မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနဲ့ သံခင်းတမန်ခင်းမှာ နာမည်အကြီးဆုံးလို့ပြောရမဲ့ (ဟင်နရီ ကစ်ဆင်ဂျာ) ဟာ ဟားဗတ်တက္ကသိုလ် ပါရဂူဘွဲ့အတွက် စာတမ်းရေးဘို့ရွေးတဲ့အခါ ၁၇ ရာစုကို ပြန်သွားနေသလားလို့ မြင်ခဲ့ကြတယ်။ ၁၆၄၈ ကဖြစ်ခဲ့တဲ့ (ဝက်စ်ဖီးလီးယား) ငြိမ်းချမ်းရေးကို အခြေခံတဲ့ နိုင်ငံတကာဖြစ်စဉ်ကို ရွေးလိုက်လို့ပါ။ ဒီစနစ်ဖြစ်စဉ်ကနေ အနှစ် ၃၀ စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့တယ်။ ဥရောပနိုင်ငံတကာအရေးမှာ ဘာသာရေးစစ်ပွဲတွေ၊ (ဟိုလီ ရိုမန် အင်ပါယာ)နဲ့ ဥရောပပါဝါမျှခြေတွေကနေ ပုံဖော်တာမဟုတ်ဘဲ၊ ဘာသာရေးအပါအဝင် မတူကွဲပြား တာတွေကို အုပ်စိုးတဲ့ အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့(တိုင်းပြည်စတိတ်) ကနေ ပုံဖော်တယ်လို့ ဆိုပါတယ်။ တပါးနိုင်ငံပြည်တွင်းရေးကို ဝင်မစွက်ရေးမူကို အခြေပြုပြီး၊ အမျိုးသားအကျိုးစီးပွား ကို တွက်တာဖြစ်ပါတယ်။
သူနဲ့သဘောမတူတဲ့ တခြားဟားဗတ်ကျောင်းသားတွေကတော့ အနုမြူဗုံးကနေ ကမာ္ဘ့အရေးမှာ အခြေခံကျကျ ပြောင်းနိုင်ခဲ့တယ်လို့ ဒုတိယကမာ္ဘစစ်နမူနာကို ထောက်ပြကြတယ်။ ဒီအယူအဆ မှာ ကျင့်ဝတ်သဘောနဲ့ ဆန့်ကျင်နေတာ တွေရှိတယ်။ ကောင်းတယ်ဆိုတာကိုသာ ရွေးလိုက်ရင် အန္တရာယ်တွေ ဆက်လာမယ်လို့မြင်တာမို့ အပြစ်တင်စရာဖြစ်ပေမဲ့ ကိုယ့်တိုင်းပြည်အကျိုးစီးပွား အတွက် ဒိထက်သင့်တော်တာမရှိတဲ့ လမ်းစဉ်လို့ ဆိုပါတယ်။ (ကစ်ဆင်ဂျာ) က သူ့အယူအဆကို ဆိုဗီယက်ယူနီယန်နဲ့ ကျေစေအေးစေလုပ်ပြီး အစွမ်းပြနိုင်ခဲ့ပါတယ်။ ဒိနောက်မှာ ကွန်မြူနစ် တရုပ်ပြည်ကြီးရဲ့တခါးကို ဖွင့်နိုင်ခဲ့တယ်။
နိုင်ငံရေးမှာ ကောက်ကျစ်မှုကို ထိန်းချုပ်ရေးလုပ်ရတာမဟုတ်ဘဲ၊ မှန်တယ်ဆိုတာတွေကို ကန့်သတ်ရေး ဖြစ်ပါသတဲ့။
အသက် (၉၁) နှစ်ရှိပြီဖြစ်တဲ့ ကစ်ဆင်ဂျာဟာ သူ့ရဲ့ (၁၇) အုပ်မြောက်စာအုပ်ရေးပြန်ပါတယ်။ ကမာ္ဘ့အစီအစဉ်တဲ့။ အချုပ်အခြာအာဏာကို ကာကွယ်ရေးဘက်ကနေ ရေးတာပါဘဲ။ ပြင်သစ်က (ကာဒီနယ် ရစ်ချ်လီယူ)၊ (ပရပ်ရှား) က (ဘစ္စမတ်ခ်)၊ အိန္ဒိယက (ကော်တီလယာ)၊ (အော်တိုမန် စူလ်တန် ဆူလီမန်) တို့ လမ်းစဉ်အတိုင်းဖြစ်ပါတယ်။ အမေရိကန်သမတတွေဖြစ်ကြတဲ့ (တက်ဒီ ရုစ်ဗဲလ်)၊ (ဝုဒ်ဒိုး ဝီလဆင်)တို့လည်း အဲဒီကမာ္ဘဖြစ်စဉ်မျိုးကို ပုံဖေါ်ခဲ့ကြတာပါဘဲ။ (ရီရယ်လစ် အိုင်ဒီယာ) သမားတွေ ဖြစ်တယ်။ (ဂျော့ ဒဘလယူ ဘွတ်ချ်)ကို (အိုင်ဒီရယ်လစ်) လမ်းစဉ်လိုက်ခဲ့ လို့ ပြစ်တင်ထားပါတယ်။
သူ့စာအုပ်ကို ဒီလိုအချိန်မျိုးမှာရေးလို့ အံ့သြကြသူတွေများတယ်။ ၂၁ ရာစု နိုင်ငံတကာ အခင်းအကျင်းနဲ့ ဖီလာဖြစ်နေလို့ပါ။ ကမာ္ဘကြီးပြားပြီ၊ အကြမ်းဖက်မှုဆိုတာ နယ်နိမိတ်မထား၊ ဆိုးသွမ်းရက်စက်တဲ့ အာဏာရှင်တွေ အောက်ကလူအများကို လူသားခြင်းစာနာမှုအရ အကူအညီပေးရမယ် စတဲ့အဖြစ်အပျက်တွေကို မျက်ဝါးထင်ထင် မြင်နေကြရတယ် မဟုတ်ပါလား။ ရီရယ်လစ်အိုင်ဒီယာကိုပြစ်ပယ်ပြီး လွတ်မြောက်မှု (အာဂျင်ဒါ) နဲ့ အီရတ်ကို ဝင်တိုက်ခဲ့တာဟာ အရှေ့အလယ်ပိုင်းမှာ ဒီမိုကရေစီအတွက် စိတ်ချရဘို့လို့ဆိုပါတယ်။ လူသားချင်းစာနာမှု အခေါင်းစဉ်နဲ့ လစ်ဗျားက (ကဒါဖီ) ကိုပြုတ်ကျစေတယ်။
အမေရိကန်ပြည်ထောင်စုသမိုင်းမှာ (ဝက်စ်ဖီးလီးယား) သီအိုရီကိုလိုက်တဲ့အခါလိုက်ပြီး၊ ပါဝါမျှခြေနည်းသုံးတဲ့အခါ သုံးပါတယ်။ သူတပါးပြည်တွင်းရေးကို စွက်ချင်ရင်လဲစွက်ပါတယ်။ အမြဲစွက်တာလဲမဟုတ်ပါ။ (ကစ်ဆင်ဂျာ) ကိုယ်တိုင် ဝန်ခံတာက အမေရိကန် (ဒီအင်န်အေ) မှာ (အိုင်ဒီရယ်လစ်ဇင်) ပါနေတယ်လို့ဆိုပါတယ်။ သူက အဲဒီအချက်ကို ထောက်ပြဘို့ မပျက်ကွက်ပေမဲ့ ဆက်ပြီး ဒါပေမဲ့ ဆိုတာအမြဲလိုက်ပါတယ်။
တကယ့် ဒါပေမဲ့ကတော့ ခိုင်မြဲအမြစ်တွယ်နေတဲ့ဒီမိုကရေစီမှာ (တန်ဘိုး-ဘက်မလိုက်မှု) အယူအဆဟာ တာရှည် မဖြစ်နိုင်ပါ။ (ကစ်ဆင်ဂျာ) ၁၉၇ဝ ကျော်နှစ်တွေမှာ အမျိုးသားလုံခြုံရေး အကြံပေးနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမှုထမ်းခဲ့တဲ့ သမ္မတ (ရစ်ချတ် နစ်ဆင်) နောက်မှာ သူနဲ့မတူတဲ့ နည်းလမ်းကိုသုံးကြတဲ့ (ဂျင်မီကာတာ) နဲ့ (ရော်နယ် ရီဂင်) တို့တက်လာပါတော့တယ်။
အခုတော့ (ကစ်ဆင်ဂျာ) ပြောသလိုမျိုးဖြစ်ပျက်နေပြန်ပါပြီ။ အာရတ်တိုင်းပြည်တွေမှာ အစွန်း ရောက် (ဂျီဟဒ်ဒီ) တွေရန်ကို ထိန်းနိုင်ဘို့ရာ စွက်ဖက်မှုမလုပ်လို့မရတော့ပါ။ ကျင့်ဝတ်ဆိုတာ တွေကို မချိုးဖောက်လို့မဖြစ်တော့ပါ။ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား၊ အာဖကန်နစ္စတန်နဲ့ အီဂျစ်မှာ ကိုယ်ကျိုးစီးပွားအတွက် မဟာဗျူဟာကျတာတွေ လုပ်လာရပါတော့တယ်။ အာဖကန်စစ်ပွဲမှာ အမေရိကန်စစ်သားတွေပါနေတာရော၊ စစ်ပွဲကိုပါ အဆုံးသတ်မယ်လို့ မဲဆွယ်ခဲ့တဲ့ သမ္မတ (အိုဘားမား) စစ်ပွဲသစ်တမျိုးကို မတိုက်လို့မဖြစ်တဲ့အခြေအနေ တိုက်နေရပါပြီ။
ဒါ့ကြောင့် အိုင်ဒီရယ်လစ် (ကျင့်ဝတ်) အပေါ်မှာ ရီရယ်လစ် (လက်တွေ့) က ကဲသာနေတဲ့ ကမာ္ဘ့အစီအစဉ်ပါ။
၁၉၈၈ အရေးအခင်းမှာ ဒီမိုကရေစီဖက်ကနေ ပြတ်ပြတ်သားသားထောက်ကူခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ ၁၉၉၂-၉၃ မှာ (ယူတန်း) လုပ်ပြီး စစ်အစိုးရနဲ့ ပလူးပလဲပေါ်လစီကိုစတင်ခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ် (နာရာဆင်ဟာရောင်း) ကနေ ပြောခဲ့ပါတယ်။ New Word Order ကမာ္ဘ့အစီအစဉ်သစ်တဲ့။
ကျွန်တော့ကတော့ အဆီအငေါ်မတည့်တဲ့ကမာ္ဘလို့သာ မြင်ပါတယ်။ ကောက်ကျစ်စဉ်းလဲမှု ကန့်သတ်ရေးဆိုတာကို တည်ငြိမ်ရေးအတွက်လို့ ဘာသာပြန်တဲ့ခေတ်မှာ ကျွန်တော်တို့ လူဖြစ်နေကြရတယ်။ အာဏာရှင်တွေကို တိုက်ဖျက်ရေးမှာ ရှုတ်ထွေးလာတယ်။ (အိုင်အက်စ်အိုင်အက်စ်)ကို ထိုးနှက်ဖို့ရာ အမေရိကန်ဟာ ဆီးရီးယားသမတ (အားဆဒ်) နဲ့ အပေးအယူလုပ်ရတယ်။ ဆိုးတဲ့သမ္မတကို ပိုဆိုးတဲ့မွတ်ဆလင်အစွန်းရောက်တွေကနေ အသက်ဆက်ပေးသလို ဖြစ်စေတယ်။
ပြီးခဲ့တဲ့ ၇ နှစ်အတွင်း နိုင်ငံတကာမှာ အသစ်အသစ်၊ အပျက်အပျက်တွေ အများကြီး ဖြစ်ထွန်းခဲ့ပါတယ်။ မြန်မာပြည်အတွက်ကတော့ လွန်ခဲ့တဲ့ ၃ နှစ်ဟာ အဆိုးဆုံး။ ကင်စင်ဂျာလည်း ဆုံးပြီ။ အမေရိကန်ရဲ့ ရန်သူတော် မော်စီတုန်းရဲ့ တရုပ်နဲ့ ပုံမှန်ဆက်ဆံရေး လမ်းသစ်ဖေါက်ခဲ့သူ။ သမိုင်းတွင်ပါတယ်။ ကွန်ဂရက်ကျူလေးရှင်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment