ဆုပ်ရွံရှာဖွယ်အဖြစ်သို့ + ဥလ = ရောက်သည့်အဝတ်ပိုင်း)
ဆင့်ပွားအဓိပ္ပါယ်အားဖြင့်တစုံတခုသော ပိုင်ရှင်မဲ့ပစ္စည်းကို ဖြစ်စေ မိမိလုံ့လပယောဂမပါပဲ အလိုလျောက်ဖြစ်ပေါ်လာသည့် အမဲသားငါး စသည့်ပစ္စည်းတို့ကို ဖြစ်စေ ပံ့သကူဟု မြန်မာလူမျိုးတို့ ခေါ်ဝေါ်ကြသည်။ ယင်းပံ့သကူကိုပင် ပင့်သကူဟု၄င်း ပင့်တကူဟု၄င်း ပြောဆိုရေးသားကြပေသေးသည်။
အချုပ်အားဖြင့် ပံသူကူ သင်္ကန်းဆိုသည်မှာ အမှိုက်ပုံ သုသာန် သင်္ချိုင်းစသည်တို့၌ စွန့်ပစ်ထားသည့် မြေမှုန့် ဖုံမှုန်ပမာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အဝတ်ပိုင်းများကို ကောက်ယူ လျှော်ဖွတ်ပြီး ဖာထေးချုပ်စပ်ထားသော သင်္ကန်းပင် ဖြစ်ပါသည်။
ထိုပံသုကူသင်္ကန်းသည် ဖြစ်ပေါ်လာရာဌာနကိုအကြောင်းပြု၍ ၂၃ မျိုးရှိကြောင်း အဋ္ဌကထာများ၌ ပြဆိုထားပေသည်။
ပံသုကူဓူတင် ဆောင်သောရဟန်းသာမဏေများသည် ဤ ၂၃ မျိုးသောအဝတ်ပိုင်းတို့တွင် ရရာအဝတ်ပိုင်းတို့ကို ကောက်ယူ လျှော်ဖွပ်ပြီး အသားကောင်းများကို ဆုတ်ဖြတ် ဖာစပ် ဝတ်ရုံကြရပေသည်။
ဘုရားရှင်ဝါတော်နှစ်ဆယ်ရသည့်အထိ ဘုရားရှင်နှင့် ဘုရား၏တပည့်သာဝက အားလုံးတို့သည် ပံသုကူသင်္ကန်းကို ဝတ်ရုံဆင်မြန်း၍ ပံသုကူဓုတင်ကို ဆောင်ခဲ့ကြရပါသည်။
ဘုရားရှင်ဝါတော်နှစ်ဆယ်အတွင်း၌ ဒကာဒကာမများလှူဒါန်းသည့် သင်္ကန်းများမပေါ်ပေါက်သေးသဖြင့် ထိုစဥ်အခါက ဒကာဒကာမများ ပံသုကူပစ်သည့်အလေ့အထများ မရှိသေးဟု ဆိုရပေမည်။ ဘုရားနှင့်ဘုရား၏တပည့်သာဝကများမှာ အများအားဖြင့် သုသာန်စသောအရပ်များသို့ကြွရောက်၍ ပံသုကူအဝတ်သင်္ကန်းများ ကိုသာ ရှာမှီးဝတ်ရုံတော်မူလေ့ရှိကြသည်။
လူသားများပစ်သည့် ပံသုကူသင်္ကန်းများကို ပိဋကတ်တော်၌ မတွေ့ရသော်လည်း နတ်သမီးက ပံသုကူသင်္ကန်း ပစ်၍လှူဒါန်းသည်ကိုမူ ဓမ္မပဒအဋ္ဌကထာ အရဟန္တဝဂ် အရှင်အနုရုဒ္ဓါမထေရ်ဝတ္ထု၌ တွေ့ရပါသည်။
မြန်မာတို့၏ပံသုကူပစ်ပွဲ
မြန်မာပြည်သို့သာသနာရောက်လာချိန်တွင် ရှေးခေတ်မြန်မာကြီးတို့သည် ပိဋကတ်တော်လာ ပံသုကူပစ်သည့် အကြောင်းအရာများကို အစွဲပြု၍ ပံသုကူပစ်ပွဲကို ပြုလုပ်ခဲ့ကြပေသည်။ မြန်မာနိုင်ငံတွင်ပံသုကူပစ်ပွဲသည် -
"ပုရှာလေပြီဧအ်။ ပုထုပ်လေပြီဧအ်။ က(ဓိ)န် ပင်္သကူလေပြီဧအ်"
(သက္ကရာဇ်၊ ၅၆၃ ခုထိုး၊ သင်ကြီးညောင်အုပ် ကျောက်စာ ကျော ၁-၂-၃)
ဟူသောပုဂံခေတ်ထိုးကျောက်စာကိုကြည့်လျှင် ပုဂံခေတ်ကပင်ရှိခဲ့သော ပွဲတပွဲဖြစ်ကြောင်း ထင်ရှားပေသည်။
သို့သော် မှန်နန်းမဟာရာဇဝင်တော်ကြီး (ပထမတွဲ)လာ အောက်ပါ ပံသုကူငစွယ်ရှင်မထေရ်မြတ်အကြောင်းအရာကို ထောက်ရှုပါလျှင် ပံသုကူပစ်ပွဲသည် ပုဂံခေတ်ဦးပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့်မထွန်းကားသေးဟု ယူဆရပေသည်။
ပံသုကူငစွယ်ရှင် မထေရ်ကား သက္ကရာဇ် ၅၃၆ ခုနှစ်တွင် နန်းတက်သော နရပတိစည်သူမင်းကြီး လက်ထက်တွင် အကျင့်အလွန်ကောင်းသဖြင့် လူအများက ရဟန္တာဟု ဂုဏ်တင်ပြောဆိုသမုတ်ခံရသည့် မထေရ်ကျော်တပါးတည်း၊ ထိုမထေရ်သည် ကထိန်သင်္ကန်းကိုမခံ တစပြင်၌ သူကောင်လွှမ်းသောပုဆိုးကိုသာကောက်ယူ၍ ထာဝစဥ်ပင် ပံသုကူဓူတင်ဆောင်လေ့ရှိ၏။ တနေ့တွင် ငစွယ်ငယ်ဆိုသော သူငယ်သည် အဖော်များနှင့် နွားကျောင်းနေစဥ် အဖော်များကို "ငါလည်းကုသိုလ်ရ၊မင်းတိုလည်းကုသိုလ်ရအောင် ငါသေယောင်ဆောင်မည်၊ငါ့ကိုယ်ပေါ်တွင် မင်းတို့ပုဆိုးကိုလွှမ်းပြီး အရှင်မြတ်အား ပံသုကူကောက်တော်မူရန် မင်းတို့လျှောက်ထားကြ" ဟု ဆို၏ အဖော်သူငယ်ချင်းများကလည်း ငစွယ်ငယ်ဆိုသည့်အတိုင်း ပြုလုပ်ကြ၏။ အရှင်မြတ်လည်း သုသာန်သို့ကြွ၍ ပံသုကူ ကောက်တော်မူ၏။
အရှင်မြတ်ပြန်ကြွသွားသောအခါ ငစွယ်ငယ်မှာ အသက်မရှုတော့ဘဲ သူသေကဲ့သို့ဖြစ်နေ၏။ ထိုအခါအဖော်များမှာ ထိတ်လန့်ပြီး ငစွယ်ငယ်၏မိဘတို့ကို အကြောင်းစုံ ပြေးပြောကြလေသည်။ မိဘများသည်လည်း အရှင်မြတ်ထံသွား၍ အဖြစ်မှန်ကို လျှောက်ထားကြရာ မထေရ်မြတ်ကြွလာပြီး ပရိတ်မေတ္တာပြုမှ ငစွယ်ငယ် ထ၍ရှိခိုး၏။ မိဘများသည် ငစွယ်ငယ်ကို မထေရ်မြတ်အားလှူ၏။ ဤအချိန်မှစ၍ မထေရ်မြတ်အား "ငစွယ်ရှင်"ဟုခေါ်ဝေါ်ကြလေသည်။
မြန်မာနိုင်ငံတွင် ပံသုကူပစ်ပွဲ ပြန်ပွားထွန်းကားလာသော အချိန်၌ မြန်မာလူမျိုးတို့သည် ဒွိစုံ(အပေါ်ရုံ+ခါးဝတ်)ကိုဖြစ်စေ၊နှစ်ထပ်(ဒုကုဋ်=ဒုဂုဏ်)သင်္ကန်းကြီးကိုဖြစ်စေ အပေါ်ရုံ ဧကသီသင်္ကန်းကိုဖြစ်စေ၊ ခါးဝတ်သင်းပိုင်ကိုဖြစ်စေ မိမိတို့စွမ်းအားရှိသလောက် ပံသုကူပစ်၍ လှူဒါန်းလေ့ရှိကြသည်။ ပံသုကူ ကုသိုလ်ရှင်တို့သည် ကျောင်းတိုက်အတွင်း သံဃာများသွားလာလေ့ရှိသော (ဝါ)သံဃာများ မြင်နိုင် ေတွ့နိုင်လောက်သော သိမ်၊ဘုရားကျောင်း၊ကုဋီ၊နတ်လမ်းနှင့်ကျောင်းဝင်ဝ စသော နေရာတို့၌သော်လည်းကောင်း ကျောင်းတိုက် အပြင်ဘက်၌သော်လည်းကောင်း ညမှောင်ချိန်တွင် စွန့်ပစ်ထားလေ့ ရှိကြသည်။
ထိုစွန့်ပစ်လှူဒါန်းထားသည့် သင်္ကန်းစသည်ကို ပထမဆုံးတွေ့ရှိသည့်သံဃာက ပံသုကူအဖြစ် ကောက်ယူတော်မူသည်။ ပထမတွင် ပံသုကူဆောင်သံဃာများအတွက် စွန့်ပစ်လှူဒါန်းလေ့ရှိကြသော်လည်း ပံသုကူဓူတင်ဆောင်သံဃာများ မရှိသလောက်ရှားပါးလာသော နောက်ပိုင်းခေတ်တွင် ပံသုကူဆောင်-မဆောင် မရွှေးချယ်တော့ပဲ "ဦးစွာတွေ့ရှိသည့်သံဃာ ကောက်ပါစေ"ဟူသော ရည်မှန်းချက်စေတနာမွန်ဖြင့် စွန့်ပစ်လှူဒါန်းလာကြသည်ကို တွေ့ရသည်။
နောက်ပိုင်းခေတ်၌မူ ပံသုကူ ကုသိုလ်ရှင်တို့သည် သင်္ကန်းကိုသာမဟုတ်ဘဲ ထီး၊ဘိနပ်၊သပိတ်၊သေတ္တာ၊ကောဇော၊အိပ်ရာခင်း၊လက်ကိုင်ပုဝါ၊မျက်နှာသုတ်ပဝါစသည့် သံဃာ့အသုံးအဆောင် ပစ္စည်းများကိုလည်း ပံသုကူပစ်ကာတိုးချဲ့ လှူဒါန်းလာကြသည်။ အချို့က သပိတ်ချည်းသက်သက်မပစ်ပဲ သပိတ်ထဲတွင်မွန်မြတ်သော ဆွမ်းနှင့် ဟင်းတို့ကို အပြည်ထည့်ကာ ပံသုကူပစ်ကြသည်ကိုလည်း တွေ့ရ၏။
မြန်မာလူမျိုးတို့ ပံသုကူပစ်ကြသည့်အချိန်ကား အများအားဖြင့် တန်ဆောင်မုန်းလ ဆောင်းဥတုကာလပင် ဖြစ်သည်။ တန်ဆောင်မုန်းလကား မိုးလွတ်လေလွတ် ရာသီဖြစ်၍ ရာသီဥတုအားဖြင့် အလွန်သာယာပေသည်။ ကထိန်သင်္ကန်း မသိုးသင်္ကန်းစသည့် သင်္ကန်းများကိုလှူဒါန်းကြသည့် သင်္ကန်းကာလအခါသမယလည်းဖြစ်သည်။ ဘုရားရှင်လက်ထက်က အချို့ရဟန်းများသည် ကထိန်ခေတ်(သီတင်းကျွတ် လပြည့်ကျော်တရက်မှ တန်ဆောင်မုန်းလပြည့်နေ့ကာလ)အတွင်း၌ ပံသုကူသင်္ကန်း ရှာဖွေကောက်ယူသည်ဟု ပိဋကတ်စာပေများ၌ လာရှိသည်။ ဘုရားရှင်ကိုယ်တော်တိုင် ဥရုဝေလတောမှ သေနာနိဂုံး သုသာန်သို့ကြွ၍ ပံသုကူသင်္ကန်း ကောက်ယူသည့်အချိန်မှာလည်း ဆောင်းတွင်းကာလ တန်ဆောင်မုန်းလ သို့မဟုတ် တန်ဆောင်မုန်းလ ပန်ဝန်းကျင်ပင် ဖြစ်သည်။ ဤအခြင်းအရာများကို အကြောင်းပြု၍ ရှေးမြန်မာကြီးတို့သည် တန်ဆောင်မုန်းလတွင် ပံသုကူပစ်ပွဲကို ပြုလုပ်ခဲ့ဟန်ရှိပါသည်။
သို့ရာတွင် မည်သည့်ဥတု မည်သည့်ကာလ၌ ပံသုကူကောက်ရမည်ဟု ပိဋကတ်တော်များတွင် တိတိကျကျ သတ်မှတ်ဖော်ပြချက်များကို မတွေ့ရချေ။ သဘာဝအားဖြင့်လည်း ဘုရားအမှူးရှိသော သံဃာတော်တို့သည် တန်ဆောင်မုန်းလ တလထဲ၌သာ ပံသုကူကောက်တော်မူကြမည် မဟုတ်၊မိမိတို့အလိုရှိသောလများတွင် အလျင်းသင့်သလို ပံသုကူကောက်ကြမည်သာဖြစ်၏။ ထို့ကြောင့် ရာသီဥတုသာယာသည့်အချိန် မည်သည့်လ၌မဆို ပံသုကူပစ်ကောင်းပေသည်။
ယခုခေတ်၌ မြန်မာနိုင်ငံတော်တွင် ပံသုကူပစ်၍ လှူဒါန်းခြင်းများ တဖြည်းဖြည်းနည်းပါးလာလေပြီ။ သို့ရာတွင် လုံးဝကွယ်ပျောက်သွား ခြင်းကား မရှိသေးပေ။ အချို့မြို့ရွှာဒေသများ၌
ပံသုကူပစ်မှုများရှိနေပေသေးသည်။
(ဆရာကြီးဓမ္မာစရိယဦးအေးနိုင်၏ ဆယ့်နှစ်ရာသီ မြန်မာ့ရိုးရာ ရာသီပွဲတော်များစာအုပ်မှ ထုတ်ယူ မျှဝေပါသည်။ Learn With Us)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment