ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။
နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။
ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။
လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။
ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။
ယတိ (၂) = ရဟန်း။
မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။
မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။
ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။
စာရေးသားနည်းအကြောင်းထဲမှာ “စပေ့” ခြာတာနဲ့ ပုဒ်ထီးပုဒ်မသာမက များပြားတယ်။ အင်္ဂလိပ်စာရေးနည်းမှာ “ပန်ကျူယေးရှင်း” လို့ ခေါ်တယ်။ မြန်မာစာမှာ အဲလိုစနစ် မရှိသလိုလို ဖြစ်နေတယ်။ တယောက်တမျိုး။ စနစ်တကျရှိသင့်ပြီ။
ကွင်းစကွင်းပိတ်အမျိုးမျိုး၊ ကော်မာအမျိုးမျိုး။ အာမေဋိတ်အမှတ်အသား။ မေးခွန်းအမှန်အသား။ ကိုလုံ၊ ဆီမီကိုလုံ စတာတွေ။
စနစ်မထားသေးတော့ စာရေးတာတချို့ကိုဖတ်ရတာ အတော်ခက်တယ်။ အတော်မှားနေကြတယ်။ နားမလည်။ ဥပမာ “ဖူးလ်စတော့” သုံးနေကြတာမျိုး။ မြန်မာစာမှာ “ဖူးလ်စတော့” မရှိပါ။ “ဖူးလ်စတော့” ရေးပြီး နောက်က စာလုံးကို မခြာဘဲရေးတော့ ကွန်ပြူတာစနစ်က ဝါကျတကြောင်းတည်းအဖြစ် မှတ်ယူတယ်။ မေးခွန်းတွေမှာ အစကနေ အဆုံး ဝါကျတကြောင်းတည်းလာရင် ပြန်ပြင်နေရတာ အလုပ်ကြီးတခု။ အချိန်ကုန်စေတယ်။
ပုဒ်ထီး၊ ပုဒ်မ ချပြီးရင် တကွက်ခြာ။ ပုဒ်ထီး၊ ပုဒ်မ ရှေ့မှာ တကွက်မျှ မခြာရပါ။ အဲလို ပုဒ်ထီးပုဒ်မ သုံးရ၊ မခြာရ၊ ခြာရဆိုတာတွေကို ယတိဘေဒလို့ ခေါ်တယ်။
တချို့ကလည်း ရိုးရိုးစာရေးတာမှာ သီချင်းစာသားရေးသလိုလို တီးလုံးနေရာမျိုး ထည့်ရေးနေကြတယ်။ အစက်အပြောက်တွေကလည်း တခု၊ နှစ်ခု၊ သုံးခု၊ ဆယ်ခု။
တချို့က ရှေးဟောင်းအီဂျစ် အရုပ်စာလို “အီမိုဂျီ” တွေ၊ “စတစ်ကာ” တွေနဲ့။ ဂွကျတယ်။
၁-၂-၃-၄ မရေးကြတော့တာကို ခေတ်မီတယ်လို့ တစက်ကလေးမှ မထင်ပါ။ "2" လို့ရေးတာကို "တူး" လို့သာဖတ်မယ်။
ကလေး 1 ယောက်ရှိတယ် = ကလေးဝမ်းယောက်ရှိတယ်။
ဖျားတာ 2 ရှိပြီ = ဖျားတာတူးရှိပြီ။
ခဲစာလုံးစီပုံနှိပ်တဲ့ စာနယ်ဇင်းခေတ်က အရေးအသားစနစ်တွေ ပျောက်ကုန်ပြီ။ သတင်းခေါင်းစဉ်မှာ ပုဒ်မ စတာမျိုးတွေ မသုံးရ။ အရင်ကလည်း တတ်တဲ့အယ်ဒီတာတွေကသာ တတ်ပါတယ်။
ကဗျာစာရိုက်နည်းကလည်း သီးသန့်ရှိတယ်။ ရတုဆိုရင်လည်း တမျိုး။
ကျွန်တော်ဆိုလိုတာက ဖေ့စ်ဘွတ်အရေးအသားအတွက်တော့ မဟုတ်ပါ။ သတ်ပုံမှားအောင်ပြင်ထုတ်နေကြတဲ့ စာအုပ်တိုက်ကြီးငယ်တွေ။ နာမည်ကြီးအောင်လုပ်ပြီး နာမည်ကြီးစာရေးဆရာဆိုသူတွေနဲ့ ကဗျာဆရာဘွဲ့ ရထားသူတွေ။
ညက အိပ်မက်ထဲမှာ အဲတာတွေကို ရေးနေလိုက်တာ “ချပ်ပတာ” တခု ကျော်တော့ တရေးနိုးလာရော။
ရှေးမူသာမက ခေတ်နဲ့ညီတဲ့ မြန်မာစာ “ပန်ကျူယေးရှင်း” ရေးချင်နေတယ်။ ကျွန်တော့ထက် တတ်တဲ့သူတွေက ရေးကြရင် ကောင်းမှာ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment