Skip to main content

"အနိစ္စ"

(သိပ္ပံမောင်ဝ)
ခွေးတို့၏ လောကကြီးတွင် တနှစ်တကြိမ် အချစ်နာလန် ထသည်မှာ ဓမ္မတာပင် ဖြစ်၏။ တော်သလင်းလ ကျမှဖြင့် ခွေးအပေါင်းတို့ကို ရာဂ နတ်မင်းကြီးသည် ဖမ်းစားလေတော့ သတည်း။
အာမိတ်၊ လွေဇောနှင့် ခွေးနက်ကြီးတို့မှာ သိကြားမင်း၏ သားသမီး မဟုတ်ကြ သောကြောင့် သူတို့လည်း ရာဂ နတ်မင်းကြီး၏ ဖမ်းစားခြင်းကို ခံကြရ ရှာလေသည်။ ရာဂ နတ်မင်းကြီး၏ လက်ဦးဆုံး ဖမ်းစားခြင်း ခံရသူကား လွေဇောနှင့် ခွေးနက်ကြီး ဖြစ်ကြလေသည်။ လွေဇောနှင့် ခွေးနက်ကြီးတို့မှာ နဂိုကပင် တကောင်နှင့် တကောင် ရင်းနှီးရသည့် အထဲတွင် ရာဂ နတ်မင်းကြီးက ဖမ်းစားလိုက် ပြန်သောအခါ အထူးပင် ရူးရူးမူးမူးဖြစ်၍ သွားကြကုန်၏။ လွေဇောနှင့် ကြာသမား ခွေးနက်ကြီးတို့မှာ သွားလည်းတူတူ နေမူမကွာ လွန်စွာမှပင် ပျော်ပါးနေကြ ကုန်၏။ စားရမှန်းလည်း မသိ၊ သောက်ရမှန်းလည်း မသိ။ တကောင်ကို တကောင် ပလူးနေရ၊ နှူးနေရလျှင် ကျေနပ်ကြလေပြီ။ လွေဇောကလည်း အမူပါ။ ကြာသမား ခွေးနက်ကြီးကလည်း အနှူးကောင်း။ သူတို့နှစ်ကောင်မှာ မိုးမမြင် လေမမြင် အပျော်ကြီး ပျော်နေကြကုန်၏။
လွေဇောနှင့် ခွေးနက်ကြီးတို့၏ အဖြစ်အပျက်ကို မြင်ရလျှင် အာမိတ်မှာ မနာလို ဖြစ်မိပေ၏။ မနာလိုဖြစ်ရာမှ ရန်ထောင်လိုသော စိတ် ပေါ်ပေါက်လာ၏။ လွေဇောနှင့် ခွေးနက်ကြီးတို့ တကောင်နှင့် တကောင် ကျီစယ် နေကြသည်ကို အာမိတ် မမြင်လိုတော့ပြီ။ မကြည့် နိုင်တော့ပြီ။ အာမိတ်ကို ရာဂ နတ်မင်းကြီး ဝင်၍ ပူးလေပြီ။ အာမိတ် ခါတိုင်းကဲ့သို့ မနေနိုင်ရှာ။ လွေဇော၏ အနားသို့ ရစ်သီရစ်သီနှင့် သွားတော့၏။ ခွေးနက်ကြီးက မာန်လေသည်။ အာမိတ် အဘယ်မှာလျှင် ခံနိုင်တော့အံ့နည်း။ ရာဂ နတ်မင်းကြီး ဖမ်းရုံမျှမက ဒိန်းဒလိန်းနတ်လည်း ဝင်ပူးလာလေပြီ။
မောင်လူအေးတို့ဤနေအိမ်သို့ရောက်စက အာမိတ်နှင့် လွေဇောတို့မှာ ငယ်ကြသေး၏။ အပျိုဘော် လူပျိုဘော် ဝင်ခါစ ရှိကြသေးသည်။ ခွေးနက်ကြီးကား အသက် အတော် ကြီးနေလေပြီ။ ယခင်နှစ်ကမူကား အသက်ကလည်း ကြီး၊ အိမ်ခံကလည်း ဖြစ်ပြန်သောကြောင့် အာမိတ်ကို နိုင်ချင်သလို နိုင်ခဲ့လေသည်။ အာမိတ်ခမျာ ခွေးနက်ကြီးကို အတော်ပင် ကြောက်ခဲ့ရရှာ၏။ ခွေးနက်ကြီး ထားရာမှာ နေခဲ့ရရှာ၏။ ယခင်နှစ်က ခွေးနက်ကြီးနှင့် လွေဇောတို့ ချစ်ကြိုက်ကြရာမှာပင် သူ အကူအညီ ပေးခဲ့ရသည်။
ယခုကား ဤသို့မဟုတ်တော့ပြီ။ အာမိတ်မှာ အသက်လည်း ကြီးလာလေပြီ။ အရွယ်ကလည်း ခွေးနက်ကြီးထက်ပင် ထွားကျိုင်းသေး၏။ ဘူး၊ ချီး၊ ဒိုင်း စသော သားသမီးများကိုလည်း အုပ်ထိန်း လာခဲ့ရသောကြောင့် သတ္တိလည်း ကောင်း၍ လာလေပြီ။ ရှေးက ခွေးနက်ကြီးအား ရွံ့တွန့်တွန့် ဖြစ်ခဲ့သော်လည်း ရာဂနတ်ကြီးနှင့် ဒိန်းဒလိန်းနတ်တို့က ကူညီအားပေး သောကြောင့် ခွေးနက်ကြီးနှင့် အားပြိုင်လိုသော စိတ်ထားမှာ အာမိတ်တွင် ပေါ်လာ၏။
တခုသော ညနေတွင် ကြာသမား ခွေးနက်ကြီးနှင့် လွေဇောတို့ ကျီစယ် ကစားနေခိုက် အာမိတ်ကြီးသည် လွေဇော၏ အနားသို့ ပြေး၍ သွား၏။ ကြာသမား ခွေးနက်ကြီးက မာန်၍ လွှတ်လေသည်။ ရှေးအခါ ဖြစ်မူကား အာမိတ် လှည့်၍ ပြေးမည်မှာ မုချပင်။ ယခုမူ ပြန်၍ မပြေးဘဲ “ဟေ့ မယားခိုး၊ မယားထိတော့ သွားကို ကြည့်ကွ” ဆိုသော အနေနှင့် မိမိသွားများကို ဖြဲပြလေတော့၏။ ကြာသမား ခွေးနက်ကြီးမှာ အတော်ပင် အံ့အားသင့် သွားပြီးနောက် “ဘာပြောတယ်၊ ဒါ ငါ့မယားကွ။ မင်းနဲ့ မဆိုင်ပါဘူး” ဆိုသော အနေနှင့် မိမိ၏ သွားများကို ဖြဲ၍ ပြလိုက်ပြန်လေ၏။ လွေဇောကား ခွေးနက်ကြီး၏ အနားမှ မခွာ “ဒါမှ ငါ့သခင်” ဆိုသော အနေမျိုးနှင့် နေပေ၏။ အာမိတ် ကြောက်သွားပြီလော။ စိတ်ပျက်သွားပြီလော။ အဘယ်မှာ ကြောက်ပါအံ့နည်း။ အဘယ်မှာ စိတ်ပျက်ပါအံ့နည်း။
“ဟေ့ လွေဇောဟာ ငါ့မယား မဟုတ်လို့ဘယ်သူ့မယားလဲ။ ငါ့ မိဘများက လူကြီးစုံရာရှေ့မှာ ပေးစားထားတာ။ တိုင်းသိပြည်သိ မှတ်ပါ။ သတင်းစာထဲမှာ ဓာတ်ပုံ မပါတာ တမယ် ရှိတယ်”  ဆိုသော အနေနှင့် သွားများကို ဖြဲ၍ ပြပြန်၏။ ဟိန်းလည်း ဟိန်း၏။ ဟောင်လည်း ဟောင်၏။
“မင်းဘာမှ စကားမများနဲ့။ မင်းမိဘတွေက ပေးစားတာ မပေးစားတာ ငါ နားမလည်ဘူး။ ငါ့ကို လွေဇော ချစ်တယ်။ ငါက လွေဇောကို ချစ်တယ်။ မယုံယင် လွေဇော မေးကြည့်” ဆိုသော အနေနှင့် သွားများကို ဖြဲပြပြီးလျှင် လွေဇောကို လှည့်၍ ကြည့်၏။ လွေဇောကလည်း ထောက်ခံသော အနေနှင့် ခွေးနက်ကြီး၏ အနားသို့ ကပ်၍ သွားလေသည်။ အာမိတ် အတော်ပင် မျက်နှာပျက်သွား၏။ ဒေါသလည်း ထွက်လေသည်။ သို့သော် နောက်မဆုတ်။
“ဘယ်သူချစ်ချစ်၊ ငါမသိဘူး၊ လူကြီးစုံရာ ရှေ့မှာ ပေးစားထားတဲ့ ငါ့မယား၊ ငါသာ ပိုင်တယ်။ မင်း မပိုင်ဘူး” ဆိုသော အနေနှင့် သွားများကို ဖြဲ၍ ပြပြန်၏။
အာမိတ်၏ ဥပဒေ စကားကို ပြောသောအခါ ကြာသမား ခွေးနက်ကြီးမှာ အတော်ပင် နေရခက်သွား၏။ လွေဇောလည်း မျက်နှာပျက်သွား လေသည်။ နောက်ဆုံး၌ အကြံတခု ရလာပြီးလျှင် “ဟေ့ ဘာဘဲဖြစ်ဖြစ်၊ နောင်ခါလာ နောင်စျေး၊ အခု မင်း ငါ့မယားကို ထိဝံ့ရင် ထိစမ်း” ဟုဆိုကာ ဟိန်းလိုက်၏။
“ကိုင်း ထိသကွာ” ဆိုသော အနေနှင့် လွေဇော၏ အနားသို့ပြေးသွား၏။ လွေဇောလည်း ခွေးနက်ကြီး၏ နောက်ဘက်သို့ ဝင်လိုက်လေသည်။ ခွေးနက်ကြီးလည်း ဒေါသအမျက် ချောင်းချောင်းထွက်ပြီးလျှင် အာမိတ်ကို ဆီး၍ ကိုက်တော့၏။ အာမိတ်ကလည်း မခံ၊ ပြန်၍ ကိုက်လေသည်။ ခွေးနက်ကြီးနှင့် အာမိတ်တို့မှာ သူတပြန်၊ ငါတပြန် ကိုက်နေကြလေသည်။ ကုက္ကိုပင်ကြီး အောက်တွင် ဆူညံ၍သာ နေတော့၏။
မောင်လူအေးသည် ဒင်းတို့ ၂ ကောင်ကို အတန်ကြာအောင် အကိုက်ခိုင်းလေသည်။ သို့သော် မည်သူမျှ မရှုံး၊ မည်သူမျှ မနိုင်ချေ။ နောက်ဆုံး မော်တော်ကားသမား မောင်နီနှင့် ရေထမ်းသမား မဟာရံတို့အား အဖြန်ခိုင်းလိုက် လေသည်။ အာမိတ် မျက်နှာ စုတ်သွား၏။ ခွေးနက်ကြီး၏ တင်ပါးနှင့် ကိုယ်တို့မှာ အကြီးအကျယ် ပြဲသွားလေသည်။ သို့သော် အခဲမကျေသေး။ မောင်နီတို့ကို ကြောက်၍သာ တကွဲတပြား ထွက်ပြေးကြလေသည်။
နောက်တနေ့နံနက် ကာဖီ သောက်ပြီးနောက် မောင်လူအေးသည် အိမ်ပေါ်ထပ် စာရေးစားပွဲတွင် အမှုတွဲများနှင့် ရှုပ်ပွေနေခိုက် အိမ်ရှေ့ မြက်ခင်း ပေါ်တွင် အာမိတ်နှင့် ခွေးနက်ကြီးတို့၏ စစ်ပွဲကို မြင်ရပြန်၏။ အမှုတွဲများကို ခဏချထားပြီးနောက် အာမိတ်တို့ စစ်ပွဲကို စိတ်ပါ၊ လက်ပါ၊ မောင်လူအေး ကြည့်နေလေ သတည်း။
လက်ဦးတွင် ခွေးနက်ကြီးက နိုင်မယောင်ယောင် နေ၏။ အတော်လေးကြာလျှင် ခွေးနက်ကြီး မောစပြု လေပြီ။ မနေ့ ညနေက အာမိတ် ကိုက်ထားသောကြောင့် တင်ပါးနှင့် ကိုယ်တို့မှ အနာများကလည်း ဒုက္ခပေးစ ပြုကြလေပြီ။ အာမိတ်မှာ အသက်ငယ်ပြီး အားကောင်းသော တက်ခွေး ဖြစ်၏။ ခွေးနက်ကြီးကား အသက်ကြီးပြီး ခွန်အား ဆုတ်နေသော ကျခွေး ဖြစ်လေသည်။ ရေရှည်တိုက်ပွဲတွင် တက်ခွေး အာမိတ်အား ကျခွေး ခွေးနက်ကြီးသည် အဘယ်မှာလျှင် နိုင်အောင် ကိုက်ရန် တတ်နိုင်ပါအံ့နည်း။ ယောက်ျား ပီသသော အာမိတ်အား မိန်းမလို မိန်းမရ ကြာသမား ခွေးနက်ကြီးသည် အဘယ်မှာ နှိမ်နင်းနိုင်အံ့နည်း။
ကိုက်ပွဲကြီးကို စ၍ ၁၅ မိနစ်အတွင်း ခွေးနက်ကြီး ထွက်ပြေး လေတော့၏။ အာမိတ်လည်း အခဲမကျေ။ နောက်မှ ပြေးလိုက်သေး၏။ သို့သော် သေပြေး၊ ရှင်ပြေး ဝင်းအပြင်ဘက်သို့ ထွက်၍ ပြေးတော့မှ လွေဇော ရှိရာ မြက်ခင်းသို့ အာမိတ် ပြန်၍ လာသတည်း။ လွေဇော၏ စိတ်ထဲတွင် အာမိတ်သည် ခွေးနက်ကြီးကို မည်သည့် အခါမျှ နိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။ ခွေးနက်ကြီးနှင့် တွေ့စမှ ယနေ့တိုင် ခွေးနက်ကြီး အပေါ်တွင် လွေဇောသည် အစစ အရာရာ၌ အထင်ကြီးခဲ့ပေ၏။ ယနေ့နံနက် ကိုက်ပွဲကျမှ အာမိတ်က ခွေးနက်ကြီးထက်ပင် သတ္တိကောင်းကြောင်း၊ ဇွဲကောင်းကြောင်း၊ ခွန်အားကောင်းကြောင်း သိရလေသည်။
အာမိတ် မိမိ၏ အနားသို့ ရောက်လာသောအခါ လွေဇောသည် အာမိတ်၏ အနားသို့ ပြေးသွားပြီးလျှင် အာမိတ်၏ မျက်နှာကို လျှာဖြင့် လျက်လေတော့၏။ အာမိတ်အား ချစ်ခင်သော အမူအရာများကို ပြ၏။ အာမိတ်ကို အားကိုးသော အမူအရာ၊ မြတ်နိုးသော အမူအရာ၊ အထင်ကြီးသော အမူအရာ တို့ကိုလည်း ပြလေသည်။ လွေဇော၏ အပြုအမူများကို မြင်ရသော အာမိတ်၏ မျက်နှာထားကို စာဖြင့် ရေးပြရန် ခက်လှပေ၏။ “ခွေးနက်ကြီး လောက်တော့ ငါ ဘာမှုမလဲ” ဆိုသော မျက်နှာထားနှင့် ခပ်တည်တည် ဂိုက်ကျကျ လွေဇော၏ အနားတွင် ရပ်ကာ နေလေသည်။
အထက်ဖော်ပြပါ ကိုက်ပွဲကြီး ပြီးသည့်နောက် အာမိတ်နှင့် လွေဇောတို့၏ အနားသို့ ခွေးနက်ကြီး လာဘို့ဝေးစွ မောင်လူအေး၏ ဝင်းအတွင်းသို့ပင် မဝင်ဝံ့တော့ပြီ။ ခွေးနက်ကြီး ရိပ်ခနဲ မြင်လိုက်သည်နှင့် တပြိုင်နက် အာမိတ် လိုက်လေတော့၏။ ခွေးနက်ကြီးမှာ သေပြေး၊ ရှင်ပြေး၊ ပြေးရရှာလေသည်။ လွေဇောကလည်း အာမိတ်၏ အနားမှ မခွါတော့ပြီ။ အာမိတ်နှင့် လွေဇောတို့မှာ ချစ်၍မဆုံး ကြိုက်၍မဆုံး ပျော်၍မဆုံး တပြုံးပြုံးနှင့် နေကြကုန်၏။ ဤအခြင်းအရာကို အဝေးမှာနေ၍ မြင်ရသော ခွေးနက်ကြီးကား မည်မျှ အခံရဆိုး၊ မည်မျှ အသည်းနာမည်နည်း။
မနှစ်တုန်းက ခင်သန်းမြင့်၏ ရန်ကြောင့် လွေဇောနှင့် ခပ်ကြာကြာကလေး ကြင်ကြင်နာနာ မပေါင်းလိုက်ရ။ ယခုနှစ် ကျပြန်လည်း အာမိတ်တည်း ဟူသော ရန်သူတက်ခွေးနှင့် တွေ့နေရ ပြန်သောကြောင့် နီးလျှက်နှင့် ဝေးရပြန်လေသည်။ ခွေးနက်ကြီးသည် မိမိ၏ အဖြစ်အပျက်ကို တွေးတွေးပြီး ဆွေးနေဟန် တူလေသည်။
တခါတခါ မလွေဇော ခင်နှမနှင့် မကြင်ရသော်လည်း မြင်ရလျှင် တော်ပါပြီ ဟူသော အနေနှင့် အာမိတ် မမြင်နိုင်သော ချုံအကွယ်မှ လာ၍ ချောင်းရှာပေ၏။ အာမိတ်နှင့် လွေဇောတို့ ကျီစယ် နေကြသည်ကို မြင်လိုက်ရ ပြန်သောအခါ အသည်းထဲတွင် ကျွဲဝင်၍ ခတ်လိုက်ဘိ သကဲ့သို့ဖြစ်ပြီးလျှင် မိမိ၏ နေရာတွင် မတည်မရပ် နိုင်ရှာဘဲ ထွက်သွားပြန်၏။ ခွေးနက်ကြီးမှာ မယားတရူး ဖြစ်ပြီးလျှင် မောင်လူအေးတို့၏ ဝင်းအပြင်ဘက်တွင် ရပ်တည်ခြင်း မရှိ။ တပြေးတည်း ပြေးနေလေတော့၏။ စားလည်း မစားနိုင်၊ အိပ်လည်း မအိပ်နိုင်၊ သောက်လည်း မသောက်နိုင်။ တမှိုင်မှိုင် တတွေတွေ 
ဖြစ်လျှက်နေလေသတည်း။
ညအချိန်များတွင် စိတ်ညစ်လှသဖြင့် အသံကုန် ဟစ်၍ အူရှာပေ၏။ ခွေးနက်ကြီး၏ အူသံ ကြားရသည်နှင့် တပြိုင်နက် အာမိတ် ဝင်းအတွင်းမှ ပြေးထွက်၍ လိုက်ပြန်၏။ ခွေးနက်ကြီးမှာ စိတ်ရှိလက်ရှိပင် မအူရရှာပေ။ အာမိတ်ကြီး အနီးသို့ ရောက်လာသောကြောင့် အူ၍ မဆုံးမီ ပြေးရရှာပြန်၏။
ဤသို့ မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်င်၊ တမှိုင်မှိုင် ပြေးနေရှာသော ခွေးနက်ကြီးမှာ တနေ့တခြား ပိန်ခြုံး၍သာ လာလေသည်။ စိတ်ထောင်း၍ ကိုယ်ကြေဆိုသော စကားမှာ မှန်လာလေပြီ။ အာမိတ် ကိုက်၍ ရထားသော ဒဏ်ရာကလည်း ဒုက္ခပေးစ ပြုကြလေပြီ။ တနေ့တခြား လျော့၍ မသွားဘဲ 
တစ တစသာလျှင် တိုး၍ လာတော့၏။ လွေဇောအတွက် စိတ်ညစ်ရသည်က တမျိုး၊ အာမိတ် ကိုက်ထားသော အနာများ တိုးလာသည်က တတန်နှင့် အင်မတန်မှ ဒုက္ခရောက်နေ ရှာပေ၏။
ယင်ကောင်များ၏ ပယောဂကြောင့် ခွေးနက်ကြီး၏ အနာများကို ပိုးများ တွယ်စ ပြုလေ၏။ ခွေးနက်ကြီး မနေတတ် မထိုင်တတ် ဖြစ်နေရှာလေပြီ။ မည်သို့မျှလည်း မလုပ်တတ်။ 
တပြေးတည်း ပြေးနေရှာ၏။ ခွေးနက်ကြီး၏ ဒုက္ခကို မြင်ရသော မောင်လူအေးမှာ မသနားဘဲ မနေနိုင်။ သူ၏ အနာများကို ဆေးထည့်ပေးအံ့ဟု ခေါ်သော်လည်း အနားသို့ မလာ။ မောင်နီတို့အား ဖမ်းခိုင်းသော်လည်း မရ။
ခွေးနက်ကြီး၏ ရောဂါမှာ အတော်ပင် ဆိုးလာသောကြောင့် ၄င်းရောဂါနှင့်ပင် ခွေးနက်ကြီး သေတော့မည်ဟု အယူရှိကြ လေသည်။ သူတို့၏ အိမ်ရှေ့တွင် လာသေမည် စိုးသော
ကြောင့် မောင်စိန်တို့လူစု ခွေးနက်ကြီးကို မြင်လျှင် အဝေးသို့ နှင်ပစ်လေ့ ရှိကြကုန်၏။ လွေဇောကို မမြင်ရလျှင် မနေနိုင်။ သေပင် သေရစေကာမူ လွေဇော၏ မျက်မှောက်တွင် သေအံ့ ဟူသော အနေဖြင့် သူတကာ အိပ်ပျော်နေသော ညည့်နက်သန်းခေါင် အချိန်တွင် မိမိနှင့် လွေဇောတို့ ယခင်က ပျော်ပျော်ပါးပါး မြူးတူးကစားလေ့ ရှိသော ကုက္ကိုပင်ကြီး အောက်တွင် လာ၍ သေရှာပေ၏။
နောက်တနေ့ နံနက်စောစော မောင်စိန်တို့ အိပ်ရာမှ ထကြသောအခါ ခွေးနက်ကြီး၏ အလောင်းကို ကုက္ကိုပင်အောက်တွင် မြင်ကြရကုန်၏။ ဤနည်းအားဖြင့် ကြာသမား ခွေးနက်ကြီးသည် သေပွဲသို့ ဝင်ရရှာလေသတည်း။
ချစ်ခြင်းသည် သတ္တဝါတို့အား တခါတခါ ကြီးစွာသော ဒုက္ခကို ပေးတတ်ပါတကား။   ။
သိပ္ပံမောင်ဝ
ဂန္ထလောက၊ မေ၊ ၁၉၃၈။
မူရင်းစာကို လူအများစုကြီးလို မှားအောင်မပြင်ဘဲ တင်ပေးထားသူ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ