(ဧရာဝတီမှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။ ကျေးဇူး။)
ထိုနေ့မှာ လွတ်လပ်ရေး အကြိုနေ့ ဖြစ်လေသည်။
သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများသည် လွတ်လပ်ရေး အကြိုအဖြစ် လည်းကောင်း၊ မူစယ်သို့ ရောက်လာသော အထူးကု အဖွဲ့ နှင့် စာပေအဖွဲ့အား ကြိုဆို ဧည့်ခံသည့် အနေဖြင့် လည်းကောင်း ထိုနေ့ ညနေပိုင်း၌ မူစယ်မြို့ ဘောလုံး ကွင်းကြီး ထဲတွင် ကချင် ထောင်ကာ အကများဖြင့် ဧည့်ခံလေသည်။
အလွန်စည်ကားလှ၏။ တမြို့လုံး လာရောက်ကြည့်ကြသည့် အဓိကရ ပွဲကြီး ဖြစ်လေသည်။ ထိုညက မူစယ်မြို့ တမြို့ လုံးသည် လင်းကွင်းသံ၊ ရှမ်းအိုးစည်သံ၊ မောင်းသံတို့ဖြင့် ပဲ့တင်ထပ်လျက် ရှိလေသည်။
ကျနော်တို့နှင့် ပါလာသူများသည် ကချင် ထောင်ကာ အကကို ဝင်၍ ကကြရ၏။ မည်သူမျှ နေ၍မရ။ ငြင်း၍ မရပါ။ ဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၊ ဆရာဝန်မများ၊ သူနာပြု ဆရာမများနှင့် အမှုထမ်းများပါ မကျန် အားလုံး ကကြရသည်။
ကျနော်တို့ လေးယောက်ထဲတွင်မူ ချစ်ဦးညိုမှ လွဲလျှင် ကတတ်သူ တယောက်မျှ မရှိပါ။ လက်မြှောက် ခြေမြှောက် လုပ်ရုံမျှသာ ရှိပါ၏။
မြို့ခံလူများက ကြာကြာ ကနိုင်ကြသော်လည်း ကျနော်တို့ တတွေမှာ ကြာကြာ မကနိုင်ကြ။ တနေ့လုံး ခရီး ပန်းထားသဖြင့် ကချင် ထောင်ကာ ကရာ ကွင်းပြင်ကြီးမှ ခပ်စောစော ပြန်လာခဲ့ကြသည်။
နောက်တနေ့ မနက်တွင် ကျနော်တို့ ကားတန်းကြီးသည် မူစယ်နှင့် နမ့်ခမ်းသို့ ထွက်လာခဲ့သည်။
မူစယ်-နမ့်ခမ်း လမ်းဟောင်းမှာ ၁၉ မိုင် မျှသာ ဝေးသော်လည်း လမ်းမကောင်းသဖြင့် ထိုလမ်းအတိုင်း မသွားတော့ဘဲ မူစယ်မှ နမ့်ဖက်ကာသို့ ပြန်ဆင်းလာကြသည်။ မူစယ် လွင်ပြင်အတိုင်း နမ့်ဖက်ကာသို့ မိုင် ၃၀ ခန့် ပြန်ဆင်းခဲ့ကြရသည်။
နမ့်ဖက်ကာသို့ ရောက်လျှင် ကွတ်ခိုင်သို့ သွားသည့် လမ်းခွဲကို မလိုက်ဘဲ အနောက်မြောက်ဘက်သို့ ပြန်တက်သွားသည့် ကားလမ်းအတိုင်း တောင်ကြီးများပေါ်သို့ ပြန်တက်ရလေသည်။
ထိုတောင်တန်းကြီးများသည် မူစယ် လွင်ပြင်နှင့် ရွှေလီ မြစ်ဝှမ်းကို ခြားထားသည့် ရေဝေ တောင်တန်းကြီးများ ဖြစ်ကြ၏။ ထိုရေဝေ တောင်တန်းကြီးများသည် တောင်မှ မြောက်အတိုင်း ဆင်းလာကြကာ မူစယ် လွင်ပြင်နှင့် ရွှေလီချိုင့်ဝှမ်းကို ကာဆီးထားသည့် နံရံကြီးသဖွယ် ဖြစ်နေကြလေသည်။
ထိုတောင်တန်း နံရံကြီးသည် အချို့နေရာတွင် ပေ ၇၀၀၀ ကျော်ခန့် ရှိလေသည်။ နောက်ထပ် ဖောက်လုပ်ထားသည့် မဟာဗျူဟာ လမ်းမကြီးမှာ ထိုတောင်တန်းကြီးများကို ဖြတ်၍ ဖောက်လုပ်ထားခြင်း ဖြစ်ပေ၏။
မူစယ် လွင်ပြင်မှနေ၍ နမ့်ဖက်ကာကို ကျော်လိုက်သည်နှင့် တောင်တန်းတွေ ပေါ်သို့ တဖြည်းဖြည်း တက်လာခဲ့လေသည်။ တကယ့်တောကြီး တောင်ကြီး လျှိုမြှောင်ကြီးတွေ ဖြစ်ပါ၏။ သို့ရာတွင် နမ့်ဆန် ဘက်သို့ တက်သော တောင်မျိုးတွေ မဟုတ်။
ကွန်လုံ ဘက်သို့ သွားစဉ် ဖြတ်သန်းခဲ့သည့် တောင်မျိုးတွေ မဟုတ်။ နမ့်ဆန်နှင့် ကွန်လုံ ဘက်သို့ သွားစဉ် တွေ့ခဲ့ရသည့် တောင်တန်းကြီးတွေက လျှို့ဝှက်၍ ကြောက်စရာ ကောင်းသည့် အသွင်ကို ဆောင်နေကြသည်။
ယခု နမ့်ဖက်ကာ အတက်မှာ တွေ့ရသည့် တောင်များကား လျှို့ဝှက်သည့် သဘောလည်း မဆောင်။ ထို့ကြောင့် ကြောက်ဖွယ် အသွင်ကိုလည်း မဆောင်။
ထိုတောင်တန်းကြီးများ နောက်တွင် အင်မတန် လှပသည့် ရွှေလီ မြစ်ဝှမ်း သို့မဟုတ် နမ့်မော မြစ်ဝှမ်း ရှိသည်ဟု သိပြီး ဖြစ်သည့် အတွက် လွမ်းစရာ ကောင်းနေသည်။
ကျနော်တို့ ကားတန်းကြီးသည် တောင်တန်းကြီးများကို ကွေ့ပတ်၍ တဖြည်းဖြည်း တက်လာခဲ့လေသည်။
ကျနော်တို့ စီးလာခဲ့သည် ဂျစ်ကားမှာ စက်ချွတ်ယွင်းသဖြင့် မူစယ်တွင် ထားရစ်ခဲ့ရသောကြောင့် ကျနော်တို့သည် ကမ္ဘောဇ ခင်လှိုင် ဦးဆောင်သည့် ဆရာဝန်ကြီးများ စီးသည့် အီစူဇူ ဘတ်စ်ကားကြီးများ ပေါ်တွင် လိုက်လာခဲ့ကြရလေသည်။
သူတို့ ကားပေါ်တွင်မူ တကားလုံး ဆရာဝန်တွေ၊ ဆရာဝန်မတွေ၊ ဆရာမတွေ ပြည့်နေသည်။ အထက်တနေရာတွင် ကျနော် ပြောခဲ့သည့် ဆရာ စိုင်းအောင်ဆာမှာ ထို အီစူဇူ ကားကြီးကို မောင်းလာခြင်း ဖြစ်လေသည်။
စိုင်းအောင်ဆာသည် အထက်တွင် ကျနော်ပြောခဲ့သည့် အတိုင်း ဤ မူစယ်-နမ့်ခမ်း လမ်းကို မောင်းနေကျ ဖြစ်ဟန် တူပါသည်။
သူ့ကို ကြည့်ရသည်မှာ သည်ခရီးကြမ်းကို မောင်းနေရသည့် အတွက် နည်းနည်းကလေးမျှ ပင်ပန်းဟန် မရှိ။ စီးကရက် ကလေးကို ခဲလိုက်၊ မော်တော်ကား ကက်ဆက်ခွေထဲက စိုင်းဆိုင်မောဝ် ၏ သီချင်းသံကို နားထောင်လိုက်၊ သူ့အနီးတွင် ပါလာသည့် ဆရာမကလေးတွေနှင့် လှမ်းပြီး စကားပြောလိုက်ဖြင့် အေးအေး သက်သာ ရှိလှ၏။
လရောင်အောက်တွင် တယောထိုး၍ ကောင်းနေသည့်နှယ် စိုင်းအောင်ဆာသည်လည်း ဆရာမကလေးတွေ ရှေ့တွင် မော်တော်ကား မောင်း၍ ကောင်းနေဟန် တူပေ၏။
မိုးထိအောင် မြင့်နေသည့် ရှမ်းတောင်တန်းကြီးများ၊ ရှမ်းအမျိုးသမီး သူနာပြု ဆရာမကလေးများ၊ အီစူဇူ ကားကြီးကို မောင်းနေသည့် စိုင်းအောင်ဆာနှင့် စိုင်းဆိုင်မောဝ် တေးသံတိုသည် ရုပ်ရှင် ကားတကားကို ကြည့်နေရသည့်နှယ် ကြည့်၍ ကောင်းနေသည်။
“အို…မြောက်ပိုင်းလမ်း…မူစယ် နမ့်ခမ်းလမ်း…ကျနော်လေ ရွှေဖီချိန်က လက်ဖက်ပေါတဲ့ အခါမှာ…ဂျီအမ်စီလို ကားကြီးမျိုး…မန္တလေး ဘက်သို့ ကုန်တင်ကာ သွားတယ်…လမ်းတွေက ဆိုးဆိုး…ချိုင့်တွေက ပေါ…ဇောချွေးလေးများ ပြန်နေအောင် မောင်းတယ်…တခါတလေ ကုန်ချိန်များလွန်းလို့ လေးကျိုးရင်…ဒရိုင်ဘာ အိမ်ပြန် နောက်ကျခဲ့ရတယ်”
စိုင်းဆိုင်မောဝ် ၏ သည်သီချင်းကို ကျနော် ကြားဖူးသည်မှာ ကြပါပြီ။ သို့ရာတွင် သာမန် သီချင်း တပုဒ်မျှသာ ကျနော် သဘောထားခဲ့၏။
ယခု ထိုလမ်း ထိုခရီးတွင် ထိုသီချင်းကို ကြားလိုက်ရသည့် အခါ၌ကား ထိုသီချင်းသည် လွမ်းမောဖွယ်၊ ဆွတ်ပျံ့ဖွယ်၊ လှိုက်ဖိုမောဖွယ် ကောင်းသော သီချင်း တပုဒ် ဖြစ်လာလေသည်။
ထိုအခါကျမှ အနုပညာ တရပ်ကို ခံစားရာတွင် ခံစားသူဘက်ကလည်း အတွေ့အကြုံ မည်မျှ လိုကြောင်းကို ကျနော် ပို၍ လေးနက်စွာ သဘောပေါက် လာခဲ့ရလေသည်။
အနုပညာ တရပ်သည် မည်မျှ ကောင်းသည် ဆိုစေ ထိုအနုပညာကို ခံစားနိုင်ရန် အတွက် ခံစားသူတွင် အတွေ့အကြုံရှိဖို့ လိုအပ်ကြောင်း၊ အတွေ့အကြုံ ရင့်ကျက်သည်နှင့်အမျှ ထိုအနုပညာသည် ခံစားသူအဖို့ ပို၍ ရသမြောက်နိုင်ကြောင်းကို ကျနော် သဘောပေါက်လာခဲ့လေသည်။
ယခု ကျနော့် အတွေ့အကြုံကိုပင် ကြည့်ပါ။ ရှမ်းပြည်နယ် မြောက်ပိုင်း မရောက်ခင်ကတည်းက စိုင်းဆိုင်မောဝ်၏ သီချင်းကို ကျနော် ကြားခဲ့ဖူးသော်လည်း ဤမျှလောက် အရသာ မတွေ့ခဲ့ချေ။
ယခု ရှမ်းပြည်နယ်၏ ရှုခင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းလမ်းတို့ကို မြင်ပြီးမှ နားထောင်ရသည့် အခါတွင် စိုင်းဆိုင်မောဝ်၏ သီချင်းထဲမှ စာသားများနှင့် အသံသည် ပို၍ ကြွလာကာ ပို၍ သရုပ်ပေါ်လာလေသည်။ ။
(စာရေးဆရာကြီး မြသန်းတင့် ရေးသားသည့် ဤဆောင်းပါးကို သီဟရတနာ စာအုပ်တိုက်က ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “လွမ်းမောဖွယ်ကမ္ဘောဇ သို့မဟုတ် သံလွင်၊ ဒုဋ္ဌဝတီ၊ ရွှေလီရုပ်ပုံလွှာ” ဒုတိယအကြိမ် စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန် သွားခဲ့ပါသည်။)
မှတ်ချက်။ ။ “မူစယ်” ကို ယခုအခါ “မူဆယ်” ဟု ခေါ်ဝေါ်သုံးစွဲနေပါသည်။ စာရေးဆရာကြီး မြသန်းတင့်သည် မူဆယ်-နမ့်ခမ်း အပါအဝင် ရှမ်းပြည် အရှေ့မြောက်ပိုင်း ဒေသသို့ ၁၉၇၃ ခုနှစ်ကုန်ပိုင်းက သွားရောက်ခဲ့သည့် ခရီးစဉ် မှတ်တမ်းအား “လွမ်းမောဖွယ်ကမ္ဘောဇ သို့မဟုတ် သံလွင်၊ ဒုဋ္ဌဝတီ၊ ရွှေလီရုပ်ပုံလွှာ” အမည်ဖြင့် စာအုပ် ပြန်လည် ရေးသားထားခြင်း ဖြစ်ပါသည်။ (ဧရာဝတီ)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment