"သပြေသီးကောက်" ကဗျာ ဆိုလျှင် အမှုမဲ့ အမှတ်မဲ့၊ သိကောင်းမှ သိကြပေမည်။ "ဝါဆို ဝါခေါင် ရေတွေကြီးလို့" ဟူသည့်အသံ ကြားလိုက်လျှင်ကား "သပြေသီးမှဲ့ ကောက်စို့ကွယ်" ဟု ဆက်၍ စိတ်ထဲမှာ ရွတ်မိသူ၊ နှုတ်က ဆိုမိသူများ ရှိကြပေလိမ့်မည်။ ဤကလေးကဗျာကို ကလေးသီချင်း အနေနှင့် အသိများကြသည်။
အလားတူ "ဥပုသ်စောင့်" ကဗျာကိုလည်း "ဆွမ်းအုပ်နီနီ အမေရွက်လို့" အစချီပေးလိုက်လျှင် "မောင်လဲ လိုက်မယ် ချန်မထားနဲ့" ဟု ဆက်ဆိုမိသူများ ရှိပေလိမ့်မည်။ "ဥပုသ်စောင့်" ကဗျာအမည်ရင်း ပျောက်၍ "ဆွမ်းအုပ်နီနီ" ကဗျာဟုပင် အချို့က ခေါ်စမှတ်ပြုကြသည်။
ဤကလေးကဗျာနှစ်ပုဒ် စာဖတ်ပရိသတ်အကြား ရောက်လာသည်မှာ ဆယ်စုနှစ်ပေါင်း များစွာ ရှိခဲ့လေပြီ။ တိတိကျကျ ပြောရလျှင် ဤကဗျာလေး နှစ်ပုဒ်သည် တနေ့တည်း လောကကြီးအတွင်း ရောက်လာသည့် ဖွားဖက်တော်များ ဖြစ်ကြလေသည်။ ၁၁-၆-၂၀၀၇ ရက်နေ့ဆိုလျှင် သက်တမ်း (၇၆) နှစ်ပင် ရှိကြတော့မည်ဖြစ်သည်။
လူသိများသည့် ဤကဗျာသီချင်းကလေး နှစ်ပုဒ်နှင့်အတူ ရက်သတ္တပတ်အတွင်း ပေါက်ဖွားလာသည့် အခြားကဗျာ (၅) ပုဒ်တို့လည်း ရှိပေသေးသည်။ ယင်းတို့နှင့်အတူ နောင်အခါ "မောင်ခွေးဘို့ ကဗျာများ" ဟု အမည်တွင်လာသည့် ကဗျာစာအုပ်ပါ ကလေးကဗျာများ ပေါက်ဖွားလာရသည့် အကြောင်းရင်းနှင့် ဖြစ်စဉ်ကလေးများမှာ စိတ်ဝင်စားဖွယ်ဟု ယူဆမိပါသည်။
၁၉၃၁ ခုနှစ်တွင် အဘသည် ပထမနှစ် ဝိဇ္ဇာဂုဏ်ထူးတန်းကို ဖြေဆိုပြီး မိဘများရှိရာ ကွမ်းခြံကုန်းမြို့သို့ ပြန်သည်။ ထိုနှစ်က အဘ၏ မိဘများ စီးပွါးပျက်ကြသည်။ ကမ္ဘာ့စီးပွါး ပျက်ကပ်ကြီး၏ လှိုင်းဂယက်သည် အဘတို့ မြို့ကလေးကိုလည်း ရိုက်ခတ်လာသည်။ ဘိုးဘွားမိဘပိုင် မြေယာများ လက်လွှတ်ကြရသည်။ သည်အခြေအနေမျိုးတွင် မိဘများကို ထားခဲ့ပြီး မြို့ပြန် ကျောင်းတက်၍ မဖြစ်နိုင်တော့ပေ။ အမိအဖကို စောင့်ရှောက်လုပ်ကျွေးရမည့် တာဝန်ဝတ္တရားက ရှိလာချေပြီ။ ထို့ကြောင့် အဘသည် ကွမ်းခြံကုန်းမြို့ အမျိုးသားကျောင်း ဆရာကြီး ဝင်လုပ်သည်။
ကျောင်းကလည်း ပြန်မတက်နိုင်။ မိတ်ဆွေ အပေါင်းအသင်းများနှင့်လည်း ဝေးရတော့မည့် အရေးတို့ကြောင့် ရတက်မအေး ဖြစ်ရရှာသည်။
ထိုစဉ်က သူငယ်ချင်းများထံ ရေးခဲ့သည့် "လေးဆစ်" က ထိုအဖြစ်ကို ဖော်ပြလျက် နေပေသည်။
ခင်းထုဝန် အလစ်ရှာမရတာကြောင့်
မင်းသုဝဏ် စာမသနိုင်ဘု
မေတ္တာမျှပါတဲ့ ကျွန့်အကြည်။ ။
နွေအလှမ်းတွင်မှ
ပွေခန်း ဖြာဖြာစုံလို့
မာလာငုံ နေခြည်ရှုပ်သည်သို့
မြိုင်ရပ်ပျော် ငကံဆိုးမှာ
ညှိုးလျ မတည်။ ။
မထွက်ခေ ရွှေစပါးရယ်နှင့်
ငွေရှားလို့ တမြည်မြည်
ချာချာလည်အောင်ပ ဒုက္ခများ။ ။
နုံ့ဆိုးအို
အုံ့မိုး ပြာပြာညိုတော့
တက္ကသိုလ် ဝိဟာကျောင်းမှာလ
နွဲ့မူယူ လဲ့ဖြူပျောင်းရယ်နဲ့
အတူပျော် သူတော်ကောင်းငယ်တို့
ကြောင်းဟန်လျှင် ပေါင်းရန်ခဲသော်လဲ
ယခုလို ကုသိုလ်က မွဲတာကြောင့်
သဲရေကျ ပမာအလားလိုပ
ခွဲသွေရမှာပါတကား။ ။ (၁၈-၄-၃၁)
ကျောင်းဖွင့်ချိန် နီးလာလေ၊ နေမြင့်လေ အရူးရင့်လေ ဆိုသကဲ့သို့ ဖြစ်ရရှာသည်။ မိဘနှစ်ပါးကို လုပ်ကျွေးရမည့် ဝတ္တရားက အဓိက၊ တဖက်ကလည်း တက္ကသိုလ်ကို သတိရ၊ သူငယ်ချင်းများကို အောက်မေ့၊ ဆရာများကို လွမ်းသည်။ ထိုအခါ "ကံဆိုးတဲ့အခါ" ကဗျာကို ရေးပြီး မရှက်မကြောက် ရင်ဖွင့်ရှာပြန်သည်။
"ကံဆိုးတဲ့အခါ"
မိတ်အချစ်တို့ရဲ့
စိတ်အညစ်မှာတော့
သိပ်ဟစ်လို့ ငိုလိုက်ချင်။ ။
ဉာဏ်အဆုံးပါဘဲ
ကြံလုံးရယ် အဖုံဖုံနဲ့
ဒဂုန်မှာ နေဖို့ကြိုးသော်လဲ
အဟောင်းကံ ဗြောင်းလန်ဆိုးရယ်ကြောင့်ဗျာ
ကျိုးက မထင်။ ။
မရှိလို့ သနားလိုက်ပါဘိ
ကရိကထနဲ့ မအားရှာတဲ့
အမိအဘများတို့က
ငါ့သားရဲ့ အိမ်မှာပင်
တို့ပန်းစဉ်မို့ နေပါအုံး တဲ့။ ။
တားသောအခါ
စကား မဆန်သာလို့
နဘန်မှာ တိမ်တွေစုချိန်မှ
စရိတ်မလောင်းနိုင်၍
စိတ်ထောင်းလို့ ကိုယ်ကြေသူမှာလေ
မိတ်ဟောင်းတွေကိုတော့ မရှုရလေဘု
ဪ .. ဘသူ့ကိုမှ ရှက်တယ်လို့ဖြင့်
မဖုံးပါရစေနဲ့တော့
မှုအဝဝ ပျက်ပြယ်လို့ ဆုံးတာကြောင့်
မရှုမလှ ယခုဘဝကိုဖြင့်
တသက်ဝယ် မုန်း။ ။ (၇-၅-၃၁)
ရင်ဝယ်မချိသော်လည်း တာဝန်ပိုင်းက ရှိသေးသည်။ ခံစားချက်နှင့် အလုပ်၊ စည်းသား၍ ခွဲခြားသတ်မှတ်သည်။ ဘဝကို အလုပ်ထဲ နှစ်မြှုပ်ရန် ဆုံးဖြတ်ချက် ချသည်။ ထိုအချိန်တွင် အမျိုးသားပညာရေးက ထုတ်ဝေညွှန်ကြားသော သင်ရိုးညွှန်းတမ်းက ရောက်လာသည်။
ကလေးငယ်များကို ပျော်ရွှင်အောင်၊ မျိုးချစ်စိတ်ပေါက်အောင်၊ ပညာလိုလားအောင်၊ ကလေးသီချင်းများ သင်ပေးရမည်ဟု ဆိုလာသည်။ သီချင်းများကို အင်္ဂလိပ်နှင့် မြန်မာ (သို့မဟုတ်) အင်္ဂလိပ် သို့မဟုတ် မြန်မာလို သင်ရမည်ဟု ဆိုပြန်သေးသည်။ အင်္ဂလိပ်လို သင်ဖို့က အခြေအနေ မပေး။ မြန်မာလို သင်ရန်ကလည်း သင့်လျော်သော ကလေးသီချင်းများ အဆင်သင့်မရှိ။ တပူပေါ် နှစ်ပူ ဆင့်ရလေပြီ။
ကျောင်းမှ အိမ်သို့ စောစောပြန်၊ ညနေ ထမင်းစားသည်။ ပြီးတော့ အိမ်ရှေ့တွင် ပက်လက်ကုလားထိုင်ပေါ် ထိုင်၍ အမောဖြေသည်။ လူနားသော်လည်း စိတ်မနားရ။ ကလေးများ သီချင်းသင်ရေး အကြံထုတ်ရသည်။ ထိုအခိုက် လမ်းထဲကစားနေသော ကလေးတဦးက...
"ခြံစည်းရိုးကို ဝင်မတိုးနဲ့၊
ချိုကျိုးတတ်တယ်"
ဟု အသံကုန် ဟစ်လိုက်သည်။ နောက်တဦးက...
"အဘိုးကြီးနဲ့ အမယ်ကြီး၊
နှံပြီစုတ်ကို ဝယ်လို့စား၊
ဂျိမ်းတုတ် ဂျိမ်းတုတ်"
ဟု ဆိုလိုက်ပြန်သည်။
အကြောင်းအရာက အဆက်အစပ် မရှိလှပေ။ သို့သော် ကာရန်ကလေးနှင့် အသံက သာသလိုလို ရှိသည်။ ကလေးသူငယ်များ အလွယ်တကူ ရွတ်ဆိုနိုင်ပြီး ကြိုက်နှစ်သက်နိုင်မည့် အကြောင်းအရာမျိုးကို ရေးဖွဲ့နိုင်က ကောင်းလိမ့်မည်ဟု အမှတ်မထင် အကြံရသည်။ အကြောင်းအရာကို စဉ်းစားလိုက်ပြန်တော့လည်း အဘငယ်စဉ်ဘဝက ကျင်လည်ပျော်ပါးခဲ့ရသော ပတ်ဝန်းကျင်နှင့် ဖြစ်ရပ်များက တပုံတပင်ရှိသည်။
ငယ်စဉ်က မိဘများအိမ်ရှိရာ နာတာပူချိုးတွင် အဒေါ်ဖြစ်သူ၏ ခြံကြီးရှိသည်။ ခြံထဲတွင် သပြေပင်ကြီး ရှိသည်။ သပြေသီးချိန်တွင် ရေကြီးသည်။ ရေထဲသို့ အပင်မှ ကြွေကျပြီး ပေါ်လောမျောနေသော သပြေသီးနီနီကလေးများကို တပျော်တပါး လိုက်ကောက်ကြသည်ကို ပြန်လည်မြင်ယောင်လာသည်။ သပြေသီး ကောက်ချင်ဇောကြောင့် ချုံထဲက မျှော့နက်ကိုလည်း မစဉ်းစားနိုင်။ မကြောက်နိုင်။ ရေဝေးရာ ကုန်းခြောက်ခြောက်တွင် ကစားနေသည့်၊ အဖေကြီးလုပ်ပေးသည့် အုန်းလက်နွားတို့ကိုလည်း ကစားရာမှာ ပစ်ထားခဲ့တော့သည်။
သည်အကြောင်းအရာ ဖြစ်စဉ်တို့က "သပြေသီးကောက်" ကဗျာအတွက် ကုန်ကြမ်းကောင်းများ ဖြစ်လာတော့သည်။
အလားတူပင် ဥပုသ်နေ့ရောက်တိုင်း အရုဏ်ဦးတွင် အမေကြီး အိပ်ရာမှထ၍ ဆွမ်းချက်သည်ကို အမှတ်ရသည်။ ဆွမ်းကျက်တော့ ဘုန်းကြီးကျောင်းသို့ အမေ ဆွမ်းသွားပို့သည်။ အဖေက လှူဖွယ်များ ဆွဲ၍ လိုက်သည်။ ထိုအခါ ကလေးပီပီ၊ အိမ်မှ ဦးဆာမိကြီး ပခုံးပေါ် စီး၍ နောက်ကလိုက်သည်။ ကျောင်းရောက်တော့ ကျောင်းဝိုင်းထဲ ကျယ်ကျယ်လွန့်လွန့် လွတ်လွတ်လပ်လပ် ကစားရသည်ကို ပျော်လှသည်။
သည်အကြောင်းအရာတွေ စဉ်းစားပြီး "ဥပုသ်စောင့်" ကဗျာ ဖြစ်လာပြန်သည်။
ကဗျာလေးများက ရွတ်ဆိုရန် ကောင်းသည်။ အပြစ်ကင်းသည်။ ပျော်စရာကောင်းသည်။ အားမာန်ကို ပေးသည်။ မြန်မာ့ဘာသာနှင့် ဓလေ့ထုံးစံတို့ကို ဖော်ပြသည်။ ထို့ကြောင့် ကလေးလူကြီး နှစ်ခြိုက်လက်ခံမှုကို ရသည်။
သည်ကဗျာနှစ်ပုဒ်သည် (၁၁-၆-၃၁) ရက်နေ့ တနေ့တည်း ရေးစပ်ဖြစ်သည့် "အဘ၏ ပထမဆုံးသော ကလေးကဗျာနှစ်ပုဒ်" ဖြစ်သည်။
ကလေးကဗျာအကြောင်း ပြောရာတွင်၊ အထက်၌ "လေးဆစ်" နှင့် "ကံဆိုးတဲ့အခါ" ကဗျာနှစ်ပုဒ်၊ ပူပန်သောကတွေကို ဖော်ကျူးသည့် ကဗျာနှစ်ပုဒ်ကို အစအဆုံး ဖော်ပြခဲ့သည်။ ဤသို့ ဖော်ပြခဲ့ခြင်းသည် အဘ၏ ကလေးကဗျာများအပေါ် တန်ဖိုးထားသည့် စေတနာ၊ သူမမေ့နိုင်သည့် ငယ်စဉ်ဘဝက အပြစ်ကင်းသည့် ပျော်ရွှင်မှု၊ တာဝန်ဝတ္တရားကို လေးစားမှုတို့က သောကခံစားချက်များကို လွှမ်းမိုးနိုင်ပြီး ချစ်စဖွယ် ကလေးကဗျာများကို ဖန်တီး သီကုံးနိုင်စွမ်း ရှိပုံ ပေါ်လွင်စေသည်ဟု ထင်ပါသည်။
"သပြေသီးကောက်" နှင့် "ဥပုသ်စောင့်" တို့ကို စပ်ဆိုပြီး တရက်အကြာ "ရွှေဥဩ" ကဗျာကို ရေးစပ်ဖြစ်သည်။ နောက်နှစ်ရက်အကြာ (၁၄-၆-၃၁) ရက်နေ့တွင် "ခရုလုံး"၊ "ပိုးစုန်းကြူး"၊ "သဘက်ဆေး"၊ "တောက်တဲ့" ကဗျာလေးပုဒ်တို့ကို ရေးဖွဲ့ဖြစ်ပြန်သည်။
တပတ်ခန့်အတွင်း စပ်ဆိုပြီးခဲ့သော ကလေးကဗျာ (၇) ပုဒ်၊ သင်ကြားနိုင်ရေးအတွက် ပညာဝန်ထံ၊ အဘ ဝမ်းပန်းတသာ အကြောင်းကြားသည်။ ပြန်ကြားချက် တစုံတရာ မရ။ သို့ဖြင့် စိတ်ပျက်လက်ပျက် ရှိခိုက်၊ ဂုဏ်ထူးတန်း အတူတက်နေသည့် တတန်းတည်းသား ဦးတိုးအောင် (ကုသ) ထံမှ မမျှော်လင့်ဘဲ စာတစောင် ရောက်လာသည်။ စာမှာ ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်က ကျောင်းပြန်တက်နိုင်ရေး အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်၍ ကျောင်းသို့ ပြန်လာရန် အကြောင်းကြားသည့် သတင်းကောင်းပါးစာ ဖြစ်နေသည်။
အဘ အတိုင်းမသိ ဝမ်းသာရသည်။ မိဘနှစ်ပါးကလည်း သားအတွက် ဝမ်းမြောက်မဆုံး ရှိကြသည်။ သားဖြစ်သူ ပညာဆက်လက် သင်ကြားရေးကို ကြည်ကြည်ဖြူဖြူ ခွင့်ပြုကြသည်။
ကျောင်းပြန်ရောက်တော့ ကလေးကဗျာ (၇) ပုဒ်ကို "မောင်ထွေးဖို့" ခေါင်းစဉ်တပ်၍ တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းသို့ ပို့သည်။ ၁၉၃၂ - ခုနှစ်၊ ဖေဖော်ဝါရီလထုတ် တက္ကသိုလ်ကျောင်းတိုက် နှစ်လည်မဂ္ဂဇင်းတွင် ကဗျာအားလုံး ကာတွန်းဦးဟိန်စွန်း၏ သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာ ပါလာသည်။ အဘ၏ ထိုစဉ်က ကလောင်အမည်မှာ "မြဝတ်ရည် ဟံသာကျေး" ဟူ၍ဖြစ်သည်။
၁၉၃၄ - ခုနှစ်တွင် ဆရာကြီး ဦးဖေမောင်တင် တည်းဖြတ်သည့် "ခေတ်စမ်းကဗျာများ" စာအုပ် ထွက်လာရာ၊ အခြားကဗျာဆရာ (၇) ဦးနှင့်အတူ အဘ၏ "မောင်ထွေးဖို့" ကဗျာနှင့်အတူ အခြားကဗျာ (၁၇) ပုဒ် ပါရှိလာပြန်သည်။
ထိုအခါ ပန်းတနော် အမျိုးသားကျောင်းအုပ်ကြီး ဦးသန့်က အဘ၏ ကလေးကဗျာများကို ၁၉၃၅ - ခုနှစ် မတ်လထုတ် ဂန္ထလောက မဂ္ဂဇင်းတွင် မှတ်ချက်ပေးရာ၌...
ကဗျာဆရာကြီး Milan ၏ ကဗျာများနှင့် အောက်ပါအတိုင်း နှိုင်းယှဉ်ခဲ့သည်။
"In Khitsan Kabya, I can across some excellent poems for the young, by Ko Wun, reminiscent of A.A. Milne." ဟုဆို၍ "သပြေသီးကောက်" ကဗျာကို ဥပမာအဖြစ် ပေးခဲ့လေသည်။
၁၉၃၅ - ခုနှစ်၊ မဟာဝိဇ္ဇာစာမေးပွဲကို အဘ ဖြေဆို အောင်မြင်ပြီး "မုန်တိုင်းကထန် ချောင်းကလျှံ" အစချီ "ပုခက်လွှဲချင်း"၊ "မောင်လေးရေ ထပါတော့" အစချီ "ပန်းသည်"၊ "အေးရိပ်သာတဲ့ ပြည်ညောင်ညို" အစချီ "ဝင်္ကဘာ" ကဗျာ၊ "ဆွမ်းချက်ထစို့ လူလေးရယ်" အစချီ "လူကလေးရဲ့ အမှတ်အသား" ကဗျာ၊ "ကြောင်ကလေးက ဗေဒင်တွက်လို့" အစချီ "ကြွက်ကလေး" ကဗျာ အပြင် အခြားကလေးကဗျာများကို စပ်ဆိုသည်။
ဤအချိန်တွင် အဘ၏ ကလေးကဗျာများကို စိတ်ဝင်တစား ရှိနေသူမှာ တက္ကသိုလ်၏ ပထမဆုံး ပိဋကတ်တိုက်မှူး ဆရာဦးခင်ဇော်(K) ဖြစ်သည်။ ဆရာဦးခင်ဇော်သည်၊ ပဲခူးဆောင်တွင် အဘ အဆောင်နည်းပြဆရာ လုပ်ခဲ့စဉ်က ဒု-အဆောင်မှူး ဖြစ်သည်။ ထို့ကြောင့် အဘနှင့် ဆရာတို့ ခင်မင်ရင်းနှီး ရှိကြသည်။
၁၉၃၉ - ခုနှစ်၊ အဘ ပညာတော်သင်ခရီး ပြီး၍ ပြန်အလာ၊ တက္ကသိုလ်တွင် အလုပ်ပြန်ဝင်သည့် အခါ ဆရာနှင့် ဆုံကြပြန်သည်။ ဆရာက အင်းလျားကျောင်းဆောင်ကို မျက်နှာပေးသော ပုဂံလမ်းထိပ်တိုက်တွင် နေသည်။ အဘက ပုဂံလမ်း တဖက်ထိပ်တွင် နေသည်။ အဘက လူလွတ်မို့ ဆရာ့အိမ်က အဘ၏ စားအိမ်သောက်အိမ် ဖြစ်သည်။ ထိုစဉ်က ဆရာသည် အဘ၏ ကလေးကဗျာများကို အသံသွင်းရန် အားထုတ်နေချိန် ဖြစ်သည်။
ဆရာက Piccolo ခေါ် ဥရောပပုလွေကို မှုတ်တတ်သည်။ ဆရာ့ဇနီး (ငယ်မည် Gertrude Carr) က စန္ဒရားအတီး ကျွမ်းသည်။ ဆရာက ကလေးကဗျာများကို ဂီတသင်္ကေတဖြင့် ရေးပြီး ပုလွေနှင့် အသံစမ်းသည်။ ဇနီးသည်ကို စန္ဒရားနှင့် လိုက်စေသည်။ သမီး ရူး၊ ဂျိန်း၊ စုတို့က ဆိုကြသည်။
ဤသို့ဖြင့် ကလေးတေးသံများ တစတစဖြင့် ပေါ်လာသည်။ ကလေးများက "မောင်လေးရေ ထပါတော့ ရောင်နီလာလှပေါ့" ကို အစွဲပြု၍အဘကို "မောင်လေးရေ ထပါတော့ အန်ကယ်" ဟူ၍ပင် ခေါ်ကြသည်။
ကလေးကဗျာများကို ဂီတသင်္ကေတဖြင့် ဖန်တီးရေးမှတ်၍ အောင်မြင်သောအခါ ဆရာက သူကြိုက်သော၊ အဘ၏ ကလေးကဗျာ (၁၃) ပုဒ်ကို ရွေးချယ်စုည်းကာ စာအုပ်ထုတ်ရန် စီစဉ်လေသည်။ ထိုအခါ အထက်ပုဂံလမ်းတွင် ဆရာဖြစ်သင်ကောလိပ်မှ ပန်းချီကထိက ဆရာကြီးဦးဘဉာဏ် နေထိုင်သည်။
ဆရာဦးခင်ဇော် လန်ဒန်သို့ ပညာသင်သွားစဉ်က ဆရာကြီးဦးဘဉာဏ်နှင့် အတူနေခဲ့ဖူး၍ အလွန်ရင်းရင်းနှီးနှီး ရှိကြသည်။ ဆရာဦးဘဉာဏ်က ကဗျာတပုဒ်ချင်းအတွက် သရုပ်ဖော်ပုံများ ဆွဲပေးသည်။
ဤသို့ဖြင့် အဘ၏ "မောင်ခွေးဘို့" ကဗျာများသည် ဆရာဦးခင်ဇော်၏ ဂီတသင်္ကေတများ၊ ဆရာကြီး ဦးဘဉာဏ်၏ သရုပ်ဖော်ပုံတို့နှင့် အတူ "မောင်ထွေးဖို့ကဗျာများ" စာအုပ်အဖြစ် ၁၉၄၀ - နှစ်ဦးတွင် ထွက်ရှိလာခဲ့လေတော့သည်။
ကဗျာအချို့ကို ဆရာကြီးလုစ္စ (G H, Luce) က လည်းကောင်း၊ အချို့ကို ဆရာဦးခင်ဇော်(K) ကလည်းကောင်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခဲ့သေးသည်။ စာအုပ်ကို မြန်မာနိုင်ငံ အမျိုးသမီးအသင်းက တာဝန်ယူ၍ အမေရိကန် သာသနာပြုအဖွဲ့ (ABM) က ပုံနှပ်ထုတ်ဝေခဲ့သည်။
ကဗျာစာအုပ် ထွက်လာသောအခါ ဦးထင်ဖတ် (မောင်ထင်) က ၁၉၄၀ - ပြည့်နှစ် မတ်လထုတ် ဂန္ထလောကမဂ္ဂဇင်းတွင် သူ၏ "မောင်ခွေးဘို့" ဆောင်းပါး၌ "မောင်ခွေးဘို့ ကဗျာများ" စာအုပ်ကို သုံးသပ်ရေးသားလေသည်။
"မောင်ခွေးဘို့" ဟူသော စာအုပ်ငယ်သည် တက်လူ "ကိုခွေး" တို့အား သူ၏ ပတ်ဝန်းကျင်လောကကြီးကို ခင်တွယ်အောင် ဆောင်ကျဉ်းပေးလိမ့်မည်။ ဤစာအုပ်ငယ်မှ ထွက်ပေါ်လာသော ဦးဝန်၏ ဂီတသံတို့သည် လွမ်းဆွတ်ဖွယ်ရာ မဟုတ်တော့ဘဲ သာမောဖွယ်ရာ ဖြစ်ပေသည်။
ဦးဝန်သည် လောကကို ခင်မင်သူဖြစ်သည်။ လောက၏ သာယာခြင်းကို ခံစားတတ်သူ ဖြစ်သည်။ သို့ဖြစ်ရကား ကလေးငယ်တို့ကို သူနှင့် တူစုံတကွ သဘာဝ၏ နှစ်လိုဖွယ်ရာတို့ကို ခံစားတတ်အောင် သွေးဆောင်နိုင်သူ ဖြစ်သည်။
ကဗျာသီသူ ဦးဝန် သည်သာလျှင် လောက သဘာဝ တရားကြီးကို ခင်မင်တတ်သူ မဟုတ်သေး။ ကဗျာဆရာ၏ အာဘော်ကို ထုတ်ဖော်၍ အင်္ဂလိပ်ဘာသာ ပြန်ပေးသော ဦးခင်ဇော်နှင့် ဆရာလုစ်တို့ နှစ်ဦးသည်လည်း ဦးဝန် ကဲ့သို့ပင် မေတ္တာဓာတ်ခံ ရှိသူများ ဖြစ်ကြသည်။ သို့သော် ဆိုခဲ့ပြီးသော သူတို့တွင် ဦးခင်ဇော်နှင့် ဆရာလုစ်တို့ နှစ်ဦးသည်ကား ကလေးငယ်တို့ကို အဘယ်ပုံ ချစ်ခင်ရမည်ကို သိပြီးသော ဝါရင့်သူ ပုဂ္ဂိုလ်နှစ်ဦး ဖြစ်ကြသည်။ သို့ကြောင့်သာ မူရင်းစာဆိုနှင့် အာဘော်ကို ဘာသာပြန်သူနှစ်ဦးတို့ တသံတည်းသာလျှင် ဖြစ်ကြကုန်သည်။
ထိုသူသုံးဦးတို့သည် "မောင်ခွေးဘို့" သီချင်းကို သံပြိုင် သီဆိုကြကုန်သည်။ သည်အထဲတွင် မြစ်ဝကျွန်းပေါ်သား ဖြစ်သော ဆရာဦးဘဉာဏ် သည်လည်း သူတို့သီဆိုသော ဂီတကို ဆေးချက်ဖြင့် လေးနက်စေသည်။ ထိုတေးဂီတတို့သည် ဦးဘဉာဏ်၏ အကူအညီဖြင့် ရောင်စုံအသံထွက် ရုပ်ရှင်ဓာတ်ကားသဖွယ် ကလေးငယ်တို့ကို နှစ်သိမ့်စေလိမ့်မည်။
ကျွန်ုပ်သည် ကြက်သားဟင်းကို မချက်တတ်သော်လည်း စားတတ်ပါသေးသည်။ ကျွန်ုပ်သည် ဂီတအကြောင်းကို နားမလည်။ သို့သော် နားထောင်တတ်ပါ၏။
တညနေတွင် ကံချွန်သော ကျွန်ုပ်သည် ဦးခင်ဇော်၏ အိမ်အဝင်တွင် ဒေါ်ခင်ဇော် သီဆိုသော "မောင်ခွေးဘို့" သီချင်းများကို ချောင်း၍ နားထောင်ခဲ့ရသည်။ ၎င်းနောက် ဓာတ်ပြားသွင်းပေးသော "မောင်ခွေးဘို့" သီချင်းများကို ဦးခင်ဇော်၏ ကျေးဇူးကြောင့် နားထောင်ခဲ့ရသေးသည်။
"ပုခက်လွှဲ" သီချင်းသည် ကလေးများအဖို့ ခေတ်စားမည့် သီချင်း ဖြစ်သည်။ "လူကလေး၏ အမှတ်အသား" ဟူသော သီချင်း၌ "ကြည့်ဖို့လိုပါဘူး..." ဟု ဆိုပြီးမှ "ဝူး..." ဟု အပြေးလိုက်လာသော အသံကလေးသည် ကလေးးဘာဝ ငေါ့သော အသံကလေးနှင့် တူ၏။ ကလေးဆန်လှသည်။
"ကြောင်ကလေးက ဗေဒင်တွက်လို့၊ ကြွက်ကလေးက ချောင်မှာခို" ဟူသော သီချင်းသွားသည်လည်း ကလေးတို့၏ ချွတ်ဆိုင်းပင် ဖြစ်သည်။ ပြတ်တောင်းပြတ်တောင်းနှင့်။ ဂီတသံနှင့်ပင်လျှင် ကြောင်ကလေးနှင့် ကြွက်ကလေးတို့ လိုက်တမ်းပြေးတမ်း ကစားဟန် သရုပ်ပေါ်လာသည်။
"စပါးကျီအို ကြိုအကြားကို၊ သွား.. ပြီ ကွဲ့လေး" ဟူသော အလိုက်၌ "သွား" ဟူသော သီချင်းသံထဲတွင် ကြွက်ကလေး၏ လွတ်မြောက်ခြင်းဖြင့် ဝမ်းမြောက်သော အသံများ တပြုံတခေါင်းကြီး ပါသွားသည်။
"ပန်းသည်" ဟူသော သီချင်းမှာ လေအေးအေး ဆိုရ၍ မိခင်တို့ အကြိုက်များပေမည်။
မြန်မာပြည် ပြန်ကြားရေးဌာန အသံလွှင့်ရုံမှ "ကလေးများအချိန်" ဟူသော အခန်းတခန်း ထားပေးသည်။ ဦးခင်ဇော်၏အကြံ အထမြောက်၍ ဓာတ်ပြားများ ထုတ်နိုင်သောအခါ၊ ထိုအစိုးရ အသံလွှင့်ရုံမှ နေ၍ မြန်မာပြည်ရှိ ကလေးတို့အား "မောင်ခွေးဘို့" သီချင်းများဖြင့် ဖျော်ဖြေမည် ဆိုလျှင် မောင်ခွေးတို့နှင့် အတူ မောင်ခွေးတို့၏ မိခင်များပါ နှစ်သက်ပေလိမ့်မည်။
ဂန္ထလောက အင်္ဂလိပ်ဂဏ္ဍ စာအုပ်ဝေဖန်ချက် အပိုင်း၌လည်း အောက်ပါအတိုင်း ဖော်ပြခဲ့သည်။
Out of the deltaic mud of Kungyangone has arisen a poet. Minthuwun, a true tawtha, who is မောင်ခွေးဘို့, Burmese Nursery Songs (ABM Press, Rs 2) has given us a varied and enchanting picture of Burmese boys at home, at school, and at play in Burmese village.
"မောင်ခွေးဘို့ ကဗျာများ" စာအုပ် အောင်မြင်သောအခါ ဆရာဦးခင်ဇော်သည် ဓာတ်ပြားသွင်းရန် ကြိုးပန်းပြန်သည်။ ဒေါ်သန်းအေးနှင့် BED တက်နေသော တောင်ကြီးမြို့မှ ဒေါ်ခင်သိန်းတို့က အဆိုပိုင်း၊ အတီးအမှုတ်က ဆရာတို့ ဇနီးမောင်နှံ၊ ဤသို့ဖြင့် အေဝမ်း (A1) ကုမ္ပဏီက ဓာတ်ပြားထုတ်ရာ နှစ်ချပ်ရသည်။
ဆရာကြီးလုစ္စနှင့် K တို့၏ ဘာသာပြန်ဆိုချက်၊ ဆရာကြီးဦးဘဉာဏ်၏ ပြောင်မြောက်သော ပန်းချီလက်ရာ၊ K ၏ ဂီတသင်္ကေတတို့ကြောင့် ၁၉၅၃ - ခုနှစ်၊ အမေရိကန်နိုင်ငံ ကလေးစာအုပ် ပြပွဲတွင် ကမ္ဘာ့နိုင်ငံ (၅၀) မှ ကလေးစာအုပ်များနှင့် အတူ "မောင်ခွေးဘို့ ကဗျာများ" စာအုပ်ကို ပြသခဲ့ရာ လူအများ စိတ်ဝင်တစား လေ့လာ ကြည့်ရှုခြင်း ခံခဲ့ရသည်။
အဘ၏ "မောင်ခွေးဘို့" ကဗျာများမှ အချို့သည် ဆရာဦးခင်ဇော်၏ လုံ့လ၊ ဝီရိယကြောင့် "မောင်ခွေးဘို့ ကဗျာများ" အဖြစ်သို့ ရောက်ရှိခဲ့ရသည်။ ယင်းမှတဆင့် စာအုပ်ပါ ကဗျာတချို့သည် ဆရာ့ကျေးဇူးကြောင့်ပင် သာယာနာပျော်ဖွယ် ရှိသော ကလေးကဗျာသီချင်းများ အဖြစ်သို့ ရောက်ရှိခဲ့ရပြန်သည်။
အချုပ်အားဖြင့် ဆိုရသော် အဘ စတင်ရေးသားခဲ့သော ကလေးကဗျာများသည် ကျောက်သွေးဆရာကောင်း လက်ဝယ်သို့ ရောက်ခဲ့ရသော ကျောက်ရိုင်းတုံးကလေးများပမာ ဆရာဦးခင်ဇော် (K) ၏ ကျေးဇူးကြောင့် ပြည်သူများ အကြားဝယ် ခံ့ခံ့ထည်ထည် ဖြစ်ခဲ့ရပါကြောင်း ဆရာ၏ ကျေးဇူးတရားကို ဖော်ကျူးရင်း နိဂုံးချုပ်အပ်ပါသည်။ (ဒလဘန်း)
စာအုပ်တွင်-
"မောင်ခွေးဘို့ / မောင်ခွေးဖို့ / မောင်ထွေးဖို့"၊ သုံးမျိုးရေးသည်။ လက်လှမ်းမီသည့် ဆရာများ ပြင်ဆင်တည့်မတ် ယူတော်မူပါ။
"မောင်ခွေးဘို့" ကိုသာ တပည့် အစောဆုံးမြင်ဖူး၍ ပြန်ရေးတင်ခြင်း /သုံးခြင်း ဖြစ်ပါသည်ဘုရား/ခင်ဗျား။ (ရှေးစာကဗျာများ)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment